POST TYPE

FOREIGN AFFAIRS

အီရန်အပေါ် အရေးယူရေး အချက်များ အမေရိကန်သမ္မတ ထုတ်ပြန်မည်

ဝါရှင်တန်၊ အောက်တိုဘာ ၇

ဒုံးပျံစမ်းသပ်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဆိုက်ဘာစစ်ဆင်ရေးများကို ထောက်ပံ့ခြင်း စသည်တို့ကို အီရန် လုပ်ဆောင်ခြင်းကြောင့် အီရန်အပေါ် အရေးယူသည့် လုပ်ဆောင်ချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“သမ္မတက ဒီအရေး (နျူကလီးယားအရေး) တစ်ခုတည်းကိုပဲ ကွက်ပြီး မကြည့်ပါဘူး။ အီရန် လုပ်ဆောင်နေတဲ့ မကောင်းတဲ့ အပြုအမှု အားလုံးကို သုံးသပ်ကြည့်ပါတယ်”ဟု အိမ်ဖြူတော် သတင်းစာ ရှင်းလင်းရေး တာဝန်ရှိသူ ဟတ်ကဘယ်ဆန်းဒါးက ပြောကြားသွားသည်။

ယင်းအရေးများ အားလုံးကို လွှမ်းခြုံနိုင်မည့် ကျယ်ပြန့်သည့် မဟာဗျူဟာကို ထရမ့် သုံးသပ်လျက်ရှိပြီး လာမည့်ရက်များအတွင်း ထုတ်ပြန်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

ထို့အပြင် အီရန် နျူကလီးယား အစီအစဉ် ကန့်သတ်ရေး ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပယ်ဖျက်သွားနိုင်သည် ဟုလည်း အုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အတိုင်း အီရန် လိုက်နာလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင်အေဂျင်စီက ထုတ်ပြန်ထားသဖြင့် အီရန်နိုင်ငံ၏ မည်သည့် နျူကလီးယား အစီအစဉ်ကို ဆန်းဒါး ရည်ညွန်းကြောင်း ရှင်းလင်းစွာ မသိပေ။

“မုန်တိုင်းမလာခင် ငြိမ်သက်နေတာပါ”ဟု ကမ္ဘာအရပ်ရပ်ရှိ စစ်ခေါင်းဆောင်များနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံရာ၌ ထရမ့် ပြောကြားသွားသော်လည်း ယင်းကဲ့သို့ ပြောကြားချက် အဓိပ္ပာယ်ကို ထရမ့်က ရှင်းလင်းခြင်း မရှိပေ။

အီရန်အရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထရမ့် မိန့်ခွန်းပြောကြားမည်ဟု အကြမ်းဖျင်း သုံးသပ်ထားသော်လည်း အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးပေ။

ဒုံးပျံစမ်းသပ်ခြင်း၊ ဆိုက်ဘာ တိုက်ခိုက်မှု လုပ်ဆောင်ခြင်း၊ ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စု အပါအဝင် အကြမ်းဖက်မှုဟု အမေရိကန် သတ်မှတ်ထားသည့် နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း စသည်တို့အတွက် အီရန်အပေါ် အကန့်အသတ်ဖြင့် အရေးယူနိုင်သည်ဟုလည်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။

အီရန်နိုင်ငံ၏ အာဏာအပြင်းဆုံးသော လုံခြုံရေးအဖွဲ့ဖြစ်သည့် အစ္စလာမ္မစ် တော်လှမ်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းတွင် ထည့်သွင်းရန် ယခုနှစ် အစောပိုင်းတွင် သုံးသပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆိုင်းငံ့ထားသည်။

F-05