POST TYPE

FOREIGN AFFAIRS

ရုရှားအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသော်လည်း အိမ်ဖြူတော်တွင် သာသာယာယာရှိဟု ထရမ့်ဆို
ဝါရှင်တန်၊ ဇူလိုင် ၁၂

ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှားအကြား ပတ်သက်မှုများ ရှိခဲ့သည်ဆိုသော စွဲချက်များ ရင်ဆိုင်နေရသော်လည်း အိမ်ဖြူတော်တွင် သာသာယာယာ ရှိနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

အစိုးရအဖွဲ့သည် လှလှပပ လည်ပတ်နေသည်ဟု ထရမ့်က ပြောကြားခဲ့သည်။ မဲဆွယ်ကာလအတွင်း ရုရှားရှေ့နေနှင့် တွေ့ခဲ့သည်ဆိုသော သားဖြစ်သူ ထရမ့်ဂျူနီယာဘက်မှလည်း သမ္မတက ကာကွယ်ပြောကြားခဲ့သည်။

ထိုဇာတ်လမ်းကြောင့် အိမ်ဖြူတော်တွင် ဝရုန်းသုန်းကား ဖြစ်နေသည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြပြီး ထရမ့်၏ မဟာမိတ်တစ်ဦးကလည်း ယင်းဖြစ်စဉ်မှာ အဆင့် ၅ ဟာရီကိန်းမုန်တိုင်းပမာ ဖြစ်သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာသို့ မှတ်ချက်ပေးခဲ့သည်။

ဒေါ်နယ်ထရမ့် ဂျူနီယာသည် ဖခင်၏ ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်ကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များ ရှိထားသည်ဆိုသော ရုရှားရှေ့နေ နာတာလီယာ ဗီဆယ်လ်နစ်စကာယာနှင့် တွေ့ဆုံခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း တွေ့ဆုံမှုမှာ ထူးထူးခြားခြား မရှိခဲ့ဘဲ မိနစ် ၂၀ စာ အချိန်ဖြုန်းသလို ဖြစ်ခဲ့သည်ဟု ထရမ့်ဂျူနီယာက Fox News ရုပ်သံကို ပြောကြားခဲ့သည်။ သို့သော်လည်း သူ့အနေနှင့် မတွေ့သင့်ခဲ့ဟု ပြန်စဉ်းစားမိကြောင်း ထရမ့်ဂျူနီယာက ဝန်ခံခဲ့သည်။

ဝေဖန်သူများကမူ သားထရမ့်သည် ပြည်ထောင်စု ဥပဒေများကို ချိုးဖောက်ခဲ့ဖွယ် ရှိသည်ဟု စွပ်စွဲထားသည်။

ရုရှားသည် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ထရမ့် အသာရစေရန် ကြိုးပမ်းခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ယုံကြည်ထားပြီး ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားအကြား ဆက်စပ်မှုများ ရှိနိုင်ခြေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ မော်စကိုကမူ ယင်းစွဲချက်များကို ငြင်းဆိုထားသည်။

သမ္မတထရမ့်၏ နှစ်ရက်ကြာမည့် ပြင်သစ်ခရီးစဉ် မထွက်ခွာမီ အိမ်ဖြူတော် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းခံခဲ့ရရာ သာသာယာယာ ရှိနေသည်ဟု တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ထရမ့်သည် ဇူလိုင် ၁၄ ဘတ်စတီးလ်နေ့ မတိုင်မီတွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် တွေ့ဆုံမည် ဖြစ်သည်။  

ထရမ့်နှင့် မက်ခရွန်အကြား ရာသီဥတု ပြောင်းလဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများတွင် သဘောကွဲလွဲမှုများ ရှိနေသော်လည်း G-20 ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့သည့် အခြေအနေအရ ခေါင်းဆောင်နှစ်ဦး၏ ဆက်ဆံရေးမှာ ကောင်းမွန်လျက်ရှိသည်။

ရုရှားကိစ္စမှာ ဒီမိုကရက်တို့ ဖန်တီးထားသည့် လုပ်ဇာတ်သာ ဖြစ်သည်ဟုလည်း ထရမ့်က စွပ်စွဲခဲ့သည်။ သားဖြစ်သူနှင့် ရုရှားရှေ့နေတို့ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မကြာသေးမီကမှ သိရှိခဲ့သည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။      

F-03