News

POST TYPE

FOREIGN AFFAIRS

မိုဆူးလ်တိုက်ပွဲတွင် IS အဖွဲ့ ရှုံးနိမ့်ခါနီးပြီ ဖြစ်ကြောင်း အီရတ်ရုပ်သံ ကြေညာ
10-Jul-2017 tagged as အီရတ် IS

မိုဆူးလ်၊ ဇူလိုင် ၉

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် IS အဖွဲ့၏ခုခံကာကွယ်မှု မြန်မြန်ဆန်ဆန် ကျဆုံးနေပြီး နောက်ထပ် နာရီအနည်းငယ်အတွင်း အစိုးရတပ်ဖွဲ့များက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တော့မည်ဟု ယုံကြည်မျှော်လင့်ရကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မြို့ကို သိမ်းပိုက်ရရှိရန် ကိုက်အနည်းငယ်သာ ကျန်တော့သည်ဟု သတင်းထောက်တစ်ဦးက ပြောကြားသည်။

အဆိုပါသတင်းကို တပ်မှူးများက အတည်မပြုသေးသော်လည်း လမ်းများပေါ်တွင် အီရတ်တပ်ဖွဲ့ဝင်အချို့ ကခုန်နေကြပြီဟု သတင်းများက ဖော်ပြသည်။

အမေရိကန် လေကြောင်းပစ်ကူ ရရှိထားသော အီရတ်တပ်ဖွဲ့များသည် မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၇ ရက် ကတည်းက ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

မိုဆူးလ်မြို့ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် အမေရိကန် စစ်လေယာဉ်များနှင့် စစ်ဘက်အကြံပေးများ၏ အကူအညီကို ရရှိထားသော အီရတ်လုံခြုံရေးတပ်ဖွဲ့များ၊ ကာဒစ်ရှ် ပက်ရှ်မာဂါ တပ်ဖွဲ့များ၊ ဆွန်နီအာရတ် မျိုးနွယ်တပ်ဖွဲ့များနှင့် ရှီးယားပြည်သူ့စစ်များက စုပေါင်း ပါဝင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ဇန်နဝါရီလတွင် မိုဆူးလ်မြို့ အရှေ့ပိုင်း အပြည့်အဝ ပြန်လည်လွတ်မြောက်သွားပြီဟု အစိုးရက ကြေညာခဲ့သော်လည်း မြို့အနောက်ပိုင်းမှာမူ လမ်းများမှာ ကျဉ်းမြောင်းပြီး ရစ်ခွေနေသောကြောင့် ပိုမိုခက်ခဲသော စိန်ခေါ်မှုအဖြစ် ကျန်ရှိနေခြင်း ဖြစ်သည်။

IS အဖွဲ့သည် မြို့ထဲတွင် ဒေသခံ အရပ်သား ၁၀၀,၀၀၀ ကျော်ကို လူသားဒိုင်းကာများအဖြစ် ထိန်းသိမ်းထားလိမ့်မည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။

ပြီးခဲ့သော အောက်တိုဘာလက မြို့ထဲတွင် စစ်သွေးကြွ ၆၀၀၀ ခန့် ရှိသည်ဟု အီရတ်စစ်ဘက်က ပြောကြားခဲ့သည်။ ယခုအခါ ခုခံနေသူ ၃၀၀ ပင် မပြည့်တော့ပေ။

၂၀၁၄ ခုနှစ် နောက်ပိုင်း မြို့နေလူထု ၉၀၀,၀၀၀ ခန့် မြို့ကို စွန့်ခွာသွားကြရာ တိုက်ပွဲမဖြစ်မီ လူဦးရေ၏ ထက်ဝက်ခန့် ဖြစ်သည်ဟု ကယ်ဆယ်ထောက်ပံ့ရေး အုပ်စုများက ပြောကြားသည်။ 

မိုဆူးလ်မြို့ရှိ ရှေးဟောင်းဗလီကို ဖျက်ဆီးပစ်မှုသည် IS အဖွဲ့ ရှုံးနိမ့်ကြောင်း တရားဝင် ကြေညာခြင်း ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ဟေဒါအယ်လ်အဘာဒီက ယခင်လက ပြောကြားခဲ့သည်။

အစိုးရ လိုလားသောတပ်ဖွဲ့များ အောင်ပွဲရနေမှုကို ရပ်တန့်ရန်အတွက် အယ်လ်နူရီဗလီနှင့် ဝတ်ပြုဆောင်ကို IS အဖွဲ့က ဖောက်ခွဲပစ်ခဲ့သည်ဟု အီရတ် အစိုးရတပ်များက ပြောကြားသည်။ 

F-04