News

POST TYPE

FOREIGN AFFAIRS

စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ၄၁ မှုအထိ ဖြစ်ပွား
28-Aug-2016
စင်ကာပူစီးတီး၊ သြဂုတ်၂၈

စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ၄၁ မှုအထိ ဖြစ်သွားပြီဟု စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားသည်။

ကူးစက်ခံရသူ ၃၄ ဦးကို ရောဂါ ကင်းစင်အောင် ကုသ ပေးလိုက်နိုင်ပြီ ဖြစ်သော်လည်း ခုနစ် ဦးမှာကား ပြုစု စောင့်ရှောက်မှု ခံရဆဲဖြစ်သည်။

ရောဂါ ရရှိသူများမှာ အယ်ဂျွန်နီ ခရီဆန့် ဒေသနှင့် ဆင်စ်ဒရိုက်ဗ် ဒေသတို့မှ ဒေသခံများနှင့် အလုပ်သမားများ ဖြစ်ကြသည်ဟု အာဏာပိုင်များက ဆိုသည်။

ဇီကာဗိုင်းရပ်စ် ကူးစက် ခံရသူများထဲမှ ၃၆ ဦးမှာ နိုင်ငံခြား လုပ်သားများ ဖြစ်ကြပြီး ဆင်စ်ဒရိုက်ဗ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ ဖြစ်ကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကူးစက် ခံရသူများထဲမှ သုံးဦးသာ စင်ကာပူနိုင်ငံသား ဖြစ်ပြီး အသက် ၃ဝ မှ ၆၅ နှစ်ကြား အမျိုးသားများ ဖြစ်ကြသည်။

ပြည်ပမှ ကူးစက် ဝင်ရောက်လာခြင်း မဟုတ်ဘဲ ပြည်တွင်းတွင်သာ ကူးစက် ပျံ့နှံ့နေသော ဖြစ်စဉ်အဖြစ် မလေးရှား အမျိုးသမီးတွင် ဇီကာဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိရခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် အသက် ၄၇ နှစ်အရွယ်ဖြစ်ပြီး အယ်ဂျွန်နီခရီဆန့် ဒေသတွင် နေထိုင်သူ ဖြစ်သည်။

“ဇီကာဗိုင်းရပ်စ်ဟာ အေးဒိစ်ခြင် အမျိုးအစားကနေ ပျံ့နှံ့တာ ဖြစ်ပြီး တခြား ဘယ်နေရာတွေကို ပျံ့နှံ့နေတယ် ဆိုတာကို ကျန်းမာရေး ဝန်ကြီးဌာနက အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး”ဟု ယင်းထုတ်ပြန်ချက်က သတိပေးထားသည်။

ဇီကာဗိုင်းရပ်စ်သည် လက်တင် အမေရိက ဒေသတွင် ခြင်မှတစ်ဆင့် ကူးစက်မှုကြောင့် နိုင်ငံတော်အဆင့် အရေးယူ ကိုင်တွယ်နေရသည့် ဝေဒနာ ဖြစ်ကာ အရှေ့တောင်အာရှ နိုင်ငံများသို့လည်း အထက်ပါအတိုင်း ရောက်ရှိလာခြင်းဖြစ်သည်။

ဇီကာဗိုင်းရပ်စ်သည် လူ၏အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း ကိုယ်ဝန်ဆောင် မိခင်များ အကိုက်ခံရပါက ကလေးငယ်သို့ ရောဂါ ကူးစက်နိုင်ပြီး ဦးနှောက် ဖွံ့ဖြိုးမှု ထိခိုက်တတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။


  • VIA