News

POST TYPE

FEATURE

ကြည်ကြည့်အိမ်

ခိုင်ခံ့သည့် သံပန်းတံခါး အတွင်းရှိ သုံးထပ်တိုက်အိမ်အတွင်း အဓိပ္ပာယ်ရှိသော အမည်များအသီးသီးရှိနေသည်။ The Lady၊ သူရမချစ်ပို၊ မင်းကွန်း ဒေါ်ဦးဇွန်း၊ Queen Shin Saw Pu ဟူသော အမည်များ...။ ထိုအမည်များမှာ အခန်းအသီးသီးကို ပေးထားသော အမည်များပင်။ ထိုအိမ်အတွင်း ထူးခြားသော စိတ်ကူးများနှင့် ပြင်ဆင်စီစဉ်ထားမှုများ ရှိသည်။ ထိုအိမ်မှာ ကြည်ကြည့်အိမ်..။ Kyi Kyi’s House ဆိုသည့်စာတမ်းကို အဆိုပါအိမ်ခြံဝင်း သံတံခါးအထက်တွင် တွေ့နိုင်သည်။

တကယ်တမ်း ထိုအိမ်မှာ သာမန် မိသားစုတစ်ခု၏ အိမ်တော့မဟုတ်၊ နားခို နေထိုင်ရာ နေရာလိုအပ်သူ အမျိုးသမီးတို့အတွက် ထူးထူးခြားခြား ဖန်တီးပေးထားသည့် အဆောင်တစ်ခုဖြစ်သည်။ 

“တစ်ယောက်ယောက်ဝင်လာမှာ။ တစ်ခုခုဖြစ်မှာမျိုး စိတ်မပူနေရဘူး။ ကိုယ့် အိမ်မှာနေရသလိုပဲ။ အိပ်ရတာလည်း စိတ်ချလက်ချ အိပ်ပျော်တယ်”ဟု အဆိုပါ နေအိမ်တွင်နေထိုင်သူတစ်ဦးဖြစ်သည့် ယုကီဖော်ညွှန်းသည့် အဆောင်ပင်။

သူသည် ရန်ကုန်မြို့တော်ရှိ အမျိုးသမီး အဆောင်အသစ်တစ်ခုတွင် နေထိုင်နေသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ ဆွေမျိုးသားချင်းများက အဆောင်နေသည်ဟုသိလျှင် စိတ်မချဖြစ်နိုင်သော်လည်း လက်ရှိနေနေသည့်နေရာကို လုံခြုံသည်၊ နွေးထွေးသည်ဟု ခံစားရသည်ဟု သူကဆိုသည်။

ယင်းနေရာသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၁) ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမဘေးတွင် ရှိသည်။ ကြည်ကြည်၏ အိမ်ကိုရောက်သည်နှင့် စတင်ခရီးဦးကြိုပြုရာ ခိုင်ခန့်သည့် သံတံခါးကြီး၏အထက်ရှိ ဆိုင်းဘုတ်ကို တွေ့ပြီးသောအခါ အိမ်အဆောင်အတွင်းက ကိုရီးယားပါကေး ခင်းထားသည့် ကြမ်းခင်းပေါ် ခြေချချိန်၌ နွေးထွေးသွားသည့်အပြင် အဆောင်မှ အမျိုးသမီးများကို စောင့်ရှောက်ပေးသည့် အဆောင်မှူးနှင့် အစားအသောက် စီစဉ်ပေးသူ အမျိုးသမီးတို့က အပြုံးဖြင့် အေးအေးချမ်းချမ်း ကြိုခဲ့သည်မှာ ယုကီတို့လို အဆောင်နေ အမျိုးသမီးများ၏ အတွေ့အကြုံပင်။

ထို့နောက် သူတို့သည် နေထိုင်ရန် လိုအပ်သော ပစ္စည်းများကို အသင့်လက်ခံ ရရှိပါမည်။

ခေါင်းအုံးအိအိထူထူတစ်လုံးနှင့် ကျွတ်ကျွတ်အိတ်ကြီးတစ်ထုပ်ကို အဆောင်သူတစ်ဦး၏ ဝေစုအနေနှင့် ပေးသည်။ ထိုအိတ်ထဲတွင် စောင်ထူထူ တစ်ထည်နှင့် အဆင်တူသည့် ခေါင်းအုံးစွပ်၊ အိပ်ယာခင်းတို့ ထည့်ထားသည်။

