POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားအရေးတွင် တစ်ခုမဟုတ်တစ်ခု အလုပ်ဖြစ်နိုင်ကြောင်း သမ္မတထရမ့် ပြောကြား

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၈

ပြုံယမ်းနှင့် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီး ရလဒ်မထွက်ခဲ့သော်လည်း တစ်ခု မဟုတ် တစ်ခု အလုပ်ဖြစ်လိမ့်မည်ဟု သမ္မတထရမ့်က သတိပေးပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“အမေရိကန် သမ္မတတွေနဲ့ အစိုးရတွေဟာ မြောက်ကိုရီးယားနဲ့ ၂၅ နှစ်လောက် ဆွေးနွေးခဲ့ကြပါတယ်။ အလုပ် မဖြစ်ခဲ့ပါဘူး”ဟု ထရမ့်က Twitter တွင် ရေးသားထားသည်။

၎င်းနှစ်နိုင်ငံသည် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုများကြောင့် ဆက်ဆံရေး တင်းမာနေပြီး ဝါရှင်တန်က ပြုံယမ်းကို ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းရန် ဖိအားပေးလျက်ရှိသည်။

ပြုံယမ်းသည် တာဝေးပစ် ဒုံးကျည်ပေါ်တွင် တပ်ဆင်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးကို မကြာသေးမီက အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း ကြေညာထားသည်။

သမ္မတထရမ့်ကလည်း အမေရိကန် အကျိုးစီးပွားနှင့် ဒေသတွင်း မဟာမိတ်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြောက်ကိုရီးယားနှင့် တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်း ထူထောင်ထားပြီဟု ယခင်အပတ်က ပြောကြားခဲ့သည်။

ထရမ့်က “ခွန်အားတွေ ချွေတာပါ ရက်စ်ရေ။ လုပ်စရာရှိတာ လုပ်ကြတာပေါ့” ဟု Twitter တွင် မှတ်ချက်ပေးထားသည်။

သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးအကြား သဘောကွဲလွဲမှု ရှိနေသည်ဟု ကောလာဟလများ ထွက်လာခဲ့ခြင်းကို ယခုသီတင်းပတ် အစောပိုင်းတွင် ရက်စ် တေလာဆန်က ငြင်းဆန်ထားသည်။ 

သမ္မတထရမ့်ကလည်း နိုင်ငံခြားရေးဝန်ကြီးနှင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

ထရမ့်၏ နောက်ဆုံး မှတ်ချက်ပေးမှုသည် ခြောက်လုံး လှန့်လုံး ဖြစ်ဖွယ်ရှိသော်လည်း ပြုံယမ်းကမူ ရန်စမှုအဖြစ် ရှုမြင်လိမ့်မည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

ယခင်လက ကုလညီလာခံတွင် ထရမ့်က ကင်ဂျုံအန်းသည် အသေခံ မစ်ရှင်ကို လုပ်ဆောင်နေကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ပြီးဖြစ်သည်။ 

ခေါင်းဆောင်လေးကင်ကလည်း “စိတ်ဖောက်နေသော အမေရိကန် သက်ကျားအိုကို ဒုံးကျည်ဖြင့် ပစ်ခတ်ချိုးနှိမ်ရန် ဆုံးဖြတ်ထားသည်”ဟု ရှားရှားပါးပါး တုံ့ပြန် ပြောဆိုခဲ့သည်။ 

F-04