News

POST TYPE

FOREIGN AFFAIRS

စပိန်ကို အာခံ၍ လွတ်လပ်ရေးထုတ်ပြန်ရန် ကတ်တလန် ခွဲထွက်ရေးဝါဒီများ ပြင်ဆင်
08-Oct-2017 tagged as စပိန်


ဘာစီလိုနာ၊ အောက်တိုဘာ ၇

စပိန် ဗဟိုအစိုးရအဖွဲ့၏ စီးပွားရေး ဖိအားနှင့် တရားရုံးအမိန့်တို့ကို အာခံပြီး လာမည့် ရက်သတ္တတစ်ပတ်အတွင်း လွတ်လပ်ရေး တစ်ဖက်သတ် ထုတ်ပြန်ရန် ကတ်တလန်ခွဲထွက်ရေး ဝါဒီများက ပြင်ဆင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လွတ်လပ်ရေး ထုတ်ပြန်မှုကို အတည်ပြုပေးမည်ဟု မျှော်လင့်ရသည့် ကတ်တလန်ဒေသဆိုင်ရာ ပါလီမန် အစည်းအဝေးကို စပိန်အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆိုင်းငံ့လိုက်ပြီးနောက်တွင် လွတ်လပ်ရေး လိုလားသည့်ခေါင်းဆောင် ကားလတ်ပူဒီမောက် မိန့်ခွန်းပြောကြားလိမ့်မည်ဟု ပါလီမန်က ထုတ်ပြန်လိုက်သည်။

ထို့ အပြင် လွတ်လပ်ရေး ထုတ်ပြန်မှု ဆွေးနွေးရေးကို အင်္ဂါနေ့တွင် ကတ်တလန် ပါလီမန်သို့ တင်သွင်းသွားမည်ဟု ကတ်တလန် ဥပဒေပြု အမတ်တစ်ဦးက El Mundo သတင်းစာသို့ ပြောကြားသွားသည်။

လွတ်လပ်ရေးယူရေး ဆုံးဖြတ်ချက်ကို ကတ်တလန်ပါလီမန် အတည်ပြုပေးလိမ့်မည်ဟု ကတ်တလန်ဒေသ၏ နိုင်ငံခြား ဆက်ဆံရေး အကြီးအကဲ ရောရိုမီဗာက ပြောကြားသွားသော်လည်း မည်သည့်အချိန်တွင် ထုတ်ပြန်မည်ကို အသေးစိတ် ပြောကြားခြင်းမရှိပေ။

တစ်ချိန်တည်းတွင် ခွဲထွက်ရေးဝါဒီများကို အကြမ်းဖက် ဖြိုခွင်းခဲ့မိသည့်အတွက် တောင်းပန်သည်ဟု စပိန်ဗဟိုအစိုးရက ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လိုက်သည်။

သို့သော်လည်း အခြားတစ်ဖက်တွင်လည်း စပိန်နိုင်ငံတွင်းရှိ လုပ်ငန်းများ နိုင်ငံအတွင်း အလွယ်တကူ ပြောင်းရွှေ့နိုင်သည့်ဥပဒေ အတည်ပြုလိုက်ခြင်းဖြင့် ကာတာလိုးနီးယားဒေသအပေါ် စပိန် ဗဟို အစိုးရက စီးပွားရေးအရ ဖိအားပေးလျက် ရှိသည်။

ကာတာလိုးနီးယားနယ်သည် စပိန်နိုင်ငံတော်ကို အခွန် အမြောက်အမြား ပေးဆောင်လျက်ရှိသည့် ဒေသဖြစ်သလို ဗောက်ဝက်ဂွန်မှသည် AstraZeneca ဆေးဝါးလုပ်ငန်းကဲ့သို့သော အပြည်ပြည် ဆိုင်ရာလုပ်ငန်းကြီးများ အခြေချရာနေရာ ဖြစ်သဖြင့် စီးပွားရေးအရ အရေးပါသည့် ဒေသဖြစ်သည်။

F-05