News

POST TYPE

FOREIGN AFFAIRS

အီတလီတွင် နေရာအနှံ့ မိုးခေါင်မှုဖြစ်၊ ရေပန်းအလှများ ပိတ်ထားရန် ဗာတီကန်ကျောင်းတော် ညွှန်ကြား
29-Jul-2017

ရောမ၊ ဇူလိုင် ၂၇

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ကျောင်းထိုင်ရာ ဗာတီကန်ဒေသ အတွင်းရှိ ရေပန်းအလှများ အားလုံးကို ပိတ်ထားရန် ညွှန်ကြားထားပြီး ယင်းသို့ ညွှန်ကြားရခြင်းမှာ အီတလီတွင် မိုးခေါင်မှုများ နေရာအများအပြားတွင် ဖြစ်နေခြင်းကို စာနာနားလည်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ibtimes သတင်းတစ်ရပ်က ဖော်ပြထားသည်။

နာမည်ကျော် စိန့်ပီတာရင်ပြင်နှင့် ဗာတီကန်ဥယျာဉ်မှ ရေပန်းများ အပါအဝင် ဗာတီကန် ကျောင်းတော်ရာ နယ်မြေအတွင်းရှိ ရေပန်းများအားလုံးကို ပိတ်ထားရန်အတွက် အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ 

“အလေအလွင့် ဖြစ်စေခြင်းနဲ့ စွန့်ပစ်ခြင်း အလေ့အကျင့်ဟာ မမျှော်မှန်းလောက်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ” ဟု ပုပ်ရဟန်းမင်းကြီးက ရေဒီယိုတွင် ပြောကြားခဲ့ဖူးသည်။

ယခုကဲ့သို့ ရေပန်းအလှများ ပိတ်ထားရန် ဆုံးဖြတ်ချက်သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သင်ကြားမှုများနှင့် လျော်ညီသည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

“သောက်သုံးနိုင်တဲ့ရေဟာ လူသားတွေ တစ်သက်တာအတွက်နဲ့ ဂေဟစနစ် ရေရှည်တည်တံ့ဖို့အတွက် မရှိမဖြစ် လိုအပ်တာမို့ အလွန်အရေးကြီးပါတယ်” ဟု ပြောကြားထားသည်။

အီတလီနိုင်ငံတွင် ဒေသ ၂၀ အနက် အနည်းဆုံး ၁၀ ခုတွင် မိုးခေါင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် သစ်တောမူယါဒဆိုင်ရာ ယန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်းသို့ မိုးခေါင်မှုကြောင့် သဘာယဘေးဒဏ်သင့်ဒေသ အဖြစ်လည်း သတ်မှတ်ထားသည်။

သဘာဝဘေးဒဏ်သင့်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ချေးငွေပေးသွင်းရန်နှင့် အခွန်ဆောင်ရန်တို့ကို ယာယီအားဖြင့် ဆိုင်းငံ့ပေးထားပြီး အရေးပေါ် ရန်ပုံငွေကိုလည်း ရရှိမည် ဖြစ်သည်။ 

မိုးမရွာခြင်းနှင့် အပူချိန် မြင့်တက်ခြင်းတို့ကြောင့် တိုင်းပြည်အနှံ့တွင် ယူရိုငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။

ထွက်ယက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အတွက် ရေရရှိမှုလည်း အကန့်အသတ်များစွာ ဖြစ်ခဲ့သည်။      

F-02