News

POST TYPE

FOREIGN AFFAIRS

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရန် Twitter အကောင့်ဖွင့်ကာ မာလာလာ လူမှုကွန်ရက် လှုပ်ရှားမှုစတင်
08-Jul-2017 tagged as ပါကစ္စတန်


လာဟိုး၊ ဇူလိုင် ၈

မိန်းကလေးများ ပညာသင်ကြားခွင့် တက်ကြွလှုပ်ရှားသူ ပါကစ္စတန်နွယ်ဖွား မာလာလာယူဆွတ်ဇိုင်းက မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရန် Twitter လူမှုကွန်ရက်၌ ပြုလုပ်မည့် လှုပ်ရှားမှုတစ်ရပ်တွင် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းဆော်ဩလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အသက် ၁၉ နှစ်အရွယ်ရှိ မာလာလာသည် အခြေခံပညာ ကျောင်းပြီးဆုံးသည့်နေ့တွင် Twitter မှတစ်ဆင့် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မာလာလာက သူမ၏ ပညာသင်ကြားခွင့်ဆိုင်ရာ လှုပ်ရှားမှုများသည် ခါးသီးသည့် လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်ဟုဆိုသည်။

မိမိကဲ့သို့ တူညီသည့် ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေး မရရှိသူ မိန်းကလေး သန်းပေါင်းများဆီသို့ စိတ်ရောက်လျက် ရှိသည်ဟုလည်း ပြောကြားသည်။

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပထမဆုံး ဘလော့စတင် ရေးသားချိန်တွင် မာလာလာသည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည်။

သို့သော် အသက် ၁၅ နှစ်အရွယ်၊ ၂၀၁၂ ခုနှစ် ကျောင်းကားပေါ်၌ မာလာလာ တိုက်ခိုက်ခံခဲ့ရပြီးနောက် သူမ၏ ပညာသင်ကြားခွင့်ဆိုင်ရာ လှုပ်ရှားမှုသတင်းများမှာ  ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။

မာလာလာသည် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ရရှိခဲ့သော ဒဏ်ရာများကို ဗြိတိန်နိုင်ငံ၌ ကုသမှုခံယူခဲ့ရသည်။ ထိုအချိန်မှစ၍ ယနေ့ အချိန်အထိ ဗြိတိန်နိုင်ငံတွင် ကျောင်း ဆက်တက်ခဲ့သည်။

ပြီးခဲ့သည့် သောကြောနေ့တွင် မာလာလာက သူမ၏အမည်ဖြင့်ပင် Twitter အကောင့်တစ်ခု ဖွင့်ကာ ဆယ်ကျော်သက် မိန်းကလေးငယ်များ အားလုံး သူမကဲ့သို့ ပညာသင်ကြားခွင့် ရရှိစေရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

F-01