News

POST TYPE

FEATURE

လူကြမ်းသမ္မတနှင့် အကြမ်းဖက်သမားတို့တွေ့ဆုံခြင်း
08-Jun-2017 tagged as IS ဒူတာတေး

“သမ္မတ မားကို့စ်လက်ထက်နဲ့ ဘာမှမခြားတော့ဘူး”

အထက်ပါစကားကို ပြောလိုက်သူမှာ ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေး ကိုယ်တိုင် ဖြစ်သည်။ မင်ဒါနာအို ကျွန်းပေါ်တွင် ဆူပူမငြိမ်သက်မှုများ ဖြစ်ပြီးနောက် စစ်အုပ်ချုပ်ရေးကို အရေးပေါ်ကြေညာပြီး၊ သူက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ သူက တစ်ဆက်တည်းမှာပင် - 
“ကျုပ် ရက်စက်တော့မယ်” ဟုလည်း ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။ 

ဒူတာတေးတစ်ယောက် မော်စကိုသို့ ငါးရက်တာ ခရီးသွားနေစဉ် ဖိလစ်ပိုင် မင်ဒါနာအိုကျွန်းရှိ  မွတ်ဆလင် အများစု နေထိုင်ရာဒေသ ဖြစ်သည့် မာရာဝီမြို့ကို ISIS အကြမ်းဖက်သမားများက သိမ်းပိုက်လိုက် ကြသည်။ အစပိုင်းတွင် ဖိလစ်ပိုင်စစ်တပ်သည် အခြေအနေကို ထိန်းသိမ်းထားလိုက်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အခြေအနေက ပိုပြီး ဆိုးရွားလာသည်။ မွတ်ဆလင် အကြမ်းဖက်သမားများက ခရစ်ယာန် ဘုန်းတော်ကြီးနှင့် အရပ်သားအများကို ပြန်ပေးဆွဲပြီး ဓားဆာခံ လုပ်ထားသည်။ ထို့ပြင် အကြမ်းဖက်သမားများက မင်ဒါနာအိုဒေသကို အစ္စလာမ္မစ်နိုင်ငံတော် (ဝီလာရက်) ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးကုန်တော့သည်။ 

မေလ ၂၄ ရက်နေ့က အကြမ်းဖက်သမားများ မာရာဝီမြို့ကို သိမ်းပိုက်ပြီးနောက် ဖိလစ်ပိုင်စစ်တပ်၏ ပြောရေးဆိုခွင့် ရှိသူများက နိုင်ငံအတွင်း ISIS များ ရှိကြောင်းပြောရန် ငြင်းဆန်ခဲ့ကြသည်။ 
“ပြတ်ပြတ်သားသား ပြောပါ့မယ်။ ဖိလစ်ပိုင်မှာ ISIS ဆိုတာ မရှိပါဘူး” ဟု ဗိုလ်မှူးကြီး အက်ဂတ်အေရီဗာလိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က သူတို့ကို ISIS လို့ ခေါ်လိုက်ရင် နာမည်ကြီးအောင် လုပ်ပေးသလို ဖြစ်သွားမှာပေါ့” ဟုလည်း အေရီဗာလိုက ဆိုသည်။ သူတို့ကို မော်တီလက်နက်ကိုင်အုပ်စု တစ်ခု အနေနှင့်သာ အစိုးရက သတ်မှတ်ထားသည်။ ထိုအဖွဲ့သည် အဘူဆေရာ့ဖ်အဖွဲ့နှင့်လည်း မဟာမိတ် ဖွဲ့ထားပြီး တောင်ပိုင်း မင်ဒါနာအိုဒေသတွင် လှုပ်ရှားနေကြသူများ ဖြစ်သည်။ 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တစ်နေ့တွင် မာရာဝီမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုမြို့သည် မွတ်ဆလင် အများစု နေထိုင်ရာ မြို့ကြီးဖြစ်ပြီး လူဦးရေ နှစ်သိန်းခန့် ရှိသော မြို့ကြီးတစ်မြို့လည်း ဖြစ်သည်။

