News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယားနယ်စပ်ရှိ IS များကို ထိုးစစ်ဆင်မည်ဟု လက်ဘနွန်စစ်တပ်နှင့် ဟစ်ဇဘိုလာ ထုတ်ပြန်
20-Aug-2017

ဘေရွတ်၊ သြဂုတ် ၁၉

ဆီးရီးယားနယ်စပ်တွင် ရှိသည့် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ကို ထိုးစစ်ဆင်မည်ဟု လက်ဘနွန်စစ်တပ်က ထုတ်ပြန်လိုက်သလို ဆီးရီးယားဘက်ခြမ်းမှနေ၍ IS များကို တိုက်ခိုက်မည်ဟုလည်း ဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့က တစ်ပြိုင်တည်း ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

IS အဖွဲ့ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အကြီးမားဆုံးသော နယ်ခြားနယ်မြေ ဖြစ်သည့် ရက်ဘယ်ဘတ်မြို့ရှိ IS ပစ်မှတ်များကို လက်ဘနွန်စစ်တပ်က ဒုံးကျည်များ၊ အမြောက်ကြီးများ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း လုံခြုံရေးရင်းမြစ်များက ပြောကြားထားသည်။

အလားတူ ရက်ဘယ်ဘတ်မြို့နှင့် မျက်နှာချင်းဆိုင် ဆီးရီးယား နယ်ခြားနယ်မြေ ကွာလာမောင့် အနောက်ခြမ်းဒေသတွင် စစ်ဆင်ရေး ပြုလုပ်မည်ဟုလည်း ဟစ်ဇဘိုလာစစ်သွေးကြွအုပ်စုနှင့် ဆီးရီးယားစစ်တပ်က ထုတ်ပြန်ထားသည်။

တိုင်းပြည်၏ နယ်စပ်ဒေသမှ အကြမ်းဖက်သမားများအား ဖယ်ရှားရေး ဆိုသည့် ကတိကို ဆီးရီးယားစစ်တပ်နှင့်အတူ လက်တွဲပြီး အကောင်အထည်ဖော်လျက် ရှိသည်ဟု ဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စုက ထုတ်ပြန်ထားသော်လည်း လက်ဘနွန်စစ်တပ် စစ်ဆင်ရေးအကြောင်းကို ထည့်သွင်းဖော်ပြခြင်း မရှိပေ။

လက်ဘနွန်စစ်တပ်နှင့် ဟစ်ဇဘိုလာ၊ ဆီးရီးယားစစ်တပ်ကြား ပူးပေါင်းစစ်ဆင်ကြောင်း လူသိရှင်ကြား ပေါ်ထွက်လာပါက လက်ဘနွန်နိုင်ငံတွင်း နိုင်ငံရေးအရ အထိအခိုက်ဖြစ်မည် ဖြစ်သလို လွန်စွာများပြားသည့် အမေရိကန် စစ်ရေး အကူအညီပေါ်လည်း သက်ရောက်နိုင်သည်။

ထို့ပြင် အီရန်နိုင်ငံ၏ အထောက်အပံ့ ရရှိထားသည်ဆိုသော လက်ဘနွန်အခြေစိုက် ရှီးယားဟစ်ဇဘိုလာ စစ်သွေးကြွအုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါရှင်တန်က မှတ်ယူထားသည်။

IS အဖွဲ့ကို လက်ဘနွန်စစ်တပ်က ၎င်းတို့ဘက်ခြမ်းမှနေ၍ တိုက်ခိုက်နိုင်ပြီး တစ်ချိန်တည်းတွင် ဟစ်ဇဘိုလာနှင့် ဆီးရီးယားစစ်တပ်က တစ်ဖက်နယ်ခြားမှနေ၍ တိုက်ခိုက်နိုင်ကြောင်း ဟစ်ဇဘိုလာအုပ်စု ခေါင်းဆောင် နာဆာယာလာက မကြာသေးမီက မိန့်ခွန်းပြောကြားထားသည်။            

F-05