ယင်းသို့သော အစီအစဉ်များ ဘယ်ကလာသနည်း။

“အစ်မ အဆောင်နေခဲ့ဖူးတော့ အဆောင်နေတဲ့သူအတွက် ခေါင်းအုံး၊ စောင်တွေသယ်ရတာ မလွယ်ဘူးဆိုတာ သိတယ်။ ဒါကြောင့် စီစဉ်ပေးတာ”ယင်းသို့ ဆိုလိုက်သူမှာ အဆောင်ပိုင်ရှင် မကြည်ကြည် (ဒေါ်ကြည်ကြည်ဝင်းရွှေ) ဖြစ်သည်။

ကြည်ကြည်ရဲ့အိမ် အမျိုးသမီး အဆောင်တွင် မိဘအိမ်တွင်နေရသည့် အခင်းအကျင်းမျိုး ပြည့်စုံစေရန် အသင့် စီစဉ်ပေးထားခြင်းပင်။ လျှပ်စစ်ပြတ်တောက်မှုများအတွက် မီး စီစဉ်ပေးထားသည်။ အခြား အဆောင်နေသူများကဲ့သို့ သောက်ရေသန့် ဝယ်သောက်ရန်မလို၊ ကြည်ကြည်ရဲ့အိမ်တွင် ရေလှူပေးထားသည်။ အင်တာနက် သုံးနိုင်ရန် Wi-fi ပင် လွှင့်ပေးထားသည်။

မကြည်ကြည်၏ အင်တာနက် အသုံးပြုခြင်းအပေါ် ထားသည့် သဘောထားက ဤသို့...။

“များများသုံးရင် မသုံးတဲ့သူထက်တော့ ပိုသိမှာပဲ။ သုံးရင်း အလိမ်ခံရတယ်ဆိုလည်း အတွေ့အကြုံပဲလေ”

ထို့ပြင် စားသောက်ရေးအတွက် တစ်ရက်စာသုံးနပ်ကို ကျပ်သုံးထောင်ဖြင့် ဝန်ဆောင်မှု ပေးထားသေးသည်။ နံနက်စာကို မြန်မာအကြိုက် အသုပ်၊ မုန့်ဟင်းခါး၊ ထမင်းကြော်လို ဗိုက်ပြည့်သည့် အစားအစာတစ်ခုနှင့် ကော်ဖီစီ စဉ်ပေးသည်။ နေ့လယ်စာနှင့် ညစာမှာ အသီးအရွက်ကြော်၊ အသားငါး၊ ငါးပိရည်၊ တို့စရာ၊ အရည်သောက်တို့နှင့် ဖွယ်ဖွယ်ရာရာ စီစဉ်ပေးပြန်သည်။

ကုန်ဈေးနှုန်းကြီးသည့် ရန်ကုန်တွင် တစ်ရက်ကို ကျပ်သုံးထောင်ဖြင့် စရိတ်ပြီးသည့် အခွင့်အရေးက ခပ်ရှားရှားဖြစ်သဖြင့် အဆောင်သူတို့အဖို့ အဆင်သင့်လှသည်။

ယုကီ အပါအဝင် အသက်အားဖြင့် နှစ်ဆယ်ကျော်ဝန်းကျင် မိန်းကလေး လေးဦး အခန်းတစ်ခန်းတွင် အတူနေကြသည်။ ရှစ်ဦး နေရမည့်အခန်းတွင် မယုကီနှင့်ရွယ်တူ မတိမ်းမယိမ်း မိန်းကလေး လေးဦး အတူနေကြသည်။ ယုကီတို့အခန်းဝတွင် The Lady ဆိုသည့်စာတန်း ကပ်ထားသည်။

The Lady အပြင် အခြားစာတမ်းကပ် အခန်းသုံးခန်း ကျန်သေးသည်။ သူရ မချစ်ပို၊ မင်းကွန်း ဒေါ်ဦးဇွန်း၊ Queen Shin Saw Pu တို့ပင်။ အခန်းလေးခန်းကို အမည်ပေးပုံကား ဆန်း၏ဟု ဆိုရမည်။ 