ဗိုလ်မှူကြီး အေရီဗာလိုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့်စ ကားကို သမ္မတ ဒူတာတေးကပြောသည်။ ဗိုလ်မှူးကြီးက ဖိလစ်ပိုင်တွင် ISIS များမရှိဟု ပြောသော်လည်း သမ္မတက ISIL (the Islamic State of Iraq and the Levant) အကြမ်းဖက်သမားများ ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားမှ ချက်ချင်းပြန်လာခဲ့သော ဒူတာတေးက -

“အစိုးရအနေနဲ့ ပြဿနာကို အဆုံးသတ်မယ်။ ကျွန်တော်ISIS တွေနဲ့ မကစားဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က နေရာအနှံ့ ရှိနေနိုင်တာပဲ။ ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့မရဘူး။ အရှေ့အလယ်ပိုင်းဒေသမှာလို မဖြစ်အောင် သတိထားရမယ်” ဟု မနီလာမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

မော်စကိုမှာ ကတည်းက ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဒယ်လ်ဖင် လိုရန်ဇာနာက သူ့ကို သတိပေးသည်။ မော်တီ သူပုန်များနှင့် ISIL များသည် အတူတူဖြစ်သည်ဟု သတိပေးခဲ့သည်။ သူပုန်တွေ၏ နောက်ကွယ်တွင် နိုင်ငံတကာ ကျောထောက်နောက်ခံတွေ ရှိနေသည်ဟု သမ္မတကို သူက ပြောခဲ့သည်။

မေလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက မာရာဝီမြို့ အနီးတွင် တာဝန်ယူထားသည့် ရဲမှူးကြီးတစ်ယောက် ခေါင်းဖြတ်အသတ်ခံလိုက်ရသည်ဟု ထုတ်ပြန်သည်။ သို့သော် အကြမ်းဖက်သမားများ သိမ်းပိုက်ထားသည့် ဒေသများတွင် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းထားမှုများကို ကြားလာရသည်။ ဒူတာတေး ပြောနေသည့် ခေါင်းဖြတ်ပြီး စီရင်နေသည် ဆိုခြင်းမှာ သတင်းမှားကြီးတစ်ခု ဖြစ်နေသည်။ ထိုရဲမှူးမှာ အသက်ရှင်နေကြောင်း Washington Post တွင် ရေးသားထားသည်။

မာရာဝီတွင် မေလ ၂၃ ရက်နေ့ ကတည်းက ပထမဆုံး စစ်ဆင်ရေးကို စတင်ခဲ့သည်။ သမ္မတရုံး သတင်းထုတ်ပြန်ရေးဌာနက သတင်းထုတ်ပြန်ရာတွင် အဘူ ဆေရက်ဖ်အဖွဲ့ ခေါင်းဆောင် အိုက်စ်နီလွန် ဟာပီလွန်နှင့် သူ၏ နောက်လိုက် ၁၅ ဦးခန့်ကို ပစ်မှတ်ထားကာ လိုက်လံတိုက်ခိုက်နေသည်ဟု ဆိုသည်။ 

