News

POST TYPE

FOREIGN AFFAIRS

အမေရိကန် မီဒီယာများကို ကန့်သတ်နိုင်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

မော်စကို၊ အောက်တိုဘာ ၉

ရုရှားနိုင်ငံတွင်းရှိ အမေရိကန် မီဒီယာ အဖွဲ့အစည်းများ၏ လုပ်ရှားမှုကို ကန့်သတ်နိုင်သည့် အခွင့်အရေးရှိသည် ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ဖိအားပေးဖို့၊ ဆင်ဆာချဖို့၊ နိုင်ငံရေး လွှမ်းမိုးမှု ပုံစံအချို့ ရရှိဖို့အတွက် နိုင်ငံခြား သတင်းထောက်တွေပေါ် ရုရှားဥပဒေ ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုသီးခြားဖြစ်စဉ်တွေ ပေါ်ပေါက်လာပါပြီ”ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ရှခါရိုဗာက ပြောကြားသွားသည်။

အမေရိကန် ပြည်ထောင်စုတွင်း လုပ်ငန်း လည်ပတ်နေသည့် ကရင်မလင် ကျောထောက်နောက်ခံပြု ရုရှား RT သတင်းဌာန ဖိအားပေးခံရခြင်းကို တုံ့ပြန်သည့်အနေနှင့် ယခုကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

၁၉၉၁ ခုနစ် ရုရှားဥပဒေတစ်ခုအရ ရုရှားမီဒီယာတစ်ခု ပြည်ပနိုင်ငံတွင် ကန့်သတ် ပိတ်ပင်ခံရပါက ရုရှားနိုင်ငံတွင်း လည်ပတ်လျက်ရှိသည့် ယင်းနိုင်ငံ၏ မီဒီယာအပေါ်တွင်လည်း အလားတူ ကန့်သတ်မှုမျိုး ချမှတ်နိုင်သည်ဟု ဖော်ပြထားခြင်းကို ပြောရေးဆိုခွင့်ရှိသူ မာရီယာက ကိုးကားသွားသည်။

သို့သော်လည်း မည်သည့် အမေရိကန်မီဒီယာကို ပစ်မှတ်ထားမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း ယင်းမီဒီယာများကို အမေရိကန် နိုင်ငံတော်ပိုင်ဖြစ်စေ၊ ပုဂ္ဂုလိကပိုင်ဖြစ်စေ ရုရှားအမြင်တွင်မူ ခြားနားမှု မရှိကြောင်း ၎င်းက မှတ်ချက်ပြုသွားသည်။

ရုရှားနိုင်ငံတွင်း လုပ်ငန်းလည်ပတ်ခွင့်ကို အမေရိကန်ရုပ်သံ CNN ချိုးဖောက်သည်ဟုဆိုကာ ပြီးခဲ့သည့်လတွင်း CNN ကိုယ်စားလှယ်ကို ရုရှား အာဏာပိုင်များက ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့သော တွေ့ဆုံမှုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း လုပ်ငန်း လုပ်ထုံးလုပ်နည်းနှင့် ဆိုင်သည့်အရေးဖြစ်ကြောင်း နိုင်ငံရေးနှင့်ပတ်သက်ခြင်း မရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံပိုင် ဝါဒဖြန့်ချိရေး ယန္တရားများ ဝင်ရောက်စွက်ဖက်လျက်ရှိသည်ဟု အမေရိကန် ထောက်လှမ်းရေး အရာရှိများက ဇန်နဝါရီလတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားထားသည်။

သို့သော်လည်း ယင်းကဲ့သို့သော ကြားဝင်စွက်ဖက်မှုမျိုး မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် အသရေ ဖျက်နိုင်ရန် ရုရှား လွှမ်းမိုးမှုဆိုသည်ကို အမေရိကန်နိုင်ငံရေး အင်အားစုများက ပုံဖော်နေခြင်းဖြစ်ကြောင်း ရုရှားအရာရှိများက ငြင်းဆိုထားသည်။

F-05