POST TYPE

FOREIGN AFFAIRS

ဗြိတိန်ဝန်ကြီးချုပ် မေက နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ကို ရာထူးချမည့် အရိပ်အယောင်ပြ

လန်ဒန်၊ အောက်တိုဘာ ၈

ယခုတစ်ပတ်အတွင်း ပါတီတွင်း ပုန်ကုန်မှုနှင့် ရင်ဆိုင်နေရသော ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကို ရာထူးချဖွယ်ရှိကြောင်း အင်တာဗျူးတစ်ခုတွင် အရိပ်အမြွက် ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

ဂျွန်ဆင်က မေအပေါ် သစ္စာရှိသွားမည်ဟု ပြောထားသော်လည်း ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး (ဘရိတ်ဇစ်)နှင့်ပတ်သက်ပြီး သူ၏သီးခြားအမြင်ကို ဖော်ပြခဲ့ခြင်းဖြင့် မေကို ပွင့်ပွင့်လင်းလင်း ဖီဆန်ရာ ရောက်နေသည်ဟု မေ၏ မဟာမိတ်အချို့က စွပ်စွဲထားသည်။

ထိုအချိန်တွင် ဂျွန်ဆင်ကို မည်သို့ကိုင်တွယ်မည် ဆိုခြင်းနှင့်ပတ်သက်ပြီး Sunday Times (ယခင် လန်ဒန်တိုင်းမ် သတင်းစာ၏ တနင်္ဂနွေ အထူးထုတ်) သတင်းစာက မေကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်မပုံစံက စိန်ခေါ်မှုတွေကို ဘယ်တော့မှ ဖုံးကွယ်ထားလေ့ မရှိပါဘူး။ အခုလည်း အဲဒီလို ဖုံးကွယ်သွားမှာ မဟုတ်ပါဘူး”ဟု မေက တုံ့ပြန်ခဲ့ပြီး အစိုးရအဖွဲ့ အတွင်းဝန်ကြီးသစ်များ ခန့်အပ်ရန်နှင့် သူ့ကို ပြဿနာရှာသူများကို ဖယ်ရှားရန် ပြင်ဆင်ထားကြောင်း အရိပ်အမြွက် ပြောသွားခဲ့သည်။

“ကျွန်မက ဝန်ကြီးချုပ်ပါ။ ကျွန်မ အစိုးရအဖွဲ့ထဲမှာ အမြဲတမ်း အကောင်းဆုံး လူတွေရှိနေအောင် လုပ်ဖို့ လိုပါတယ်။ ပါတီထဲက အရည်အချင်း အရှိဆုံးသူတွေကို အသုံးချဖို့ပေါ့”ဟု မေက မှတ်ချက်ပေးခဲ့သည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး မေ၏ ဝန်ကြီးချုပ်ရုံးကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး Sunday Times သတင်းစာပါ သတင်းကို မကြည့်ရသေးဟု တုံ့ပြန်ခဲ့သည်။

မေသည် ပြီးခဲ့သည့် ဇွန်လအတွင်း ရွေးကောက်ပွဲ စောခေါ်ကာ လွှတ်တော်တွင်း ပါတီဝင် အမတ်အင်အား ပိုကောင်းစေရန် ကြိုးပမ်းခဲ့သော်လည်း ပြောင်းပြန်ရလဒ်ထွက်ကာ မူလရှိရင်းစွဲ အင်အားအချို့ကိုပင် ဆုံးရှုံးခဲ့ရသောကြောင့် ကွန်ဆာဗေးတစ် ပါတီအပေါ် မေ၏ဩဇာမှာ ကျဆင်းလာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်မှာ ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာ ဆက်ခံရန် အလားအလာရှိသူ တစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသည်။ ပြီးခဲ့သည့်လအတွင်း ဂျွန်ဆင်က ဘရိတ်ဇစ်နှင့်ပတ်သက်ပြီး သူ၏ မျှော်မှန်းချက်များအကြောင်း သတင်းစာ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ ဝန်ကြီးချုပ်မေက ဘရိတ်ဇစ်နှင့်ပတ်သက်သည့် မူဝါဒမိန့်ခွန်း မပြောမီ ရက်ပိုင်းအလိုတွင် ဂျွန်ဆင်က ယင်းသို့ ကွဲပြားသောအမြင်ကို ဦးစွာ ထုတ်ဖော်ခဲ့ခြင်းဖြစ်ရာ ဝန်ကြီးချုပ်ကို ကျော်သည့်လုပ်ရပ်အဖြစ် အများက ရှုမြင်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း မေကို ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာနှင့် ဝန်ကြီးချုပ်နေရာမှ ဖြုတ်ချရေး ပါတီတွင်း ဆော်ဩလှုံ့ဆော်မှုများ ရှိနေသည်။ ပါတီ သဘာပတိဟောင်း ဂရန့်ရှက်ပ် ဦးဆောင်သော အဆိုပါ လှုပ်ရှားမှုမှာ ပါတီဝင်အမတ် ၃၀ ၏ ထောက်ခံမှုသာ ရရှိခဲ့သောကြောင့် တရားဝင် စိန်ခေါ်နိုင်ခဲ့ခြင်း မရှိပေ။ ပါတီသဘာပတိမှာ ပါတီ၏ မဲဆွယ် လှုပ်ရှားမှုများနှင့် ပါတီရေးရာများကို ကြီးကြပ်ရသူဖြစ်ပြီး ပါတီခေါင်းဆောင်မှာ နိုင်ငံရေးအရ ပါတီကို ဦးဆောင်ရသူဖြစ်သည်။ ခေါင်းဆောင်သည် ပါတီအနိုင်ရပါက ဝန်ကြီးချုပ်နေရာ တာဝန်ယူရသူ ဖြစ်သလို အတိုက်အခံဖြစ်ပါကလည်း နောက်ယောင်ခံ အစိုးရအဖွဲ့ကို ဦးဆောင်ရသူဖြစ်သည်။           

F-03