ဇွန်လ ၁ ရက်နေ့တွင် ဒူတာတေးက သူပုန်အဖွဲ့သည် ISIS အဖွဲ့ စစ်စစ်ဖြစ်ကြောင်း ထပ်မံထုတ်ဖော်ပြောဆိုသည်။ သူတို့သည် နှစ်ပေါင်းများစွာ အစီအစဉ်ဆွဲပြီး တိုက်ခိုက်မှုကို လုပ်ရုံမက နိုင်ငံခြားမှ အကြမ်းဖက်သမားများလည်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။  
တိုက်ပွဲသတင်းများ ကြားရသည်မှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာသည်။ အကြမ်းဖက်သမား ၁၂၀ ခန့်ကို အသေဖမ်းဆီးရမိခဲ့သည်။ ထိုသူများထဲတွင် မလေးရှား နှစ်ဦး၊ အင်ဒိုနီးရှားနှစ်ဦး၊ ဆော်ဒီနှစ်ဦး၊ ယီမင်နှင့် ချေချန်တစ်ဦးစီ အသေဖမ်းဆီးမိကြောင်း ကာကွယ်ရေးဌာန အကြီးအကဲ လော်ရန်ဇာနာက ပြောကြားသည်။ သူက အကြမ်းဖက်တိုက်ခိုက်သူ ၅၀ မှ ၁၀၀ ကြား ကျန်ရှိနိုင်သေးကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ 

ဇွန်လ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် အရေအတွက်က ပြောင်းလဲသွားပြန်သည်။ မြို့ကို သိမ်းပိုက်ထားသည့် သူပုန်အရေအတွက်မှာ ပြည်တွင်းပြည်ပ အကြမ်းဖက်သမား ၅၀၀ ခန့် ရှိမည်ဟု ဆိုသည်။ သူတို့အထဲတွင် သူပုန် ၂၀၀ မှ ၂၅၀ ခန့်သည် ပုန်းအောင်းနေကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

သူပုန်များ သေဆုံးမှု ၁၂၀ ခန့် ရှိလာကြောင်း ထုတ်ပြန်နေချိန်တွင် နောက်ထပ် ၅၀၀ ခန့် ကျန်နေသေးကြောင်း အစိုးရ၏ ထုတ်ပြန်ချက်က စိုးရိမ်စရာ ဖြစ်လာသည်။ မေလ ၂၉ ရက်နေ့က အစိုးရတပ်များ အနေနှင့် မာရာဝီကို ထိန်းချုပ်နိုင်ပြီဟု ဆိုထားသော်လည်း အခြေအနေက မရေရာသေး။ သို့သော် တပ်မတော်မှ ဗိုလ်ချုပ်ကြီး အေနိုက အဆိုးဆုံး အချိန်တွေကို လွန်မြောက်ပါပြီဟု ဆိုသည်။ သို့သော် လုံးဝကင်းရှင်းသွားပြီဟု မဆိုနိုင်သေးပေ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုလျှင် မာရှယ်လော ထုတ်ပြန်ခွင့် သတ်မှတ်ရက်မှာ ရက်ပေါင်း ၆၀ သာ ဖြစ်သည်။ သို့သော် ဒူတာတေးက လွှတ်တော်ကို နှစ်လထက် ပိုပြီး မာရှယ်လောကို သတ်မှတ်ခွင့်ပေးရန် တောင်းဆိုထားသည်။ ကာကွယ်ရေးဝန်ကြီးက တစ်ပတ်အတွင်း ပြီးသွားမည်ဟု ပြောသော်လည်း အခြေအနေမှာ မငြိမ်းအေးနိုင်သေးသည့် အနေအထားတွင် ရောက်နေသေးကြောင်း သိသာလှသည်။

တိုက်ပွဲများဖြစ်ပွားပြီး သေဆုံးနှုန်းက မြင့်တက်လာသည်။ ၁၇၈ ဦးခန့် ရှိမည်ဟု ဆိုသည်။ ထိုအထဲတွင် အရပ်သားရော စစ်သားများ ပါဝင်သည်။ အရပ်သားတစ်ဦး စနိုက်ပါနှင့် အပစ်ခံရပြီး သေဆုံးခဲ့သည်။ စစ်တပ်က အရပ်သား ၁၈၁ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဇွန်လ ၃ ရက်နေ့အထိ စစ်သား ၁၁ ဦးကျ ဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ မာရာဝီတွင် နေထိုင်သည့် အရပ်သားနှစ်သိန်းခန့်မှာ ပြောင်းရွှေ့ရန် ဖိအားများ အပေးခံနေရသည်။ 