Queen Shin Saw Pu မှာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံး ဘုရင်မဖြစ်သည့် ဘုရင်မကြီး ရှင်စောပုကို ရည်ညွှန်း၍ အမည်ပေးထားသည့် အခန်းဖြစ်သည်။ ယင်းတွင် လူလေးဦး ဆန့်သည်။ အခန်းသုံး ပစ္စည်းများကိုလည်း ပရိဘောဂ အကောင်းဆုံး သုံးပေးထားသည်။

The Lady မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြု၍ အမည်ပေးထားသည့် အခန်းဖြစ်သည်။

ထို့နောက် လူမှုဝန်ထမ်းစိတ်အပြည့်ဖြင့် ဗုဒ္ဓဘာသာ လူအိုများ နားနေရန် ဘိုးဘွားရိပ်သာများကို စတင်ခဲ့သူ မင်းကွန်း ဒေါ်ဦးဇွန်းကို ဂုဏ်ပြု၍ အမည်ပေးထားသည့် အခန်းရှိသည်။ ရန်ကုန်မြို့ကြီးတွင် ငွေရှာရန်လာကာ မိဘများကို ပြန်လည် ထောက်ပံ့သည့် အမျိုးသမီးများအတွက် ပရိဟိတစိတ် ပြည့်ဝသည့် မင်းကွန်း ဒေါ်ဦးဇွန်း အမည်ဖြင့် အခန်းကို အမည်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအခန်းမှာ တိုက်ပွဲဝင်၍ ကျဆုံးခဲ့ရသည့် တစ်ဦးတည်းသော သူရ ဘွဲ့ရ အမျိုးသမီးဖြစ်သည့် ထားဝယ်သူ သူရ မချစ်ပိုအမည်ရှိ အခန်း။ စွန့်စားသည့် အမျိုးသမီးများအတွက် ရည်ညွှန်း အမည်ပေးထားသည့် အခန်းဖြစ်သည်။ အဆောင်ပိုင်ရှင်က သူမကိုယ်တိုင် စွန့်စားကာ တစ်နယ်တစ်ကျေးမှ ရန်ကုန်တက် လာသည့် အမျိုးသမီးဖြစ်ပြီး သူမကဲ့သို့ အမျိုးသမီးလေးများအတွက်ဟု ဆိုသည်။ ထိုအခန်းမှာ ဈေးအသက်သာဆုံး ဖြစ်သည်။

ကြည်ကြည်ရဲ့အိမ် အသက်ဝင်ခဲ့သည်မှာ တစ်လဝန်းကျင်သာ ရှိသေးသည်။

ကြည်ကြည်ရဲ့အိမ် လိုင်စင်ရ အမျိုးသမီး အဆောင်လုပ်ငန်းကို အမျိုးသမီးတိုင်း ရည်မှန်းချက်အတွက် ရန်ကုန်မြို့တွင် လာရောက် အလုပ်လုပ်စဉ် လုံခြုံစွာ နေထိုင်နိုင်ရန်နှင့် ဝင်ငွေရသည့် အလုပ်လုပ်နိုင်ရန်အတွက် စတင်ခဲ့သည်ဟု အဆောင်ပိုင်ရှင်ကဆိုသည်။

အဆောင်ပိုင်ရှင်၏ အတွေးတွင် အမျိုးသမီးများ၏ ဘဝအိပ်မက်များကို အကောင်အထည် ဖော်ပေးလိုသည်ကို ၎င်းစီမံထားသည့် အစီအစဉ်များကို ကြည့်၍ သိနိုင်သည်။

ဧပြီလ ၁ ရက်နေ့က စဖွင့်ခဲ့သည့် ကြည်ကြည်ရဲ့အိမ်ကို ပဲ့ကိုင်သူမှာ ဒေါ်ကြည်ကြည်ဝင်းရွှေဖြစ်သည်။ ဒေါ်ကြည်ကြည်ဝင်းရွှေဟု ဆိုသော်လည်း အသက်မှာ ၃၈ နှစ်သာ ရှိသေးသည်။ ကုမ္ပဏီနှစ်ခု ထူထောင်ထားသူ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်သည်။

