News

POST TYPE

FEATURE

ရေဆန်လမ်းမှ အညတရကြယ်စင်
ခပ်ကျဉ်းကျဉ်း တိုက်ဆောင်လေးထဲတွင် ကလေးငယ်တို့၏ ပျော်ရွှင်စွာ ဆော့ကစားသံများ၊ ကဗျာရွတ်သံ မပီကလာများကို ကြားရသည်။ ရပ်ကွက်အတွင်းမှ ငွေကြေးမပြည့်စုံသူ မူကြိုအရွယ် ကလေးမိဘများအတွက် အားကိုးအားထားရာ တစ်ခုတည်းသော ဂေဟာလေး။ ထိုဂေဟာလေးတွင် ကလေးငယ်များအကြား အဖြူရောင်အင်္ကျီ၊ အပြာရောင်ထဘီဖြင့် ထိန်းကျောင်းပြသနေသော ဆရာမလေးတစ်ဦး ရှိသည်။

မူကြိုတွင် စာသင်သည့် ဆရာမလေးတစ်ယောက်မှာ မည်သည့်ထူးခြားမှု ရှိသနည်း။

ထူးခြားပါသည်။

ထိုဂေဟာလေး၏ အမည်မှာ တောင်တွင်းကြီးမြို့၊ ဗိုလ်ချုပ်လမ်း၊ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ကြယ်စင်ကောင်းကင် နေ့ရင်ခွင်အခမဲ့ မူကြိုကျောင်း ဖြစ်သည်။ ထိုကျောင်းလေးတွင်  ကလေးငယ်လေးများကို ထိန်းကျောင်းစာသင်ပြခြင်းဖြင့် နေ့စဉ်ဘဝကို မြှုပ်နှံထားခဲ့သည့် ထိုဆရာမလေးသည်  မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် သာမက နိုင်ငံတကာ နိုင်ငံရေးလောကတွင်ပါ ထင်ရှားခဲ့သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏  အကျယ်ချုပ်ခံ ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အိမ်ကြီးတစ်လုံးထဲတွင် အဖော်ပြု နေထိုင်ခဲ့သည့် အမျိုးသမီးလေးပင် ဖြစ်သည်။

သူ့နာမည်မှာ မဝင်းမမ ဖြစ်သည်။

“ဒီပဲရင်း အရေးအခင်း ဖြစ်ပြီးတော့ ၂၀၀၄ မှာ အန်တီ့ (ဒေါ်အောင်ဆန်းစုကြည်) ကို အကျယ်ချုပ် ထပ်ချပါတယ်။ ပထမ အကျယ်ချုပ် သက်တမ်းတုန်းက အမေက အန်တီ့ဘေးနား နေပေးခဲ့တာပါ။ အဲဒီမှာ အန်တီက အမေ့ကိုခေါ်တော့ အငယ်လေးပါ ခေါ်ခဲ့တော့ဆိုပြီး ပြောတာ။ ကျွန်မက အဲဒီအချိန်မှာ တောင်တွင်းကြီးမှာ အထည်ဆိုင်ဖွင့်နေရာက ထလိုက်လာခဲ့တာ” ဟု မဝင်းမမက ဆိုသည်။

မဝင်းမမကို အငြိမ်းစား ကျောင်းဆရာကြီး ဦးဉာဏ်လင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းတစ်လျှောက် အနီးကပ်နေခဲ့သည့် အငြိမ်းစား ကျောင်းဆရာမ ဒေါ်ခင်ခင်ဝင်းတို့မှ  တောင်တွင်းကြီးမြို့တွင် မွေးဖွားခဲ့သည်။

နိုင်ငံရေးတက်ကြွသူ မိဘနှစ်ပါးမှ မွေးဖွားလာသည့် မဝင်းမမတို့ မောင်နှမတစ်သိုက်သည် နိုင်ငံရေး မုန်တိုင်းထန်စဉ်ကာလ ဒုက္ခအဝဝကို မိဘနှစ်ပါးနှင့်အတူ ခံစားခဲ့ရသည်။