လွန်ခဲ့သော တစ်ပတ်ကျော်ကျော်ခန့် ကတည်းက တပ်မတော်မှ တာဝန်ရှိသူများက မိမိတို့အနေနှင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ထုတ်ပြန်ထားပြီး ဖြစ်နေသည်။ ဖိလစ်ပိုင် တပ်မတော်ကလည်း မာရဝီမြို့ တစ်ဝိုက်ကို သိမ်းပိုက်ရှင်းလင်းပြီး ဖြစ်သည်။ သို့သော်မြို့ထဲရှိ အချို့သောနေရာများကို  အရပ်သားများ ပြန်ခွင့်မရှိဘဲ ကန့်သတ်ထားသည့် နေရာတွေ ရှိနေသေးသည်။ မာရာဝီမြို့ထဲတွင် အစိုးရရုံးစိုက်ရာ နယ်မြေတစ်ဝိုက်တွင်သာ လုံခြုံငြိမ်းချမ်းသည့် နေရာဖြစ်နေသည်။ 

ဇွန်လ ၄ ရက်နေ့တွင် ဖိလစ်ပိုင်အစိုးရနှင့် ISIL အကြမ်းဖက်သမားများကြားတွင် စစ်ပြေငြိမ်းရန် သဘောတူညီချက် ရသွားပုံရှိသည်။ မာရာဝီတစ်ဝိုက်တွင် တိတ်ဆိတ်နေသည်။ သမ္မတ ဒူတာတေးကို MNLF (Moro National Liberation Front) တပ်ဖွဲ့ဝင် ၂၀၀၀ က အကူအညီပေးမည်ဟု သဘောတူပြီး သမ္မတနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်သောကြောင့်လည်း ဖြစ်နိုင်သည်။ 

အကြမ်းဖက်သမားများနှင့် အစိုးရသည် ဇွန်လ ၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားကြသည်။ မနက် ၈ နာရီမှ စတင်ကာ လေးနာရီအကြာ အပစ်အခတ် ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဖိလစ်ပိုင်စစ်တပ်က အရပ်သားပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမည် ဖြစ်သောကြောင့် ထိုသို့ အပစ်အခတ်ရပ်စဲမည်ဟု ဆိုသဖြင့် ပြဿနာမှာ အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားကို ရောက်ပြီဟု မပြောနိုင်သေးပေ။

ဇွန်လ ၄ ရက်နေ့ မနက် ၉ နာရီတွင် အရပ်သားများကို စတင်ပြောင်းရွှေ့ပေးခဲ့ကြသည်။ အရပ်သား ၁၇၉ ဦးကို ကယ်တင်နိုင်ခဲ့ကြသည်။ ယနေ့အထိ ကယ်ဆယ်နိုင်ခဲ့သော အရပ်သားပေါင်းမှာ ၂၀၀၀ ခန့်သာ ရှိသေးသည်။ ထိုကယ်ဆယ်မှုဖြစ်စဉ်တွင် စစ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။ စစ်တပ်က တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ မှ ၂၈ ဦးအထိ ရှိကြောင်း အစိုးရက ထုတ်ပြန်သည်။ အများစုမှာ အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

မာရာဝီ အရေးအခင်း နောက်ကွယ်တွင် ISIS အကြမ်းဖက်သမားများ ကြိုးကိုင်နေသည် ဆိုခြင်းမှာ သေချာသလောက် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လော်ရန်ဇာနာကလည်း ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လော်ရန်ဇာနာက -

