POST TYPE

FOREIGN AFFAIRS

ရေချိုးခန်းတွင် အားသွင်းထားသည့် ဖုန်းသုံး ရေစိမ်ရာမှ ဓာတ်လိုက်ပြီး တက္ကဆက်မှ မိန်းကလေးတစ်ဦး ရေနစ်သေဆုံး
14-Jul-2017 tagged as အမေရိကန်

ဒါးလက်စ်၊ ဇူလိုင် ၁၃

တက္ကဆက်ပြည်နယ်သူ ဆယ်ကျော်သက်တစ်ဦးဟာ ရေချိုးကန်ထဲမှာ ရေစိမ်နေရင်း ဖုန်းအားသွင်း ပလပ်ထိုးတဲ့ဖုန်းကို ကိုင်ပြီး အင်တာနက် သုံးနေခဲ့ရာက ဓာတ်လိုက်ပြီး သတိလစ်ရာ ရေနစ်သေဆုံးသွားခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အသက် ၁၄ နှစ်အရွယ် မက်ဒီဆင်ကိုးလို့ အမည်ရတဲ့ မိန်းကလေးဟာ နယူးမက္ကဆီကိုက သူမရဲ့ဖခင်အိမ်မှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ 

ဓာတ်လိုက်ပြီးနောက် ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု အရေးပေါ်ကယ်ဆယ်ရေး ဌာနအရာရှိများက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဖုန်းကိုကိုင်ထားသည့်လက်တွင် လောင်ကျွမ်းထားသည့် ဒဏ်ရာများတွေ့ကြောင်း အဘွားဖြစ်သူက ရုပ်သံအင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒီလိုဖြစ်ရပ်မျိုးကို တခြားသူတွေဆီမှာ မဖြစ်စေချင်ပါဘူး” ဟု အဘွားဖြစ်သူ ဒွန်နာအိုဂင်းက ပြောကြားခဲ့သည်။

“အားသွင်းထားတဲ့အချိန်မှာ ရေချိုးခန်းထဲ ဖုန်းမသုံးသင့်ဘူးဆိုတဲ့ အသိပညာပေးပြီး ကောင်းတာလေးတစ်ခု လုပ်ချင်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

၎င်း၏မြေးမလေးသည် လူတိုင်းအပေါ်ကို ကောင်းမွန်ပြီး လူတိုင်းက ချစ်ခင်ကြပါကြောင်းလည်း အမျိုးသမီးကြီးက ပြောကြားသည်။ 

သေဆုံးသူ ဆယ်ကျော်သက်၏ မိခင်ဖြစ်သူကလည်း သမီး၏ပုံကို Facebook တွင် တင်ထားခဲ့ပြီး “ကျေးဇူးပြု၍ သင်ခန်းစာယူကြပါ။ ကလေးများ ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်ကနေ အကာအကွယ်ပေး၊ ပညာပေးကြပါ” ဟု ရေးသားထားသည်။

ဒေသဆိုင်ရာ ဘုရားကျောင်း တစ်ကျောင်းတွင် သေဆုံးသူ မိန်းကလေးအတွက် အောက်မေ့ဖွယ်ရာ အခမ်းအနားတစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

မည်သို့မည်ပုံ ဓာတ်လိုက်ကာ မည်သည့်သက်ရောက်မှုများကြောင့် ကွယ်လွန်ရသည်ကို ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပေ။ 

F-02