News

POST TYPE

FOREIGN AFFAIRS

အီတလီ ငလျင်ကြောင့် သေဆုံးသူများအတွက် လွမ်းဆွတ်အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်
27-Aug-2016

ရောမ၊ သြဂုတ် ၂၇

အီတလီနိုင်ငံ အလယ်ပိုင်း ဒေသတွင် အင်္ဂါနေ့က လှုပ်ခတ်သွားခဲ့သော မြေငလျင်ကြောင့် သေဆုံးသွားသူ ၃ဝဝ နီးပါးခန့်အတွက် ဝမ်းနည်း ပူဆွေးဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားကို စနေနေ့က ယင်းငလျင်ဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသည့် အက်စ်ကို လီပီဆန်နိုပြည်နယ် အာကာတာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

လွမ်းဆွတ်အောက်မေ့ဖွယ် အခမ်းအနားကို အမျိုးသားအဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး အီတလီဝန်ကြီးချုပ် မက်သီယိုရန်ဇီ ကိုယ်တိုင် တက်ရောက်ခဲ့သည်။ 

နိုင်ငံတစ်ဝန်းတွင်လည်း သေဆုံးသွားသူများအတွက် ရည်ရွယ်ကာ ပန်းစည်းနှင့် ပန်းခြင်းများ ချခြင်း၊ အလံများကို တစ်ဝက်ခန့် လွှင့်ထူခြင်းများ ပြုလုပ်ခဲ့ကြသည်။

အီတလီ မြေငလျင် လှုပ်ခတ်ခဲ့ပြီး နောက် ၄ ရက်ခန့် ကြာမြင့်သွားသော်လည်း ပြိုကျ ပျက်စီးသွားသည့် အဆောက်အအုံများအကြား ပိတ်မိနေကာ အသက်ရှင်လျက် ကျန်ရှိနေသေးသည်ဟု ယူဆရသူများကို ဆက်လက် ရှာဖွေဆဲ ဖြစ်သည်။ 

မြေငလျင် လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆ဝ ကျော်ခန့် ရှိမည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆောက်အအုံများ ပိကာ သေဆုံးခဲ့သူ ရုပ်အလောင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ရာ ယခုဆိုလျှင် စုစုပေါင်း ၃ဝဝ နီးပါးခန့် ရှိသွားပြီ ဖြစ်သည်။ 

ငလျင်ကြောင့် သေဆုံးသူ အများစုမှာ အီတလီ လူမျိုးများ ဖြစ်ကြသော်လည်း နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု အာဏာပိုင်များက ဆိုသည်။ 

ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ငလျင်ဒဏ် ခံခဲ့ရသည့် အာမာ ထရိုက်ခရိုင်မြို့ ရှိရာသို့ သွားသည့်လမ်းတွင် တံတားတစ်စင်း ဆိုးရွားစွာ ပျက်စီးသွားသောကြောင့် နှောင့်နှေးမှု များစွာ ရှိခဲ့သည်ဟု ကယ်ဆယ်ရေး အဖွဲ့က ဆိုသည်။ 

“အဲဒီ တံတားကြီး လုံးဝ ပြိုကျ မသွားဘူးလို့ပဲ မျှော်လင့်ရပါတယ်”ဟု အာမာ ထရိုက်မြို့တော်ဝန် ဆာဂျီယိုပီရိုဇီက ပြောကြားသည်။ 

အီတလီ အဆိုပါ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ စနေနေ့ နံနက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ အင်အား ၄ ရစ်ခ်ျတာစကေးခန့် ရှိကြောင်း အီတလီ သတင်းဌာနများက ဖော်ပြသည်။

  • VIA