လွန်ခဲ့သည့်နှစ် သုံးဆယ်ဝန်းကျင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းသဖြင့် ရန်ကုန်မြို့တော်သို့ ရောက်နိုင်ရေးမှာ ထားဝယ်သူ သူ့အတွက် အိပ်မက်တစ်ခုဖြစ်ခဲ့သည်။

လုပ်ငန်းခွင် အမျိုးမျိုးတွင် ဝန်ထမ်းဘဝ ဖြတ်သန်းခဲ့သည့် သူသည် ရန်ကုန် အိပ်မက်ကို အကောင်အထည်ဖော်ရန် ရေကူးအားကစား နည်းပြဘဝဖြင့် စခဲ့ခြင်းဖြစ်သည်ဟု မကြည်ကြည်က ဆိုသည်။ 

“ငယ်ငယ်ထဲက အားကစား လုပ်တယ်။ လုပ်တာကလည်း နိုင်ငံခြားကို သွားချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ။ လုပ်တဲ့အတွက်လည်း အရွေးခံခဲ့ရတယ်”ဟု ထားဝယ်မှ ရန်ကုန်မြေသို့ ခြေချမှု၏ အစပထမကို သူက ပြန်ပြောင်းပြောပြသည်။

၁၉၉၅ ခုနှစ်က ထားဝယ်မြို့နှင့် မတူခြားနားသည့် ကြီးကျယ် ခမ်းနားသည့် ရန်ကုန်မြို့ကို စရောက်လာခဲ့ခြင်းဖြစ်သည်။ 

ထိုခေတ် ထိုအခါက ရန်ကုန်မြို့ကို တက္ကသိုလ် ကျောင်းသူများသာ အဆောင်နေအဖြစ် လာနေခဲ့ကြသေးသော အချိန်ဖြစ်သည်။ မကြည်ကြည် ရန်ကုန်လာခဲ့စဉ်က အသက် ၁၇ နှစ်။

“အမေက မလွှတ်လို့၊ သူတို့ကိုယ်တိုင်က မိန်းကလေးမို့ဆိုပြီး မလာကြဘူး”ဟု မကြည်ကြည်က ထိုကာလက အမျိုးသမီးများ၏ စိတ်မလုံခြုံမှု၊ အုပ်ထိန်းသူများ၏ စိတ်မချကြသည့် အခြေအနေကို ပြောပြသည်။

အားကစားသမားဘဝဖြင့် အဆောင် နေခဲ့ရာမှ ယခုအချိန်ကာလတွင် အဆောင်သူ အများဆုံးစုဝေးရာ နေရာဖြစ်နေသော လှည်းတန်းရှိ အဆောင်တစ်ခုတွင်လည်း နေခဲ့ဖူးသည်။ အဆောင်၏အမည် မျက်လုံးစိမ်းကို မကြည်ကြည် မမေ့။ အဆောင်သူ ဘဝနှင့် မိဘအိမ်တွင်နေရသည့် ဘဝခြားနားမှုကိုလည်း မကြည်ကြည် သဘော ပေါက်ခဲ့သည်။

ရန်ကုန်ရောက် ထားဝယ်သူ၏ ပညာရှာပုံက မတတ်သည့်အရာများကို တစ်ခုပြီးတစ်ခု လေ့လာခဲ့ခြင်းပင်။ အခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စာရင်းကိုင် စသဖြင့် ပညာများကိုလေ့လာရင်း မတူညီသည့် လုပ်ငန်းခွင်များကို လေ့လာခဲ့သည်။ 

“လစာက ဘဝတိုးတက်ရေးမှာ အဲဒီလောက် အထောက်အကူ မဖြစ်ဘူး။ အတွေ့အကြုံရယ်၊ မတူညီတဲ့ လုပ်ငန်းခွင်ရယ်ကို လေ့လာတာရယ်က တိုးတက်စေတယ်လို့မြင်တယ်”ဟု လုပ်ငန်းစုံ ကျင်လည်ခဲ့ပုံကို ပြောပြသည်။

