News

POST TYPE

FOREIGN AFFAIRS

အစ္စရေးလေဘာပါတီ ခေါင်းဆောင်သစ်ရွေးချယ်
11-Jul-2017 tagged as


တဲလ်အဗစ်၊ ဇူလိုင် ၁၀

အစ္စရေး အဓိကအတိုက်အခံ လေဘာ ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် စီးပွားရေး လုပ်ငန်းရှင်ဟောင်း အဗီဂါဘေးကို ဇူလိုင်လ ၁၀ ရက်နေ့က ရွေးကောက်တင်မြှောက်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။ 

ဩဇာနှင့် ထောက်ခံမှု ကျဆင်းလာသော လေဘာပါတီက အပြောင်းအလဲ တစ်ရပ်အနေနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလကမှ ပါတီဝင်ဖြစ်လာသူ ဂါဘေးကို ရွေးကောက်ခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်ရွေးပွဲ ဒုတိယအကျော့တွင် ဂါဘေးက ဝါရင့်နိုင်ငံရေးသမား၊ ပါတီခေါင်းဆောင်ဟောင်း အမီရာ ပီရက်ဇ်ကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး မဲ ၅၂ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်ဟု ပါတီ၏ကြေညာချက်တွင် ပါရှိသည်။

“ဒီကနေ့ညမှာ ကျွန်တော်တို့ အောင်ပွဲခံတယ်၊ ဒီညပြီးသွားရင် အစ္စရေးအတွက် မျှော်လင့်ခြင်းနေ့ တစ်နေ့ ဖြစ်လာမယ်၊ မနက်ဖြန် အင်္ဂါနေ့ကစလို့ အစ္စရေး အစိုးရကို ပြောင်းလဲမယ့် ရွေးကောက်ပွဲ ရှိရာကို ခရီး နှင်ကြပါမယ်”ဟု ဂါဘေးက တဲလ်အဗစ်မြို့တွင် အောင်ပွဲခံမိန့်ခွန်း ပြောကြားခဲ့သည်။

လေဘာပါတီဝင် ၅၂၅၀၅ ဦးအနက် ၅၉  ရာခိုင်နှုန်းနီးပါ မဲပေးခဲ့ကြပြီး ပြီးခဲ့သည့်အပတ်က ပထမအကျော့တွင် မဲအများဆုံး ရခဲ့သည့် ဂါဗေးနှင့် ပီရက်ဇ်တို့ ဒုတိယအကျော့ တက်လာခဲ့ခြင်းဖြစ်သည်။ ပထမအကျော့တွင်မူ ပီရက်ဇ်က ၃၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အများဆုံး ရခဲ့ပြီး ဂါဘေးက ၂၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် သာရပ်တည်ခဲ့ခြင်းဖြစ်သည်။ ပီရက်ဇ်ရော ဂါဘေးပါ ပါလက်စတိုင်းနှင့် နှစ်နိုင်ငံအတူ ယှဉ်တွဲတည်ရှိရေးကို လက်ခံသူများ ဖြစ်သည်။

ပထမအကျော့တွင် လက်ရှိခေါင်းဆောင် အိုက်ဆက်စ်ဟာဇော့ဂ်မှာ မဲ ၁၆ ဒသမ ၇ ရာခိုင်နှုန်းသာ ရရှိပြီး တတိယနေရာဖြင့် ထွက်ခဲ့ရသည်။ ဟာဇော့ဂ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ဦးဆောင်ခဲ့ရာတွင် အခြေမလှ ဖြစ်ခဲ့ရပြီးနောက် လူကြိုက်များမှု တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သူဖြစ်သည်။

လေဘာပါတီသည် မူအားဖြင့် လက်ဝဲ ယိမ်းဖြစ်သော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သော လက်ယာယိမ်းညွန့်ပေါင်း အစိုးရတွင် ပူးပေါင်းရန် ကြိုးပမ်းခဲ့မှု၊ လူထုထောက်ခံမှု တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုတို့အတွက် ဟာဇော့ဂ်ကို ပါတီတွင်း ဝေဖန်မှုများစွာ ရှိခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အစ္စရေး နိုင်ငံရေးတွင် လက်ယာယိမ်းများ လွှမ်းမိုးလာခဲ့ပြီး နေတန်ယာဟုနှင့် လီကွတ်ပါတီသည် ၂၀ဝ၉ ခုနှစ်နောက်ပိုင်း ညွန့်ပေါင်း အစိုးရ အဆက်ဆက်ကို ဦးဆောင်နိုင်ခဲ့သည်။ လေဘာပါတီမှ နောက်ဆုံး ဝန်ကြီးချုပ်မှာ ၁၉၉၉ ခုနှစ်မှ ၂၀ဝ၁ ခုနှစ်အထိ တာဝန်ယူခဲ့သူ အီဟွတ်ဘာရက်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် လေဘာပါတီသည် ဝန်ကြီးချုပ်ဟောင်း ဇစ်ပီလစ်ဗနီ၏ ဟာနုအာပါတီနှင့် ပူးပေါင်းပြီး ဇီယွန်ဝါဒီ သမဂ္ဂအဖြစ် ညွန့်ပေါင်းဖွဲ့ ယှဉ်ပြိုင်ခဲ့ရာတွင် အမတ် ၁၂၀ ရှိသော လွှတ်တော်၌ ၂၄ နေရာသာ နိုင်ခဲ့သည်။ သို့ဖြစ်ရာ နေတန်ယာဟု အစိုးရ၏အကြီးဆုံး အတိုက်အခံအဖြစ် ရပ်တည်နေသည်။

အသက် ၅၀ အရွယ်ရှိ ဂါဗေးသည် ယခင်က အစ္စရေး ဆက်သွယ်ရေးလုပ်ငန်းကို ဦးစီးခဲ့သူဖြစ်သည်။ အမတ်တာဝန်ယူဖူးသူ မဟုတ်ပေ။

၂၀၁၄ တွင် လီကွတ်ပါတီမှ ဝန်ကြီး မိုရှေခါလွန်နှင့် ပူးပေါင်းပြီး ဗဟိုလက်ယာ ယိမ်း ကူလာနူပါတီကို ထူထောင်ခဲ့သည်။  ၂၀၁၅ ရွေးကောက်ပွဲတွင် ကူလာနူပါတီသည် အမတ် ၁၀ နေရာ နိုင်ခဲ့ပြီး နေတန်ညာဟု၏ ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့ကာ ဂါဘီမှာ အမတ်မဖြစ်သော်လည်း ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး တာဝန်ယူခဲ့သည်။

၂၀၁၆ တွင်မူ သဘောထား တင်းမာသူ အဗီဒေါ်လီဘာမင်းန်ကို ကာကွယ်ရေး ဝန်ကြီးနေရာ ခန့်အပ်မှုကို ကန့်ကွက်သည့်အနေနှင့် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာတွင် လေဘာပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

F-03

  • TAGS