News

POST TYPE

FOREIGN AFFAIRS

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ပထမဆုံးအကြိမ် လာရောက်မည်

ဗာတီကန်စီတီ၊ အောက်တိုဘာ ၁၁

ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စသည် လာမည့်နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရေးကြီးသည့် ထိပ်ပိုင်းခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဗာတီကန်က သတင်းထုတ်ပြန်သည်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စအနေနှင့် သိက္ခာဝါကြီးမားသော ဗုဒ္ဓဘာသာဝင် မဟာထေရ်ကြီးများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့တပ်မတော်မှ ထိပ်ပိုင်း စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ 

နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် ပုပ်ရဟန်းမင်းကြီးအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၌ ဘာသာရေး တရားဟောပြောရန်လည်း စီစဉ်ထားသည်။ 

အဆိုပါ ခရီးစဉ်သည် ပုပ်ရဟန်းမင်းကြီးအတွက် ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်သည်။ 

ဗာတီကန်၏ ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံမည်ဖြစ်သည်။
 
ဗာတီကန်မှ အကြီးတန်း အရာရှိတစ်ဦးက ပုပ်ရဟန်းမင်းကြီးသည် မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံသွားလိမ့်မည်ဟု ယူဆရကြောင်း၊ ထို့ပြင် မြန်မာ့နိုင်ငံရေးသမားများ၊ သံတမန်များနှင့်လည်း အများပြည်သူ ရှေ့မှောက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တို့ ဆက်ဆံရေး အတော်အတန် မပြေမလည်ဖြစ်နေချိန်၊ ဘင်္ဂါလီများကို မျိုးဖြုတ် ရှင်းလင်းလျက်ရှိသည်ဟု မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံ အတော်များများက စွပ်စွဲပြောဆိုနေချိန်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စက နှစ်နိုင်ငံစလုံးသို့ သွားရောက်ခြင်းလည်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင် ၇၀ဝ၀ဝ၀ ခန့်ရှိသော်လည်း မွတ်ဆလင် အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင်မူ အလွန်နည်းပါးသည့် ဦးရေသာရှိသည်။
 
လွန်ခဲ့သည့် ၁၉၈၆ ခုနှစ်က ပုပ် ရဟန်းမင်းကြီး ဂျွန်ပေါလ် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ဖူးရာ ယခုပုပ်ရဟန်းမင်းကြီး ဖရန်စစ္စသည် ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်သော ပုပ်ရဟန်းမင်းကြီးဖြစ်သည်။

F-01