News

POST TYPE

FOREIGN AFFAIRS

၂၀၁၈ နိုဝင်ဘာတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထိုင်းစစ်အစိုးရ ကတိပေး

ဘန်ကောက်၊ အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အခြေခံဥပဒေ ပြောင်းလဲရေးနှင့် လုံခြုံရေး ပြဿနာများကို အကြောင်းပြကာ အကြိမ်ကြိမ် အချိန်ဆွဲ ရွှေ့ဆိုင်းခဲ့သော အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၈ နိုဝင်ဘာလတွင် ကျင်းပပေးမည်ဟု စစ်အစိုးရက ပြောကြားလိုက်ကြောင်း Aljazeera သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲရက် အတိအကျကို ၂၀၁၈ ဇွန်လတွင် ကြေညာမည်ဟု အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဘန်ကောက် အစိုးရ အိမ်တော်တွင် အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ပရာရွတ်က ကတိပေးထားပြီး တစ်နှစ်ကျော် ကြာသွားပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နောက်ဆုံး ရွေးကောက်ပွဲကို ၂၀၁၁ ခုနှစ်က ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပရန်နှင့် အရပ်သား အခွင့်အရေး ပိတ်ပင်မှုများကို ရုပ်သိမ်းရန် အီးယူနှင့် အမေရိကန် ပြည်ထောင်စုတို့က ဖိအားပေးခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်၏အာဏာကို တိုးမြှင့်ပြီး အရပ်ဘက် အစိုးရများ၏ လှုပ်ရှားမှုခွင်ကို ထိန်းချုပ်ထားသည်ဟု ဝေဖန်သူများက သုံးသပ်ထားသည့် အခြေခံ ဥပဒေသစ်ကို မနှစ်က ပြဋ္ဌာန်းရန် စစ်အစိုးရက တွန်းအားပေးခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံသည် ရွေးချယ်တင်မြှောက်ခံ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချခဲ့သော ၂၀ဝ၆ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ခါးခါးသီးသီး သွေးကွဲသွားခဲ့သည်။ အပြန်အလှန် ဆန္ဒပြမှုများဖြင့် မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် ၂၀၁၄ တွင် သက်ဆင်၏ညီမ ဝန်ကြီးချုပ်ယင်းလပ်ကို စစ်တပ်က ထပ်မံဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။

သက်ဆင်ရှင်နာဝပ် နိုင်ငံရေးအုပ်စုသည် တိုင်းပြည်တွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများကို ကြီးပွားတိုးတက်ရေး အခွင့်အလမ်းများနှင့် ကတိကဝတ်များ ဖြည့်ဆည်းပေးခြင်းဖြင့် ထောက်ခံမှုများရရှိကာ ၂၀ဝ၁ နောက်ပိုင်း ရွေးကောက်ပွဲ တိုင်း အနိုင်ရခဲ့သည်။

သို့သော် ရှင်နာဝပ် မိသားစုသည် ထိုင်းစစ်တပ်က ထောက်ခံအားပေးထားသော ဘုရင်စနစ်ထောက်ခံသူ ဘန်ကောက်အီလစ်များနှင့် တောင်ပိုင်းဒေသ မဲဆန္ဒရှင်များ၏ မလိုတမာ ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် သူမအား နိုင်ငံရေးအရ ထိုးနှက်သည်ဟု ယူဆရသော တရားစွဲဆိုမှုကို ရှောင်ရှားရန် ယခင်လက ပြည်ပသို့ တိမ်းရှောင်သွားခဲ့ပြီးနောက် မျက်ကွယ်ထောင်ဒဏ် ငါးနှစ်ချမှတ်ခြင်း ခံခဲ့ရသည်။

F-04