တစ်နယ်တကျေးမှ ရန်ကုန်သို့ ဘဝတိုးတက်ရေးအတွက် ရောက်ခဲ့လာသောသူသည် လုပ်ငန်းခွင်တွင် ဆုံတွေ့သူဖြင့် အိမ်ထောင်ပြုဖြစ်ခဲ့သည်။ လုပ်ငန်းခွင်မျိုးစုံ ကျင်လည်ခဲ့သူ၊ ဘဝတိုးတက်ရေးကို ဦးစားပေးခဲ့သူ မကြည်ကြည်မှာ သားသမီးနှစ်ဦး မွေးဖွားပြီးချိန် မိခင်ဘဝဖြင့် ဖြတ်သန်းနေခိုက် ယုံကြည်ချက်များ ကျဆင်းခဲ့ဖူးသည်။ သို့သော် ထိုအချိန်တွင် မိခင်တစ်ဦးအနေနှင့် နေအိမ်တွင် ခုံတစ်လုံးဖြင့် ဆေးကုမ္ပဏီတစ်ခုကို ဝန်ဆောင်မှုပေးသည့် အလုပ်ဖြင့် အလုပ် ပြန်စလုပ်ခဲ့သည်။ ယင်းမှ ဆေးဖြန့်ချိသည့် ကိုယ်စားလှယ်၊ ဆေးကုမ္ပဏီပိုင်ရှင် ဖြစ်သည်အထိ မကြည်ကြည် ခြေဆန့်နိုင်ခဲ့သည်။

တစ်စိတ်တစ်ဒေသ အနေနှင့် မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းနှင့် ချိတ်ဆက်ခဲ့သည့် အကျိုးဆက်များလည်း ဖြစ်ကြောင်း သူက ဖွင့်ဟသည်။

စီးပွားရေးလောကတွင် အောင်မြင်နေသူ အမျိုးသမီးတစ်ဦး အနေဖြင့် ငွေကြေး အမြတ်အစွန်းထက် လှုမှုရေး အမြတ်အစွန်းကို မကြည်ကြည် တောင့်တမိပြန်သည်။

သူ့ကဲ့သို့ ရန်ကုန်ကို စွန့်စား၍ အလုပ်လာလုပ်သူများ၊ အမျိုးသမီးတစ်ဦးအနေနှင့် အလုပ်လုပ်နိုင်စွမ်းရှိသူများ၊ မိခင်ဖြစ်သည့်တိုင် အလုပ်လုပ်လိုသူများကို မကြည်ကြည်က အစ်မကြီးတစ်ဦး ကဲ့သို့၊ အဒေါ်တစ်ယောက်ကဲ့သို့ ကူညီပေးချင်သည်။ လမ်းပြပေးချင်လာသည်။

ထို့ကြောင့်လည်း ကြည်ကြည်ရဲ့အိမ် အမည်ရှိ လိုင်စင်ရ အဆောင်လုပ်ငန်းကို စတင်ဖြစ်ခဲ့ခြင်းပင်။

“အစ်မတုန်းကလို ရန်ကုန်တက်လာတဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုံခြုံစိတ်ချရတဲ့နေရာလိုတယ်။ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် စိတ်မချတာမျိုး ရှိတာကြောင့် ဒါကိုလုပ်ဖြစ်ခဲ့တာ”ဟု မကြည်ကြည်က ဆိုသည်။

ကြည်ကြည်ရဲ့အိမ်တွင် အတတ်ပညာအတွက် အင်္ဂလိပ်စာသင်တန်း၊ ကျန်းမာရေးအတွက် ယောဂသင်တန်းလည်း ဖွင့်ထားသည်။ အလုပ်လုပ်ကိုင်လိုသူများကို မကြည်ကြည် ကိုယ်တိုင် အတွေ့အကြုံများ မျှဝေပေးပြီး ဆွေးနွေးပေးခြင်း၊ မြန်မာအမျိုးသမီး ဝတ်စုံကို နေ့ချင်းပြီးချုပ်ပေးခြင်း ဝန်ဆောင်မှု၊ စိတ်ဖိစီးမှုများအတွက် စိတ်ကျန်းမာရေး ဆရာဝန်က လာရောက် ဆွေးနွေးပေးခြင်း၊ ဝိပဿနာ တရားအားထုတ်နိုင်ရန် စီစဉ်ပေးခြင်းတို့ကို အဆောင်စတင်သည့် တစ်လအတွင်း လုပ်ပေးနိုင်ခဲ့သည်။

