News

POST TYPE

FOREIGN AFFAIRS

G-20 အစည်းအဝေးတွင် အိုင်ဗန်ကာ ဝင်ထိုင်ခြင်းနှင့်ပတ်သက်၍ ထရမ့်နှင့် ချယ်လ်ဆီးကလင်တန် စကားနိုင်လု
12-Jul-2017 tagged as


နယူးယောက်၊ ဇူလိုင် ၁၁ 

G-20 ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးတွင် အိုင်ဗန်ကာ ဝင်ထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ထရမ့်နှင့် ယခင်သမ္မတဟောင်း၏ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်တို့ စကားနိုင်လုခဲ့ကြသည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။

ဟမ်းဘတ်အစည်းအဝေးတွင် သမီးဖြစ်သူအား ကိုယ်စား တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်မှုသည် အလွန်တရာ တန်းဝင်သည်ဟု ထရမ့်က Twitter တွင် ပြောဆိုလိုက်သည်။

အကယ်၍ ဟီလာရီကလင်တန်က အလားတူ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါက သမ္မတကိုယ်စား ချယ်လ်ဆီးတက်ရောက်ဟု မီဒီယာများက အမွှန်းတင်ကြလိမ့်မည်ဟု ထရမ့်ကဆိုသည်။

ချယ်လ်ဆီးကလင်တန်ကလည်း သူမ၏မိဘများသည် ဘယ်တော့မှ ထိုသို့ မလုပ်ဟု ပြန်လည် ပြောဆိုလိုက်သည်။

အိုင်ဗန်ကာထရမ့်သည် ပြီးခဲ့သော စနေနေ့က သူမ၏ဖခင်နှင့် အင်ဒိုနီးရှား သမ္မတတို့ တစ်ဦးချင်း တွေ့ဆုံရန် ရှိသောကြောင့် G-20 အစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် တရုတ်သမ္မတတို့ အကြားရှိ အမေရိကန် သမ္မတ၏နေရာတွင် ကိုယ်စား ဝင်ထိုင်ခဲ့ခြင်းကြောင့် အွန်လိုင်းတွင် ဝိုင်းဝန်း ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

သမ္မတထရမ့်က တနင်္လာနေ့က Twitter တွင် “အိုင်ဗန်ကာကို အစားဝင် ထိုင်ဖို့ ကျုပ်က တောင်းဆိုခဲ့တာပါ။ အင်မတန်မှ တန်းဝင်တဲ့ ဆုံးဖြတ်ချက်ပါ။ အင်ဂလာမာကယ်လ်ကလည်း သဘောတူပါတယ်”ဟု ပြောဆိုခဲ့သည်။

“တကယ်လို့ ချယ်လ်ဆီးကလင်တန်ကို သူ့အမေက တိုင်းပြည်ကို ဈေးချတဲ့အနေနဲ့ ကိုယ်စား တက်ရောက်ဖို့ တောင်းဆိုခဲ့တယ်ဆိုရင် အလိမ်အညာ မီဒီယာတွေက သမ္မတကိုယ်စား တက်ရောက်တဲ့ ချယ်လ်ဆီးလို့ အမွှန်းတင်ကြလိမ့်မယ် ထင်တယ်”ဟု ထရမ့်က ဆက်လက် ပြောဆိုထားသည်။

ဖခင်ဖြစ်သူ ဘီလ်ကလင်တန် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့စဉ်က အသက် ၁၂ နှစ်အရွယ်သာ ရှိသေးသူ ချယ်လ်ဆီး ကလင်တန် ၃၇ နှစ်ကလည်း “ကောင်းသော နံနက်ပါသမ္မတကြီး။ အဖေနဲ့ အမေက ကျွန်မကို အဲလို တောင်းဆိုတာမျိုး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ရှင်ကကော ကျွန်မတို့တိုင်းပြည်ကို ဈေးကျအောင် လုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”ဟု ပြန်လည် တုံ့ပြန်ထားသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟပ်ကာဘီးက “သမ္မတထရမ့်ရဲ့ ပြောဆိုမှုဟာ ကလင်တန်မိသားစုကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ အိမ်ဖြူတော် အကြီးတန်းအကြံပေးတစ်ဦး (အိုင်ဗန်ကာ) အပေါ် ရန်လိုတဲ့ ထိုးနှက်မှုတွေကို တုံ့ပြန်တာဖြစ်ပါတယ်။ သူမ (အိုင်ဗန်ကာ) မှာသာ နောက်ပိုင်းအမည် (ထရမ့်) မပါဘူးဆိုရင် အခုလို တောက်လျှောက်ထိုးနှက်တာ မခံရဘဲ တောက်လျှောက် ချီးမွမ်းတာ ခံနေရမှာပါ။ မစ္စထရမ့်ကို ကျွန်မတို့ ဂုဏ်ယူသင့်ပါတယ်”ဟု ရှင်းလင်း ပြောကြားသည်။

ချယ်လ်ဆီးကလင်တန်သည် ၂၀၁၆ သမ္မတရွေးပွဲတွင် မိခင်ဖြစ်သူ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ထရမ့်နှင့် ထရမ့်အစိုးရ၏ မူဝါဒများကို လူမှုမီဒီယာများတွင် မကြာခဏ ပြစ်တင်ဝေဖန်ခဲ့သည်။

ထရမ့်ကလည်း ကလင်တန်မိသားစုသည် ရုရှားနှင့် မလျော်မကန် ဆက်သွယ်မှုများရှိသည်ဟု ယခင်လက စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် နိုင်ငံရေးပြိုင်ဘက် မိသားစုဝင်များ ဖြစ်သော်လည်း ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်သည်ဟု ချယ်လ်ဆီး ကလင်တန်နှင့် အိုင်ဗန်ကာထရမ့်တို့က ပြောဆိုထားသည်။ 

F-04

  • TAGS