News

POST TYPE

FOREIGN AFFAIRS

ဗင်နီဇွဲလားတွင် တပ်စခန်း၌ တိုက်ပွဲဖြစ်ပွားပြီးနောက် သူပုန်များကို လိုက်လံရှာဖွေ
08-Aug-2017
ကာရာကတ်စ်၊ သြဂုတ် ၇

ဗင်နီဇွဲလားတွင် စစ်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် လက်နက်များဖြင့် လွတ်မြောက်နေသူ ဆယ်ဦးကို လိုက်လံရှာဖွေနေသည်ဟု သမ္မတမာဒူရိုက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အနောက်မြောက်ပိုင်း ဗယ်လင်စီယာမြို့ကို တိုက်ခိုက်ခဲ့သူ ၂၀ ဦးအနက် ၁ ဦး သေဆုံး၊ ၂ နှစ်ဦး ဒဏ်ရာရကာ ၇ ဦး ဖမ်းဆီးမိခဲ့ပြီး ၁၀ ဦး လွတ်မြောက်နေခြင်း ဖြစ်သည်။

အစောပိုင်းက လူမှုမီဒီယာတွင် ယူနီဖောင်းဝတ် သူပုန်များက လူသတ်သော အာဏာရှင်အစိုးရကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသော ဗီဒီယိုဖိုင်တစ်ခု တက်လာခဲ့သည်။

ထိုဖြစ်ရပ်မှလွဲ၍ ဗင်နီဇွဲလားတွင် တည်ငြိမ်အေးချမ်းနေပုံရသည်။ နိုင်ငံပိုင် ရုပ်သံတွင် သမ္မတမာဒူရိုက တနင်္ဂနွေနေ့ အစောပိုင်း တိုက်ခိုက်မှုသည် ကြေးစားများ၏ အကြမ်းဖက်တိုက်ခိုက်မှုသာ ဖြစ်ပြီး စစ်တပ်က ချက်ချင်းတုံ့ပြန်ချေမှုန်းခဲ့ကြောင်းနှင့် လွတ်မြောက်သွားသူများကိုလည်း  လိုက်လံရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ဗယ်လင်စီယာ လမ်းများပေါ်တွင် စစ်တပ်မှ မော်တော်ယာဉ်များ ကင်းလှည့်လျက်ရှိပြီး စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ် တစ်စင်းကို အသုံးပြုခဲ့သည်။

ဖမ်းဆီးရမိသူများထဲတွင် တပ်ပြေးစစ်ဗိုလ်တစ်ဦး ပါဝင်ပြီး အခြားသူများမှာ စစ်ဝတ်စုံဝတ် အရပ်သားများ ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်သည်။

ဗင်နီဇွဲလားတွင် အကြမ်းဖက် ဆန္ဒပြမှုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သော လေးလတာကာလအတွင်း စစ်တပ်က သမ္မတမာဒူရိုကို အကြွင်းမဲ့ သစ္စာခံမည် ဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြု ပြောဆိုခဲ့သည်။

ယခုအချိန်အထိ စစ်တပ်က သမ္မတမာဒူရိုကို သစ္စာခံနေဆဲ ဖြစ်သော်လည်း တနင်္ဂနွေနေ့က ထွက်ပေါ်လာသော ဗီဒီယိုသည် ဗယ်လင်စီယာရှိ အမှတ် ၄၁ တပ်ရင်းမှ စစ်သားများ ဖြစ်သည်ဟု ပြောဆိုထားပြီး တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရေးအတွက် စစ်ဘက်နှင့် အရပ်ဘက် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားခြင်းမှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။ အစိုးရကမူ ထိုသူပုန်များမှာ အရပ်သားများသာ ဖြစ်သည်ဟု ငြင်းချက်ထုတ်ထားသည်။

သို့ရာတွင် စစ်သားများတွင်လည်း မိသားစုများ ရှိနေကြပြီး နေ့စဉ် ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ဒုက္ခမှ မလွတ်နိုင်သောကြောင့် မာဒူရိုအနေနှင့် စစ်တပ်၏ ထောက်ခံမှုကို မည်မျှ ရရှိနေဦးမည်ကို မသိနိုင်ပေ။

သူပုန်များကို အမေရိကန်နှင့် ကိုလမ်ဘီယာတွင် အခြေစိုက်သော အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်များက အားပေးပံ့ပိုးနေသည်ဟု မာဒူရိုက ပြောကြားသည်။

ဗယ်လင်စီယာတွင် သူပုန်ထမှုကို ထောက်ခံသော ဆန္ဒပြမှုများ ရှိခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြု၍ ဖြိုခွဲခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

ဗယ်လင်စီယာတွင် သူပုန်များ တိုက်ခိုက်မှုသည် အတိုက်အခံများက ကန့်ကွက်နေသော လွှတ်တော်သစ်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။        

F-04