News

POST TYPE

FOREIGN AFFAIRS

ကမ္ဘာတစ်လွှား ကလေးနှင့် ဆယ်ကျော်သက်များ အဝလွန်မှု ပျံ့နှံ့
12-Oct-2017

လန်ဒန်၊ အောက်တိုဘာ ၁၁

ကလေးများနှင့် ဆယ်ကျော်သက်များ အဝလွန်မှု အဆင့်သည် လွန်ခဲ့သော နှစ်လေးဆယ်အတွင်း ဆယ်ဆတိုးလာခဲ့ပြီး ကမ္ဘာပေါ်တွင် ကောင်လေးနှင့် ကောင်မလေး ၁၂၄ သန်းခန့်မှာ ဝလွန်းနေကြောင်း သုတေသနအသစ်အရ သိရှိရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အဝလွန်မှု သုတေသနကို နိုင်ငံပေါင်း ၂၀ဝ ကျော်တွင် အကျယ်ပြန့်ဆုံး လေ့လာခဲ့ခြင်းဖြစ်သည်။

ယူကေနိုင်ငံတွင် အသက် ၅ နှစ်နှင့် ၁၉ နှစ်အကြား လူငယ် ၁၀ ဦးလျှင် တစ်ဦးမှာ အဝလွန်နေကြောင်း တွေ့ရှိရသည်။ အဝလွန်သော ကလေးများသည် အဝလွန်သော လူကြီးများ ဖြစ်လာနိုင်ခြေများပြီး ကမ္ဘာပေါ်တွင် အဝလွန်မှုကြောင့်ဖြစ်သော ရောဂါများကို ကုသရသော စရိတ်သည် ၂၀၂၅ မှစ၍ နှစ်စဉ် ဒေါ်လာ ၁၂၀ဝ ဘီလီယံခန့်သို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ အဝလွန်မှုဆိုင်ရာနေ့တွင် ကမ္ဘာ့အဝလွန်မှုဆိုင်ရာ အသင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် သတိပေးထားသည်။

ယူကေအပါအဝင် ဝင်ငွေကောင်းသော ဥရောပ တိုင်းပြည်များတွင် ကလေးများ အဝလွန်မှုနှုန်းမှာ တည်ငြိမ်နေပုံရသော်လည်း ကမ္ဘာအရပ်ရပ်ရှိ အခြား တိုင်းပြည်များတွင် သတိပြုဖွယ် တရိပ်ရိပ် မြင့်တက်နေသည်ဟု လန်ဒန် အင်ပီရီရယ် ကောလိပ်မှ သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောက္ခ မာဂျစ်အက်ဇာတီက ပြောကြားသည်။

ဈေးပေါပြီး အဆီများသော အစားအစာများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်မှုသည် အဝလွန်ခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ပညာရှင်များက ယုံကြည်ကြသည်။

ကလေးများနှင့် ဆယ်ကျော်သက်များ အဝလွန်မှု အရေအတွက်သည် အရှေ့အာရှတွင် အများဆုံး မြင့်တက်ခဲ့ပြီး လက်ရှိနှစ်များအတွင်း တရုတ်နှင့် အိန္ဒိယတွင် ခုန်တက်လာခဲ့သည်။

အဝလွန်မှု အရေအတွက် အများဆုံးမှာ ပိုလီနီးရှားနှင့် မိုက်ကရိုနီးရှားတို့ဖြစ်ပြီး လူငယ်ထု၏ ထက်ဝက်ခန့်မှာ ကိုယ်အလေးချိန် တက်ပြီး ဝဖီးနေကြသည်ဟု သိရှိရသည်။

ကမ္ဘာ့ အဝလွန်မှုနှုန်းသည် ယခုအတိုင်း မြင့်တက်နေပါက မကြာမီအတွင်း ကိုယ်အလေးချိန် လျော့မှုနှုန်းထက် သာလွန်သွားမည်ဟု သုတေသန ပညာရှင်များက ခန့်မှန်းကြသည်။ 

ကမ္ဘာပေါ်တွင် ကိုယ်အလေးချိန် လျော့သည့် ကောင်လေး၊ ကောင်မလေးများ အရေအတွက်သည် ၂၀ဝ၀ ခုနှစ်တွင် အမြင့်ဆုံး ရောက်ခဲ့ပြီးနောက်ပိုင်း ပြန်လည် ကျဆင်းလာခဲ့သည်။

လက်ရှိတွင်မူ ၂၀၁၆ ခုနှစ်က ကိုယ် အလေးချိန် လျော့မှု အရေအတွက်သည် ၁၉၂ သန်းရှိခဲ့ရာ အဝလွန်မှုနှုန်းထက် ကျော်လွန်နေသေးသော်လည်း ပြောင်းလဲသွားမည့်ပုံရှိသည်။

အရှေ့အာရှ၊ လက်တင် အမေရိကနှင့် ကာရစ်ဘီယံဒေသများသည် ဆယ်စုနှစ် အနည်းငယ်အတွင်း ကိုယ်အလေးချိန် လျှော့သည့် အခြေအနေမှ အဝလွန်သည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

၂၀၁၆ တွင် ကမ္ဘာတစ်လွှား ကိုယ်အလေးချိန်များသည့် လူငယ် ၂၁၃ သန်းရှိခဲ့သော်လည်း အဝလွန်မှု သတ်မှတ်မျဉ်း၏ အောက်တွင် ရှိနေသေးသည်။

လန်ဒန် အပူပိုင်းဆိုင်ရာ ဆေးပညာ တက္ကသိုလ်မှ ဒေါက်တာ ဟယ်ရီရပ်တာက “အဝလွန်ခြင်းဟာ ပိုဆိုးလာမယ့် ပြဿနာကြီးပါ။ ပိန်တဲ့လူတွေတောင် လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုပြည့်လာကြတယ်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ကျွန်တော်တို့ ပိုပြီး ပျင်းရိ လေးလံ ထိုင်းမှိုင်းလာလို့ မရပါဘူး”ဟု မှတ်ချက်ပေးသည်။

WHO မှ ဒေါက်တာ ဖီယိုနာဘူးလ်က ကယ်လိုရီများပြီး အာဟာရ တန်ဖိုးနည်းသော အစားအစာများ နှိမ်နင်းရေးကို တင်းကျပ်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ 

အင်္ဂလန် ကျန်းမာရေးဌာနမှ အာဟာရပညာရှင် ဒေါက်တာ အယ်လီဆင် တက်စတုန်းကလည်း “လူတွေကို ဘာလုပ်ပါလို့ ပြောနေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ အသိပညာပေးတာက အရေးကြီးတယ်  ဆိုပေမယ့် ပိုပြီးထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို လိုအပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

F-04


  • VIA