News

POST TYPE

FEATURE

တစ်ရွာပြောင်းသူများ၏ အသုပ်စုံ
27-May-2017 tagged as


ရန်ကုန်မြို့၏ အချက်အချာ ကျသော လမ်းနေရာများတွင် အလေးချိန် ၁၀ ပိဿာနီးပါး ရှိသည့် ဆိုင်းထမ်းကို တအိအိ သယ်ယူလာကာ အမျိုးသားအချို့ ဈေးရောင်းရန် ပြင်ဆင်နေကြလေသည်။ ယင်းနောက် ယခုလို ဝယ်သူခေါ်ယူလိုက်သည်။

“ရခိုင်သုပ် ဗမာသုပ် အစုံသုပ် စုံတယ်လေ။ အစ်မလာ ထိုင်၊ ဘာစားမလဲ” ဖြတ်သွားဖြတ်လာမှန်သမျှ လူတိုင်းကို တစာစာ ခေါ်ပြီး ဈေးရောင်းနေသည့် အမျိုးသားအချို့၏ အသံကို ရန်ကုန်မြို့၏ လူစည်ကားရာ လမ်းမအချို့တွင် နံနက် ၈ နာရီဝန်းကျင်ခန့်က စ၍ ကြားရသည်။ နံနက် ရောင်နီသန်းချိန်ကတည်းကစကာ ရောင်းချနိုင်ရန် ပြင်ဆင်နေရသည့် ထိုဆိုင်များသည် အထမ်းဖြင့် ရောင်းချသည့် အညာအသုပ်စုံဆိုင်များ ဖြစ်လေသည်။

ရန်ကုန်မြို့တွင် နေထိုင်သူများအဖို့ နံနက်စာ အဆာပြေအတွက် သာမက နေ့လယ် နေ့ခင်းအတွက်လည်း အဆင်ပြေလှသည့် အထမ်းသည်များပင်။ ထိုအထမ်းသည်များထံမှ  ရခိုင်သုပ်၊ ဗမာသုပ်မျိုးစုံ ဝယ်ယူစားသုံးလို့ ရနိုင်သည်။

“အသုပ်ကတော့ ရောင်းရင်းက တတ်သွားတာ။ ဝါသနာ ပါလို့တော့ မဟုတ်ဘူး။ ပိုက်ဆံရှာရတာ အဆင်ပြေလို့ပါ”ဟု မြို့လယ်တွင် ဈေးရောင်းချသူတစ်ဦးဖြစ်သည့် ကိုရဲထွန်းဦးက ပြောပြသည်။

ကုန်သည်လမ်းနှင့် ၃၁ လမ်းကြားထိပ်တွင် ၎င်းကို ညီငယ်နှစ်ဦးနှင့်အတူ သွက်လက်ဖျတ်လတ်စွာ ဝယ်သူခေါ်ရင်း ရောင်းချနေသည်ကို တွေ့ရသည်။ အသားညိုညိုနှင့် သွက်လက်နေသော သူက နှုတ်ကခေါ်နေသလို ဆိုင်ထဲ ဝင်ထိုင်သည့် စားသုံးသူများကို အစားသောက် ပြင်ပေးရာတွင်လည်း လစ်ဟာမှုမရှိစေရ။ ထိုအလုပ်ကို သူလုပ်ကိုင်ခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီဟု သူကဆိုသည်။

နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီခွဲအထိ ရောင်းချသူများ ရှိသကဲ့သို့ ညနေပိုင်း တစ်ဖြတ်သာ ရောင်းချသူများလည်း ရှိသည်။ ရခိုင်မုန့်တီ၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်၊ ထမင်းသုပ်၊ တို့ဟူးသုပ်၊ ရှောက်သီးသုပ်၊ ငါးဖယ်သုပ်၊ သင်္ဘောသီးသုပ်တို့ကို ရောင်းချကြခြင်းဖြစ်သည်။

များပြားလှသော အသုပ်အမယ်များကို အထမ်းပေါ်သို့တင်ကာ ရောင်းချသည့်နေရာသို့ နိစ္စဓူဝ လာရောက်ရသည်က လွယ်ကူသည့် အလုပ်တော့ မဟုတ်ပေ။ 

ထမင်းတစ်ပွဲ ၂၀ဝ၊ အသုပ်တစ်ပွဲ ၄၀ဝ၊ ငါးဖယ် သုံးခု ၂၀ဝ၊ ကြာဆံချက် တစ်ပွဲ ၃၀ဝ ဟူသည် အခြေခံလူတန်းစားများ စားနိုင်သည့် ဈေးနှုန်းဖြစ်ရာ ဆိုင်အများစုမှာ အရောင်းအဝယ် ကောင်းသည်။ ရုံးတက်၊ ရုံးဆင်းချိန်တွင် အဆိုပါ အထမ်းသည်များနားတွင် လူစည်ကားလှသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အကောင်အထည်ဖော် ပြောင်းလဲမှုတစ်ခုအနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်က ကမ်းနားလမ်းတွင် ညဈေးတန်းတစ်ခုကို အကောင်အထည် ဖော်ခဲ့သည်။ ရန်ကုန်မြို့တွင်း မြို့နယ်လေးခုမှ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းသို့ ပြောင်းရွှေ့ ရောင်းချစေခဲ့သည်။

ရောင်းကောင်းသည့်နေရာမှ နေရာသစ် ညဈေးတန်းသို့ မပြောင်းရွှေ့လို၍ လမ်းမတန်းတွင်သာ ဆက်လက် ဈေးရောင်းချနေပြီး စည်ပင်က လာဖမ်းချိန်တွင်မူ အထမ်းမကာ ပြေးလွှားရပြန်ကြောင်း ကိုရဲထွန်းဦးက အသုပ်သုပ်နေရင်း ဆိုသည်။၏

