News

POST TYPE

FOREIGN AFFAIRS

ပစိဖိတ်သမုဒ္ဒရာတွင် THAAD ဒုံးခွင်းဒုံးစနစ်ကို အမေရိကန် အောင်မြင်စွာ စမ်းသပ်
ပင်တဂွန်၊ ဇူလိုင် ၁၂

ပစိဖိတ်သမုဒ္ဒရာအတွင်း စမ်းသပ်မှုတွင် ပစ်မှတ်ကို THAAD ဒုံးခွင်းဒုံးစနစ်ဖြင့် အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု အမေရိကန်စစ်ဖက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက လုပ်ဆောင်နေသော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကဲ့သို့ အမျိုးအစားကို THAAD ဒုံးခွင်းဒုံးစနစ်က တားဆီးခဲ့ခြင်း ဖြစ်သည်။

ယခုစမ်းသပ်မှုကို ပြီးခဲ့သော လပိုင်းများက စီစဉ်ထားခြင်း ဖြစ်သော်လည်း မြောက်ကိုရီးယား လက်နက်အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇူလိုင်လ ၄ ရက်တွင် ပြုံယမ်းက ၎င်း၏ ဟွာဆောင်း ၁၄ တိုက်ချင်းပစ် ဒုံးကျည်သည် ကမ္ဘာ့မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်ပြီး စမ်းသပ်မှု အောင်မြင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း အမေရိကန် စစ်ဘက်ကမူ တာလတ်ပစ် အမျိုးအစားသာ ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

အင်္ဂါနေ့က အမေရိကန် ဒုံးကျည်ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ‘တာလတ်ပစ်ဒုံးကျည်ကို THAAD ဒုံးခွင်းဒုံးစနစ်ဖြင့် အောင်မြင်စွာ တားဆီးနိုင်မှုသည် မြောက်ကိုရီးယား အပါအဝင် အခြားတိုင်းပြည်များ၏ ဒုံးကျည်ခြိမ်းခြောက်မှုများအပေါ် အမေရိကန်ပြည်ထောင်စု၏ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးသည်’ ဟု ဖော်ပြခဲ့သည်။

တာတိုနှင့် တာလတ်ပစ် ဒုံးကျည်အမျိုးအစားများကို ပစ်ချရန် ပုံစံထုတ်ထားသော မြေပြင်အခြေစိုက် THAAD ဒုံးခွင်းဒုံးစနစ်သည် လွန်ခဲ့သော ၁၀ နှစ် ကျော်အချိန် စတင်စမ်းသပ်စဉ် ကတည်းက ပစ်မှတ်ကို ၁၄ ကြိမ်စလုံး ပစ်ချနိုင်ခဲ့ပြီး ဖြစ်သော်လည်း ယခုနောက်ဆုံး စမ်းသပ်မှုတွင် တာလတ်ပစ် IRBM ဒုံးကျည်ကို ပထမဆုံး ပစ်ချခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့က စမ်းသပ်မှုတွင် ဟာဝိုင်ယီ မြောက်ပိုင်းတွင် ပျံသန်းနေသော C17 လေယာဉ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို THAAD ဒုံးခွင်းဒုံးစနစ်ဖြင့် ကြားဖြတ်ပစ်ချခဲ့သည်။

အမေရိကန်စစ်ဘက်က THAAD ဒုံးခွင်းဒုံးစနစ်ကို ဂူအမ်းကျွန်းနှင့် တောင်ကိုရီးယား ဂေါက်ကွင်းဟောင်းတစ်ခုတွင် တပ်ဆင်ထားသည်။

တရုတ်နိုင်ငံက THAAD ဒုံးခွင်းဒုံးစနစ်သည် ၎င်း၏စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ၏ လုံခြုံရေးကို ထိခိုက်စေသည်ဟု ယုံကြည်ကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်ရန် မနှစ်က ကြေညာခဲ့စဉ်က မြောက်ကိုရီးယားဘက်က မညှာမတာ လက်တုံ့ပြန်သွားမည်ဟု တုံ့ပြန်ခြိမ်းခြောက်ခဲ့သည်။

အမေရိကန် ဒုံးကျည်ကာကွယ်ရေး ဌာနက ၂၀၁၇ အောက်တိုဘာလနှင့် ၂၀၁၈ စက်တင်ဘာလအကြားတွင် အမေရိကန်စစ်တပ်အား THAAD ဒုံးခွင်းဒုံးစနစ် ၅၀ ကျော် ဖြန့်ကြက်တပ်ဆင်ပေးရန် စီစဉ်နေသည်ဟု လွှတ်တော်အမတ်များအား ဇွန်လအတွင်းက ပြောကြားခဲ့သည်။ 

F-04