News

POST TYPE

FOREIGN AFFAIRS

ထရမ့်နှင့် ပူတင် ပထမဆုံး တွေ့ဆုံမှု၌ အမေရိကန် ရွေးကောက်ပွဲတွင် ဆိုက်ဘာဖောက်ထွင်းမှုကိစ္စ ငြင်းခုံ
မော်စကို၊ ဇူလိုင် ၈

ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မနှစ်က အမေရိကန် သမ္မတရွေးပွဲ၌ ရုရှားတို့ စွပ်စွဲခံထားရသော ဆိုက်ဘာဖောက်ထွင်းမှု ပြဿနာကို ဆွေးနွေးငြင်းခုံခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အပြန်အလှန် ပြောဆိုမှုများသည် အကြိတ်အနယ် ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ပြောကြားပြီး ရုရှားတွင် တာဝန်မရှိဟု ပြောကြားခဲ့သော ပူတင်၏ ပြောဆိုမှုကို ထရမ့်က လက်ခံခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဘရော့ဗ်က ပြောကြားသွားသည်။

သို့ရာတွင် ဘာဖြစ်ခဲ့သလဲဟူသော အချက်ကို သဘောတူ လက်ခံသတ်မှတ်မှုရမည့်ပုံ မရှိဘဲ တင်းခံနေသည့် သဘောကွဲလွဲမှု အခြေအနေမှ ရှေ့သို့ရွေ့ရန် မည်သို့ ပြုလုပ်ရမည်ကို သမ္မတထရမ့်က စဉ်းစားနေသည်ဟု ယူဆကြောင်း တေလာဆန်က ပြောကြားသည်။

မျှော်မှန်းထားသည်ထက် အချိန်ပိုကာ နှစ်နာရီကျော် ကြာမြင့်ခဲ့သော တွေ့ဆုံ မှုတွင် ဆီးရီးယားစစ်ပွဲ၊ အကြမ်းဖက်ဝါဒနှင့် ဆိုက်ဘာလုံခြုံရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

“သမ္မတထရမ့်က အမေရိကန် သမ္မတရွေးပွဲမှာ ရုရှားတွေ ကြားဝင်စွက်ဖက်မှုကို အမေရိကန်ပြည်သူတွေ စိုးရိမ်နေတဲ့ အကြောင်းကို စပြောပြီး ဆွေးနွေးပွဲကို ဖွင့်လိုက်ပါတယ်။ အပြန်အလှန် ပြောဆိုမှုတွေက အကြိတ်အနယ်ပါပဲ။ ရုရှားတွေရဲ့ ပတ်သက်မှုတွေ တစ်နေရာမက ဖြစ်နေတာကို သမ္မတထရမ့်က ပူတင်ကို ဖိအားပေး ပြောဆိုပါတယ်။ ပူတင်ကလည်း အရင်ကလိုပဲ ငြင်းဆန်ပါတယ်” ဟု တေလာဆန်က သတင်းထောက်များကို ပြောကြားသည်။

“သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ချိတ်ဆက်မိသွားတယ်။ အရမ်းကောင်းတဲ့ တွေ့ဆုံမှု ဖြစ်ကြောင်း ထင်ရှားပါတယ်။ ဆွေးနွေးစရာက များလွန်းတော့ ကိစ္စတိုင်းကို တို့ထိရုံပါပဲ။ နှစ်ဦးစလုံးက စကားဝိုင်းကို မရပ်ချင်ကြဘူး” ဟု တေလာဆန်က မှတ်ချက်ပေးသည်။

“ရုရှားတွေ မပတ်သက်ဘူးဆိုတဲ့ အချက်ကို သမ္မတထရမ့်က လက်ခံပါတယ်” ဟု ရုရှားဝန်ကြီး ဆာဂျီလာဘရော့ဗ်က ပြောကြားခဲ့မှုနှင့် ပတ်သက်၍ တေလာဆန်အား မေးမြန်းသော်လည်း ၎င်းက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

တွေ့ဆုံမှုအပြီးတွင် ဒေါ်နယ်ထရမ့် က “ပူတင်နဲ့ ကျုပ်တို့ ကိစ္စမျိုးစုံ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အရမ်းကောင်းတယ်လို့ ထင်မိပါတယ်။ ရှေ့လျှောက်လည်း ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။ အမေရိကန်အတွက်၊ ရုရှားအတွက်၊ သက်ဆိုင်သူတွေ အားလုံး အတွက် အကောင်းလက္ခဏာဆောင်မယ့် အရာတွေကို လေ့လာဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားသည်။

ဗလာဒီမာပူတင်ကလည်း “သမ္မတထရမ့်နှင့် ယခင်က ဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့သော်လည်း ယခု မျက်နှာချင်းဆိုင် တွေ့ဆုံရခြင်းလောက် မကောင်းပါ” ဟု စကားပြန်မှတစ်ဆင့် ပြောကြားသည်။

အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးပွဲ၏ ဟန်ပန်နှင့် ရလဒ်များအရ ရုရှားတို့က အသာရသွားပြီး အမေရိကန်ခေါင်းဆောင်သည် ထိပ်တိုက်ရင်ဆိုင်ရန် မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေးကို ရှေ့ရှုကာ ဆက်ဆံရန် အဓိကထားခဲ့သောကြောင့် ပူတင်လိုချင်သောအရာကို ရရှိသွားသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

ကိစ္စရပ်များစွာအပေါ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ခြင်းသည် အမေရိကန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး၊ အနောက်အုပ်စု အရေးယူပိတ်ဆို့မှုများကို အန်တုရေး  စသော ကြီးမားသည့် ရည်မှန်းချက်များအတွက် ပထမခြေလှမ်း ဖြစ်သည်ဟု ကရင်မလင်က ရှုမြင်မည်ဖြစ်သည်။

သို့ရာတွင် မော်စကိုနှင့် ဆက်နွှယ်မှု ပြဿနာဖြင့် ပြည်တွင်းတွင် ဖိအားများစွာ ကျရောက်နေသော ထရမ့်သည် ပူတင် လိုလားသော အရာများကို ဖြည့်ဆည်းပေးနိုင်ရန် အလှမ်းဝေးလှသည်ကို သတိချပ်ရမည် ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန် သမ္မတကတော် မယ်လာနီယာထရမ့်သည်  ဟမ်းဘတ်မြို့တွင် သမ္မတထရမ့်နှင့် သူမအား ဆန္ဒပြသူများကြောင့် ဟိုတယ်မှ ထွက်မလာနိုင်ဘဲ ပိတ်မိနေခဲ့သည်။ 

F-04