NLD ပါတီ၏ အမာခံ စည်းရုံးရေးမှူးတစ်ဦး ဖြစ်သော မိခင်ဖြစ်သူကို အစိုးရက နှိပ်ကွပ်မှုများစွာ ရှိခဲ့သည်။ သို့သော် မဝင်းမမ၏ ကိုယ်တွင်းစီးဆင်းနေသော နိုင်ငံရေးစိတ်ဓာတ်သည် မိဘများနည်းတူ ဦးကျိုးမသွားခဲ့။

“ကျွန်မ ဆယ်တန်းကျောင်းသူဘဝမှာ မိဘတွေက ချင်းပြည်နယ်ကနေ ဝက်ထီးကန်ကို ပြောင်းလာတဲ့အချိန် ၈၈ အရေးအခင်း ဖြစ်တာပေါ့။ ကျွန်မလည်း အရေးအခင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နိုးကြားလာတယ်။ အရေးအခင်းအပြီးမှာ NLD ပါတီကို ဝင်ဖြစ်ခဲ့တယ်၊ စည်းရုံးရေးမှူးတာဝန် ထမ်းဆောင်ခဲ့တယ်” ဟု မဝင်းမမက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲပြီးသည့်နောက် နိုင်ငံရေးသမားများကို နှိပ်ကွပ်မှုများ ပိုမိုကြမ်းတမ်းလာခဲ့ပြီး  မဝင်းမမတို့ မိသားစုမှာ ရန်ကုန်တွင် နေရေးထိုင်ရေးကအစ အခက်တွေ့ခဲ့ကြသည်။

နိုင်ငံရေးသမားများကို ငှားသည့်အိမ်ဆိုလျှင် ဖိအားပေးသည့်အတွက် မဝင်းမမတို့ မိသားစုသည် ၁၉၉၃ မှ ၁၉၉၅ ခုနှစ် ၂ နှစ်အတွင်း ခုနစ်ကြိမ်တိတိ အိမ်ပြောင်းရွှေ့ခဲ့ရကြောင်းကို မဝင်းမမ၏ မိခင်  ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

“ရန်ကုန်မှာက နိုင်ငံရေးလောကကလည်း  ရှုပ်ထွေးတယ်။ အဲဒီအချိန်မှာ ကျွန်မက ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပြီး အေးအေးပဲ နေတတ်တော့ အမေက နိုင်ငံရေးကို သူပဲလုပ်မယ်။ ကျွန်မကို မလုပ်စေချင်ဘူးဆိုတော့ ကျွန်မ တောင်တွင်းကြီး ပြန်သွားခဲ့ပါတယ်” ဟု မဝင်းမမက ဆိုသည်။

အမှန်တကယ်ပင် မဝင်းမမ၏ ပုံသဏ္ဌာန်မှာ ရိုးအေးလှသည်။ စကားကို တန်ဆာဆင် မပြောတတ်။  သူမတို့ မိသားစု၏ နိုင်ငံရေးဖြတ်သန်းမှုကာလ တစ်လျှောက် ဒုက္ခများကိုဆိုလျှင် တစ်ခွန်းမှပင်မဟ။
“ဒီလိုပါပဲ ကိုယ်ယုံကြည်လို့ လုပ်တာပဲလေ” ဟု ရယ်မောပြောဆိုကာ ခေါင်းငုံ့သွားသည်။

မဝင်းမမသည် ရန်ကုန် နိုင်ငံရေးလောကကို စွန့်ခွာပြီး တောင်တွင်းကြီးမြို့တွင် အထည်ဆိုင်လေး ဖွင့်နိုင်ခဲ့သည့် အခြေအနေ၌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နောက်ထပ်တစ်ကြိမ် အကျယ်ချုပ်ကျခံရန် ဖြစ်လာပြန်သည်။

“၂၀၀၄ ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ခံရတော့ သူနဲ့အတူနေဖို့ အမေနဲ့ ကျွန်မကို လှမ်းခေါ်တယ်။ အဲ့ဒီအချိန် အမေ့အသက်က ၆၈ နှစ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၆၀ ဝန်းကျင်။

“ခြံထဲကို ရောက်တဲ့အခါမှာတော့ တကယ်လည်း အသက် ၆၀ ကျော် နှစ်ယောက်ကြားမှာ ကိုယ်ပဲ ယောက်ျားလေးလိုရော၊ မိန်းကလေးလိုရော လုပ်ပေးရတယ်” ဟု မ၀င်းမမ ကပြောသည်။