ထိုမျှမကသေး။ မကြည်ကြည်တွင် လုပ်ဆောင်ရန် အစီအစဉ်များ ကျန်နေသေးသည်။ အမျိုးသမီး အလှပြုပြင်ခြင်း၊ အလုပ် လုပ်လိုသည့်မိခင်များ၏ ကလေးများကို ထိန်းပေးသည့် နေ့ကလေးထိန်းကျောင်းတို့ကို တိုးချဲ့ လုပ်ဆောင်သွားဦးမည်ဟု ဆိုသည်။

“ကလေးကြည့်ချင်လို့ အလုပ် မလုပ်ဖြစ်ကြဘူး။ သူ့ကလေးကို သူ့လိုပဲ ကလေးကြည့်ပေးမယ်ဆိုရင် အလုပ်လုပ်ဖြစ်ကြမယ်။ သူ့လိုပဲ ကြည့်ပေးနိုင်တဲ့သူက ဘယ်သူတွေဖြစ်မလဲဆိုတော့ သင်တန်း ပေးထားတဲ့ဆရာမ မဟုတ်ဘူး။ မိခင်တစ်ယောက်လိုပုံစံ မိခင်ကပဲ ပေးနိုင်မှာဆိုတော့ မိခင်ဖြစ်ဖူးသူတွေက ထိန်းပေးမှာ။ ကလေးမွေးဖူးသူ၊ ကလေးထိန်းဖူးသူတွေက ထိန်းပေးမှာ”ဆိုလိုက်သည့် မကြည်ကြည်၏ မိခင်များအတွက် စဉ်းစားပေးမှုက ထောင့်စေ့သည်။

မကြည်ကြည်၏ စီမံမှုများအောက်တွင် နေထိုင်နေကြသူများ၏ လုံခြုံနွေးထွေးမှုမှာ ညဥ့်နက်ချိန် အဆောင်ပြန် နောက်ကျသည့် အမျိုးသမီးလေးများကို စောင့်ဆိုင်းပေးနေသူက သက်သေ တည်နေသည်။ ကြည်ကြည့်အိမ်တွင် အဆောင်ပြန် နောက်ကျသူကို ဖုန်းဆက် မေးမြန်း၍ အိမ်အပြန် စောင့်ပေးသည့် အမျိုးသမီးတစ်ဦးလည်း ထားရှိသည်။

“အလုပ်က ပြန်လာတာ နောက်ကျမယ်ဆိုရင် ကိုယ်က ဖုန်းကြိုဆက်ထားလိုက်တယ်။ နောက်ကျနေရင်လည်း အဆောင်က လှမ်းဆက်မေးတယ်။ မိုးချုပ် ပြန်လာတဲ့အခါ အဆောင်ရှေ့မှာ စောင့်ပေးနေတယ်။ အဲဒါကတော့ ကိုယ့်အမျိုးတစ်ယောက်ယောက်က စောင့်ပေးနေသလို ခံစားရတယ်”ဟု ယုကီကဆိုသည်။

ယင်းသို့သော နွေးထွေးမှုများဖြည့် ဆည်းပေးနိုင်သည့် အမျိုးသမီးများအတွက် ဒုတိယအိမ်ဖြစ်ရန် ဖြည့်ဆည်းရမည်များကို ဖြည့်ဆည်းပေးသွားဦးမည်ဟု ဒေါ်ကြည်ကြည်ဝင်းရွှေက သန္နိဋ္ဌာန် ချထားလေသည်။

“အမေ့အိမ်ကို တကြတယ်။ သီချင်းတွေတောင် ရှိတယ်မလား၊ အရမ်းစိတ်ညစ်ရင် အမေ့အိမ် ပြန်ချင်တာပေါ့နော်။ အမေ့ရဲ့အိမ်၊ နွေးထွေးတဲ့အိမ်ပေါ့နော်။ အစ်မကလည်း အမေ့အိမ်တော့ မဟုတ်ဘူး။ ဒုတိယအိမ်အဖြစ်၊ အမျိုးသမီးတွေအတွက် စိတ်ချရတဲ့အိမ်၊ အားကိုးတာတွေ လိုအပ်နေတာတွေကို ဖြည့်စွမ်းပေးနိုင်မယ့် နေရာအဖြစ် အစ်မ ကြိုးစားသွားမယ်”ဟု ကြည်ကြည့်အိမ်ရှင်က ဆိုလေသည်။

ရလေး