News

POST TYPE

FOREIGN AFFAIRS

Daca Dreamers များအတွက် ဒေါ်နယ်ထရမ့် စည်းကမ်းသစ်များ ထုတ်ပြန်
09-Oct-2017 tagged as ဒေါ်နယ်ထရမ့်


နယူးယောက်၊ အောက်တိုဘာ ၉

လူဝင်မှု အထောက်အထား မရှိသည့် လူငယ်များနှင့်ပတ်သက်သော အစီအစဉ် သစ်မှန်သမျှတွင် ထည့်သွင်းရမည်ဟု ဒေါ်နယ်ထရမ့်က ချမှတ်ထားသော နယ်စပ်ခြံစည်းရိုး ရန်ပုံငွေ အပါအဝင် စည်းကမ်းချက် အသစ်များကို အိမ်ဖြူတော် က ထုတ်ပြန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် နေရပ်ပြန်ပို့မှုများကို အရှိန်မြှင့်ရန်နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိသစ် ထောင်ဂဏန်း ခန့်အပ်ရန် ထရမ့်က တောင်းဆိုထားသည်။

ရွှေ့ပြောင်းနေထိုင်သူ ၈၀ဝ,ဝ၀ဝ နီးပါးကို အကာအကွယ် ပေးထားသည့် Daca (ငယ်ရွယ်စဉ် ရောက်ရှိလာသူများအား အရေးယူမှု ဆိုင်းငံ့ပေးခြင်း) အစီအစဉ်ကို ထရမ့်က ယခင်လက အဆုံးသတ်ခဲ့သည်။

ယခု အစီအစဉ်သစ်ကို လွှတ်တော်တွင်းမှ ဒီမိုကရက်များက ချက်ချင်းပင် ပယ်ချခဲ့ကြသည်။ အိမ်ဖြူတော်က ထုတ်ပြန်သော အစီအစဉ်သစ်တွင် မက္ကဆီကို နယ်စပ်၌ တံတိုင်းဆောက်ရန်၊ လူဝင်မှုအရာရှိ ၁၀,ဝ၀ဝ နှင့် ရှေ့နေ ၁၀ဝ၀ ခန့်အပ်ရန်၊ လူဝင်မှုရေးရာ တရားသူကြီး ၃၇၀ နှင့် ဖက်ဒရယ် အမှုလိုက်အရာရှိ ၃၀ဝ ထပ်မံ ခန့်အပ်ရန်၊ ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များအား အမေရိကန်သို့ ခေါ်ယူခြင်းကို ပိတ်ပင်ရန်၊ တရားမဝင် နေထိုင်သူများအား အလုပ်အကိုင်ပေးမှုကို ထိန်းကွပ်ရန် ကုမ္ပဏီများတွင် အီလက်ထရောနစ် စစ်ဆေးမှု အစီအစဉ် အသုံးပြုရန် စသည်တို့ ပါဝင်သည်။

Daca အစီအစဉ် ခံစားခွင့်ရှိသူများအား ခွင့်ပြုလိုက်လျောမှု မှန်သမျှ၏ အကျိုးဆက်များကို လျော့ပါးစေရန် ထိုအချက်များကို မရှိမဖြစ် လိုအပ်သည်ဟု သမ္မတထရမ့်၏ ဥပဒေရေးရာ ဒါရိုက်တာ မတ်ခ်ရှော့က ပြောကြားသည်။

Daca အစီအစဉ်ကို သမ္မတ အိုဘားမား လက်ထက် ၂၀၁၂ တွင် စတင်ခဲ့ပြီး လူဝင်မှု အထောက်အထား မရှိသော လူငယ်များကို အရေးယူမှု ဆိုင်းငံ့ပေးကာ အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့် ပေးခဲ့ရာ တရားမဝင် နေထိုင်သူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အစီအစဉ်ဟု ဝေဖန်သူများက မှတ်ချက်ပေးခဲ့ကြသည်။

ယခု ထရမ့်ချပြသည့် အဆိုပြုချက်များကို ဒီမိုကရက်အမတ်များက ပယ်ချထားသည်။ 

“Daca အစီအစဉ် ခံစားခွင့်ရှိသူတွေ၊ ရွှေ့ပြောင်း နေထိုင်သူ အသိုင်းအဝိုင်းတွေနဲ့ အမေရိကန် အများစုကို ထိခိုက်စေတဲ့ အစီအစဉ်နဲ့ အလုပ်ကို စတင်မယ်ဆိုရင်လည်း ဒီလူငယ်တွေကို လိုက်လျောကူညီပေးရတာကို အစိုးရအနေနဲ့ အလေးအနက် ဖြစ်မနေသင့်ပါဘူး။ ဒီအစီအစဉ်စာရင်းမှာ ညှိနှိုင်းမှုတွေကို ရှင်းရှင်းလင်းလင်း ဖယ်ထုတ်ထားတဲ့ တံတိုင်းကိစ္စ ပါဝင်နေပါတယ်။ တကယ်လို့ သမ္မတကြီးအနေနဲ့ ဒီလူငယ်တွေကို ကာကွယ်ပေးဖို့အတွက် အလေးအနက် ဖြစ်နေတယ်ဆိုရင်လည်း သူ့ဝန်ထမ်းတွေကတော့ ဒီလို စေတနာကောင်းကောင်းနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး”ဟု အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီပီလိုဆီနှင့် အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ချပ်ခ်ရှူမာတို့က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် Daca အစီအစဉ် ခံစားခွင့်ရှိသူ အများစုမှာ မက္ကဆီကိုနှင့် လက်တင်အမေရိက နိုင်ငံများမှ ရွှေ့ပြောင်း ဝင်ရောက်လာသော လူငယ်များဖြစ်သည်။

F-04