POST TYPE

FOREIGN AFFAIRS

အသင့်စား Hotpot ဘူးများ တင်သွင်းခွင့် မစစ်မှန်ဟုဆိုကာ စင်္ကာပူအာဏာပိုင်ပြန်သိမ်း
10-Oct-2017


စင်္ကာပူစီးတီး၊ အောက်တိုဘာ ၁၀

စင်္ကာပူစားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့က အသားဟင်းလျာ ပါဝင်သော အသင့်စား Hotpot ဘူးများကို ၎င်းတို့ ထောက်ခံချက်ပေးထားခြင်း မရှိဟု ပြောကြားလိုက်ပြီးနောက် ဆိုင်များရှိ အဆိုပါ ထုတ်ကုန်များကို ပြန်လည် သိမ်းဆည်းနေကြောင်း Channel News Asia သတင်းဌာနက အတိအလင်း ဖော်ပြလိုက်သည်။

စိုက်ပျိုးထုတ်ကုန် စားနပ်ရိက္ခာနှင့် မွေးမြူရေး အာဏာပိုင်အဖွဲ့ AVA က ထုတ်ပြန်ထားသည်မှာ Ba Shu တံဆိပ်ကဲ့သို့ အသင့်စား အသားပါဝင်သည့် hotpot ဘူးများကို တင်သွင်းခြင်းအား ၎င်းတို့ ခွင့်ပြုမထားဟူ၍ ဖြစ်ပါသည်။ 

တင်သွင်းသူများကို ဒဏ်ငွေ ဆောင်ခိုင်းထားပြီး ထုတ်ကုန်များကို ပြန်လည် သိမ်းဆည်းထားပြီဖြစ်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့ တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

“AVA က အဆိုပါ ထုတ်ကုန်တွေကို ရောင်းချခွင့် မပြုတဲ့အတွက် အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ AVA အသိအမှတ်ပြု လက်မှတ်ဆိုတာက အတုဖြစ်ပါတယ်”ဟု အဆိုပါ အဖွဲ့အစည်းက 
ထုတ်ပြန်ကြေညာထားသည်။

အသားပါဝင်သော အဆိုပါ Hotpot ဘူးများကို တင်သွင်းသည့် ပုဂ္ဂိုလ်ခြောက်ဦးနှင့် ရောင်းချသည့် ကိုယ်စားလှယ်များကို အရေးယူထားကြောင်း AVA အစားအသောက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က Channel News Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။

အလားတူ ထုတ်ကုန်များကို အချို့သော ဆိုင်ကြီးများတွင် တွေ့ရပြီး အသားစိမ်း မပါသော ဘူးများလည်းရှိသည်ဟု ထိုသတင်းက ဆိုသည်။ 

အသားပါဝင်သော ထုတ်ကုန်များကို AVA ၏ စားသောက်ကုန်ဆိုင်ရာ အန္တရာယ် ကင်းရှင်းကြောင်း စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ခွင့်ပြုချက်ရပြီးမှာသာ တင်သွင်းခွင့်ရမည်ဖြစ်သည်။
အဆိုပါ ထုတ်ကုန်များသည် တိရစ္ဆာန်နှင့် စားသောက်ကုန်တွင် ပါဝင်တတ်သော ရောဂါများကို သယ်ဆောင်နိုင်သည်ဟု AVA က ဆိုထားသည်။ 

ခွင့်ပြုမထားသော အရင်းအမြစ်များထံမှ အစားအသောက်များကို ဝယ်ယူတင်သွင်းသူများသည် စင်္ကာပူဒေါ်လာ ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၂ နှစ်ကို ပထမအဆင့် အပြစ်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ကျူးလွန်ပါက ဒဏ်ငွေ စင်္ကာပူဒေါ်လာ တစ်သိန်းနှင့် ထောင်ဒဏ် ၃ နှစ်တို့ကို သီးခြားစီဖြစ်စေ တစ်ပေါင်းတည်းဖြစ်စေ ကျခံရနိုင်ပါသည်။ 

စားသုံးသူများအနေဖြင့် အစားအသောက်များကို ဂုဏ်သတင်း ကောင်းမွန်သော လုပ်ငန်းများထံမှသာ ဝယ်ယူရန် တိုက်တွန်းထားသည်။

F-02

  • VIA