“ကျွန်တော်တို့ ဒီပြဿနာကို ဖန်တီးသူတွေဟာ အိုင်အက်စ်တွေဖြစ်ကြောင်း ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ စစ်တပ်ကလည်း သူတို့ကို လိုက်လ နှိမ်နင်းနေပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သမားတွေ တောတောင်တွေထဲမှာ ပုန်းအောင်းနေတုန်းပဲ။ သူတို့နောက်ဆုံး ကျည်ကုန်တဲ့အထိ တိုက်ခိုက်မယ့်ပုံ ပေါ်တယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် မော်တီအုပ်စု၏ ထကြွသောင်းကျန်းနေမှုမှာ ၂၀၁၃ ခုနှစ်ခန့် ကတည်းက ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကတည်းက ဒါဗာအိုမြို့တော်ကို ဗုံးဖြင့်တိုက်ခိုက်မှု နှစ်ကြိမ်တိုင် လုပ်ဆောင်ခဲ့သည်။ ယခုထကြွသောင်းကျန်းမှုများကလည်း သူတို့နှင့် ပတ်သက်နေသည်။ 
မော်တီသူပုန်တို့သည် အလွန်ကြောက်စရာကောင်းသူများ ဖြစ်သည်။ သမ္မတ ဒူတာတေး ယခင်က မြို့တော်ဝန်အဖြစ် အုပ်ချုပ်ခဲ့သည့် ဒါဗာအိုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကတည်းက ဒူတာတေးကို စိန်ခေါ်နေပြီဟု ယူဆစရာ ဖြစ်နေခဲ့သည်။ 

ဖိလစ်ပိုင် ပြည်တွင်းအရေးတွင် နိုင်ငံခြားတပ်ဖွဲ့ဝင်များ ပါဝင်လာသည် ဆိုခြင်းက ဒူတာတေးအတွက် ခေါင်းခဲစရာ ဖြစ်သည်။ အထူးသဖြင့် အာရပ်ကမ္ဘာကပါ ပါဝင်လာခြင်းမှာ မော်တီသူပုန်များ အနေနှင့် ဖိလစ်ပိုင်တွင် မည်သည့် အနေအထား ရှိနေကြောင်းကိုလည်း မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ရာမီဇတ် ရာကူဒါ၏ ပြောကြားချက်အရ ISIS အကြမ်းဖက် ပူးပေါင်းတိုက်ခိုက်ရေးသမားပေါင်း မင်ဒါနာအိုတွင် ၁၂၀၀ ခန့်အထိ ရှိနေပြီဟု ဆိုထားချက်က စိုးရိမ်စရြာ ဖစ်နေသည်။ 

ဒူတာတေးအတွက် ပိုပြီး စိုးရိမ်စရာကောင်းသည့် အချက်မှာ ISIS တို့က မင်ဒါနာအိုကို ကမ္ဘာ့အကြမ်းဖက်သမားတို့၏ ဗဟိုဌာနကြီးအသွင် ဖန်တီးသွားမည့်အရေး ဖြစ်သည်။ ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းမှုသည် လက်သံပြောင်လွန်းလှသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပင် ထောက်ခံပြောဆိုမှုများကို ခံခဲ့ရသည်။ ရုရှားသမ္မတ ပူတင်ကလည်း ဒူတာတေးကို လက်ခံပြီး ချီးမြှောက်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အကြမ်းဖက် ISIS တို့ စိုးမိုးလာမည့် အရေးအပေါ် အင်အားကြီး အမေရိကန်ပြည်ထောင်စုက မည်သို့ အထောက်အပံ့ အကူအညီပေးမည်နည်း။ ဒူတာတေးကိုယ်တိုင်က မည်သို့အကွက်ရွှေ့ပြီး မူယစ်ဆေး နှိမ်နင်းသည့်ပုံစံအတိုင်း ကြမ်းပြရမ်းပြမည်နည်း ဆိုသည်မှာ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် စိတ်ဝင်စားစွာ စောင့်ကြည့်ရမည့် အရေးတစ်ခု ဖြစ်သည်။

(Ref : Reuters; AFP; Nikkei Asian Review; PhilStar Global)

ကျော်ဗလ