News

POST TYPE

FOREIGN AFFAIRS

ဆူဒန်အပေါ် နှစ်ပေါင်းနှစ်ဆယ်ကျော် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် ရုပ်သိမ်း

ချက်တွန်၊ အောက်တိုဘာ ၇

ဆူဒန်နိုင်ငံအပေါ် နှစ်ပေါင်း နှစ်ဆယ်ကျော် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးလိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆူဒန်သည် အကြမ်းဖက်ဝါဒ နှိမ်နင်းရေးနှင့် လူ့အခွင့်အရေး ကိစ္စများတွင် တိုးတက်ပြောင်းလဲမှု ရှိလာသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။ ပိတ်ဆို့မှု ရုပ်သိမ်းသည့် လုပ်ငန်းစဉ်ကို ယခုနှစ်အစောပိုင်း သမ္မတအိုဘားမား လက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဆူဒန်သည် အကြမ်းဖက်မှုကို ပံ့ပိုးအားပေးသော နိုင်ငံများ စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။ ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားသည်လည်း စစ်ရာဇဝတ်မှုများကြောင့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက အလိုရှိသော စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

ယခုကဲ့သို့ sanctions များ ရုပ်သိမ်းမှုကို လူ့အခွင့်အရေး အုပ်စုများက ကန့်ကွက်ထားကြသည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်လ်သာနောရတ်က ဆူဒန်တွင် တိုးတက်မှုများ ရှိလာအောင် ၁၆ လကြာ သံတမန်ရေး အားထုတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာကြောင်း၊ ဆူဒန်၏ အဆက်မပြတ် အပြုသဘော တိုးတက်မှုကို အသိအမှတ်ပြုသော်လည်း နောက်ထပ်တိုးတက်မှုများ လိုအပ်နေသေးကြောင်း ထုတ်ပြန်ပြောကြားသည်။

ဆူဒန်အပေါ် အရေးယူ ပိတ်ဆို့မှုများကို ၁၉၉၇ တွင် တစ်ကြိမ်၊ ၂၀ဝ၆ တွင် တစ်ကြိမ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသို့ ဆူဒန် နိုင်ငံသားများ လာရောက်ခွင့် ပိတ်ပင်ခံထား ရခြင်းကိုလည်း ယခင်လက ရုပ်သိမ်းခဲ့သည်။

Human Rights Watch မှ အန် ဒရူးပရာဆိုက ဆူဒန်သည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုးတက်မှု အနည်းငယ်သာ ရှိသောကြောင့် sanctions များရုပ်သိမ်းပေးခြင်းသည် မှားယွင်းသည်ဟု သုံးသပ် ပြောကြားသည်။

ဗြိတိန်အခြေစိုက် Waging Peace အုပ်စုမှ မက်ဒီခရိုသာက ဝါရှင်တန်သည် အရပ်သားများ ဘေးကင်း လုံခြုံရေးထက် ဆူဒန်၏ စစ်ဘက်ရမ်းကားမှုများ အပေါ်တွင် လွဲမှားစွာ အာရုံစိုက်နေသည်ဟု မှတ်ချက်ပေးသည်။

ယခုကဲ့သို့ sanctions များ ရုပ်သိမ်းမှုသည် ဆူဒန်အာဏာရ အမျိုးသား ကွန်ဂရက်ပါတီအတွက် အောင်ပွဲဖြစ်ကြောင်း အချို့က ချီးမွမ်းနေကြသော်လည်း သာမန် ဆူဒန်ပြည်သူများ မည်မျှ အကျိုး ဖြစ်ထွန်းမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

F-04