သက်ကြီးပိုင်း နှစ်ဦးနှင့်အတူ နေရသည့် လူငယ်တစ်ယောက် အနေနှင့် ထိုကာလများတွင် မပျင်းရိဘူးလား ဆိုသည့် မေးခွန်းကိုမူ မဝင်းမမက “ပျင်းချိန်မရပါဘူး” ဟုသာ ရယ်မောလျက် ဖြေသည်။

အကျယ်ချုပ်ကာလများတွင် မဝင်းမမအဖို့ အမှန်တကယ်လည်း ပျင်းချိန်မရခဲ့။

“နေ့တိုင်း မနက် ၅ နာရီမှာ ကျွန်မတို့ သားအမိ နှစ်ယောက် အိပ်ရာထကြတယ်။ အငယ်လေး (မဝင်းမမ) က ဆွမ်းချက်တယ်။ ဘုရားခန်း သန်ရှင်းနေတယ်။ ကျွန်မက ခြံထဲက ပန်းတွေ ဘုရားကပ်ဖို့ခူးပေါ့။ နေ့ခင်းဆို ခြံထဲမှာ စိုက်ထားတဲ့သီးပင်၊ စားပင်တွေကို မြေဆွပေါင်းသင်တာလည်း အငယ်လေးပဲ။ ခြံကလည်း ကိုယ်တတ်နိုင်သလောက် ရှင်းရတာပဲ။ မြွေတွေကလည်း ပေါသေး” ဟု မဝင်းမမ၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းက ဆိုသည်။

ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အကျယ်ချုပ်ကာလအတွင်း ၂၀၀၇ အရေးအခင်းနှင့် နာဂစ်မုန်တိုင်းကာလတို့ကို ဖြတ်ကျော်ခဲ့ရပြန်သည်။

၂၀၀၉ ခုနှစ် မေလ ၄ ရက်နေ့တွင်တော့ မဝင်းမမတို့ သားအမိသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အင်းစိန်ထောင်သို့ရောက်ရန် အကြောင်းတစ်ခု ဖန်လာပြန်သည်။

“အဲဒီနေ့က ကျွန်မက ဆွမ်းထချက်ချိန် ညည်းသံကြီး ကြားရတာ။ အဲ့ဒါနဲ့ အမေ့သွားနှိုးပြီး  အနောက်လှေကားအောက်ကို ကြည့်တော့ နိုင်ငံခြားသားတစ်ယောက်ကို တွေ့ရတာပဲ” ဟု မဝင်းမမက ဆိုသည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့  အင်းယားကန်မှ တစ်ဆင့် ရေကူးဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင်တော့ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် မဝင်းမမတို့ သားအမိကို အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားလေသည်။

“အင်းစိန်မှာ ရှိတဲ့အချိန် မှတ်မှတ်ရရက ထောင်ဟိုဘက်မှာ အကျဉ်းဦးစီးဝန်ထမ်း သင်တန်းရှိတယ်။ အဲ့ဒီသင်တန်းမှာ သင်တန်းသားတွေ ဆိုနေတဲ့ စစ်ချီတေးက ဌာန်ကရိုဏ်းမကျဘူးဆိုပြီး အန်တီစုက ကျွန်မကို ပြောတယ်။ ပြီးတော့ အဝင်း လိုက်ဆိုကြည့်ဆိုပြီး  သူက ရှေ့ကဆိုပြ ကျွန်မကို နောက်က လိုက်ဆိုခိုင်းတယ်။ ပြီးလည်း ပြီးရော ကဲ... အဝင်း... သူတို့ကို သွားသင်ပေးလိုက်တော့ ဆိုတော့ ကျွန်မမှာ ရယ်လိုက်ရတာလေ” ဟု မဝင်းမမက ရယ်မောရင်း ဆိုသည်။

မဝင်းမမသည် အကျဉ်းစံကာလများတွင်ပင် ခံစားရသည့် နာကျင်မှုကိုမပြော။ ပျော်ရွှင်စရာ အကြောင်းအရာကိုသာ ဦးတည်ပြောတတ်သူ ဖြစ်သည်။

၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ဝင်းမမတို့ သားအမိကို အစိုးရက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်လေသည်။

ထို့နောက် အစိုးရက သုံးဦးလုံးကို ပြစ်ဒဏ်ထက်ဝက်သို့ လျှော့ချပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အကျယ်ချုပ်ဖြင့် ပြန်လည်နေထိုင်ခွင့် ပြုလိုက်သည်။

“ခြံထဲမှာ အပေါဆုံးကတော့ မြွေတွေပဲ။ ကျွန်မ ရေစင်ပေါ်တက်ပြီး ရေစည်သန့်ရှင်းရေး လုပ်ပြီဆို အရင်ဆုံး ဖြတ်ကျော်ရတာ မြွေတွေပဲ။ မြွေတွေက ဒေါ်အောင်ဆန်းစုကြည် အခန်းထဲအထိပါ ဝင်တာ” ဟု အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် မဝင်းမမက ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ မဝင်းမမသည် အကျယ်ချုပ်ကာလအတွင်း ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံကြီးထဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းတို့နှင့်အတူ ခြောက်နှစ်ကြာ နေခဲ့ရသည်။ 

အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် မဝင်းမမနှင့် မိခင် ဒေါ်ခင်ခင်ဝင်းတို့သည် ဇာတိဖြစ်သော တောင်တွင်းကြီး မြို့လေးတွင်ပင် ပြန်လည်နေထိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်း၏ အိပ်မက်ဖြစ်သော ကြယ်စင်ကောင်းကင် နေ့ရင်ခွင့် အခမဲ့ မူကြိုကျောင်းကို တောင်တွန်းကြီးမြို့၊ ဗိုလ်ချုပ်လမ်းတွင် တည်ထောင်နိုင်ခဲ့သည်။

တည်ထောင်နိုင်ခဲ့သည် ဆိုသော်လည်း ကိုယ်ပိုင်အဆောက်အအုံဖြင့် မဟုတ်ဘဲ သီရိမင်္ဂလာတိုက်သစ် ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် တွဲဖက်ဖွင့်ထားရခြင်းမျိုးပင်။ ထိုကျောင်းကလေးတွင် မဝင်းမမသည် မူကြိုဆရာမ ဖြစ်ရပြန်သည်။

“ငွေကြေးမတတ်နိုင်တဲ့ ကလေးမိဘတွေအတွက် အဆင်ပြေအောင် ဖွင့်တာပါ။ ဒီကျောင်းမှာက ကလေးတွေကို စာချည်းပဲ သင်တာမျိုးမဟုတ်ဘဲ တခြားကာယ၊ ဉာဏဆိုင်ရာ ဖွံ့ဖြိုးရေး အတွက်ပါ စနစ်တကျ သင်ပေးပါတယ်။ ကလေးတွေကြားမှာ ကျွန်မ ပျော်ပါတယ်”

မဝင်းမမ။

တစ်ချိန်က သံမဏိ အမျိုးသမီးကြီး၏ ခယောင်းလမ်းတွင် အညတရ ကြယ်တစ်ပွင့်အဖြစ် အတူတကွ ဖြတ်ကျော်ခဲ့သော သူမသည် ယခုအခါ အနာဂတ်၏ ကြယ်စင်လေးများအတွက် သူ့ရင်ခွင်ကောင်းကင်ကို ဖွင့်ထားပြန်သည်။

“နိုင်ငံရေးဆိုတာ ကိုယ်က ပြန်ယူရတာမျိုး မဟုတ်ဘူး” ဟု ယူဆထားသော ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့သည် ယခုအချိန်တွင် အညတရ လူသားများအဖြစ် ရပ်တည်နေကြသည်။

သို့သော်လည်း သူတို့သည် အနာဂတ် ကြယ်စင်လေးများကို တတ်နိုင်သလောက် ထွန်းလင်းခွင့်ပေးမည့် အညတရ ကောင်းကင်များအဖြစ် ပျော်ရွှင်ကျေနပ်နေကြသည်ကိုတော့ လူသိနည်းလွန်းလှပါသည်။ 

ဓာတ်ပုံ - ခက်ဇော်

ခက်ဇော်