ရန်ကုန်မြို့၏ နေရာ အနှံ့အပြားတွင် ထိုအသုပ်စုံ အထမ်းသည်များကို တွေ့ရနိုင်သည်။ အသုပ်စုံများအပြင် မုန့်ဟင်းခါးနှင့် ရွှေရင်အေးသည် ကဲ့သို့သော ဈေးသည်များအပြင် လက်တွန်းလှည်းဖြင့် လှည့်လည် ရောင်းချသည့် အချဉ်ပေါင်း၊ ငါးခြောက်သုပ်နှင့် အခြားသော လက်တွန်း လှည်းသည်များကိုလည်း ရန်ကုန်မြို့၏ လမ်းကြို လမ်းကြားမချန် လိုက်လံရောင်း ချနေသည်ကို တွေ့ရပေမည်။

အဆိုပါ ဈေးသည်အများစုမှာ နယ်မှတက်လာသူ လူငယ်များ ဖြစ်ကြသည်။ အတန်းပညာ ကောင်းစွာ မသင်ခဲ့ရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းများသည် အညာဒေသမှ ၎င်းတို့ကို အသုပ်သည်ဘဝသို့ တွန်းပို့သည့် အကြောင်းရင်းများ ဖြစ်ခဲ့သည်။

မုံရွာ၊ ဘုတလင်၊ ကျောက်ကာ၊ မုံရွေး၊ အလုံ၊ အရာတော်၊ ညောင်ကန်၊ ချောင်းမကြီး စသည့် ကျေးရွာများမှ လူငယ် အများစုမှာ အသုပ်စုံ အထမ်းသည်ဘဝဖြင့် ရန်ကုန်မြို့တွင် အခြေချလာကြသည်။ အလားတူ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ မြောင်းမြ စသည့် မြစ်ဝကျွန်းပေါ်ဒေသမှ လာရောက် ရောင်းချသူများလည်း ရှိသည်။

ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ဇာတိမြေကို စွန့်ခွာလာရသည့်အတွက် ခံစားမှုက ရှိသော်လည်း သူတို့ဘဝ ရုန်းကန်မှုတွင် မဖြစ်မနေ လိုအပ်သည်က ငွေ။ ဇာတိမြေတွင် အလုပ် လုပ်ကိုင်ရသည်နှင့် တစ်မြို့တစ်နယ် ပြောင်းရွှေ့ လုပ်ကိုင်ငွေ ရှာရသည်က ကွာခြားမှုရှိသည်။

“နယ်မှာဆို သစ်ငုတ်နုတ်တယ်။ ပဲနုတ်တယ်။ ပညာမတတ်တော့ ၃၅၀ဝ ဘယ်မှာရှာမလဲ၊ စက်ရုံလုပ်တော့ တစ်နေကုန်လေ။ ဒါက မနက်တစ်ပိုင်းပဲ လုပ်ရတာ”ဟု “ကိုလင်း” ရခိုင်မုန့်တီဆိုင်က ကိုဇော်ဌေးလင်းက ပြောဆိုသည်။

သူတို့ အချင်းအချင်းကြား ထူးခြားသည်က တစ်ဦးစီးပွားဖြစ်လျှင် တစ်ဦးကို တွဲခေါ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် အထမ်းသည်များ တစ်စတစ်စ များလာသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေ ၇ သန်းကျော်၏ ထက်ဝက်နီးပါးမှာ အခြားသော ဒေသများမှ ရွှေ့ပြောင်းလာကြသူများဖြစ်ပြီး ထိုသူများထဲတွင် အလုပ်အကိုင် အခွင့်အလမ်းကြောင့် ရွှေ့ပြောင်းလာကြသည့် ရာခိုင်နှုန်းမှာ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ လုပ်သားအင်အား၊ ကလေးအင်အားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မူ အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်း အနှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ထိုစာရင်းဇယားများက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကို မီးမောင်းထိုးပြနေသည်။

ရန်ကုန်မြို့သည် နယ်သားများအတွက် ရေကြည်ရာ မြက်နုရာလည်း ဖြစ်သည်။ ဖွံ့ဖြိုးမှု နောက်ကျသော မြန်မာနိုင်ငံတွင် ရန်ကုန်သည် အဖွံ့ဖြိုးဆုံး မြို့ပြလည်း ဖြစ်သည်။ အလုပ်အကိုင် ရှားပါးမှုကြောင့် ဖွံ့ဖြိုးမှုနည်းပါးသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်များ၏ အခွင့်အလမ်း ရှာဖွေရာနေရာလည်း ဖြစ်သည်။

ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများဖြစ်သည့် ပုဇွန်တောင်ရေကျော်၊ မင်္ဂလာတောင်ညွန့်၊ လှည်းတန်း၊ မြေနီကုန်း၊ ဗိုလ်တထောင်၊ သခင်မြပန်းခြံနှင့် ဆူးလေ၊ ပန်းဆိုးတန်း စသည့်နေရာတို့တွင် အသုပ်စုံ အထမ်းသည်များကို လက်ညှိုးထိုးမလွဲ တွေ့ရပြီး အချို့က ရွှေ့ပြောင်း ရောင်းချသည်။ အချို့က နေရာ သတ်သတ်မှတ်မှတ် ရောင်းချကြသည်။

အများစုက ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များတွင် ကိုယ့်စုရပ်နှင့် စုစည်းနေထိုင်၍ ရောင်းချသည်။ နေရာယူ ရောင်းချခြင်း သာမက ရောင်းချပုံ ရောင်းချနည်းပါ ကွဲသည်။

အသုပ်စုံ ရောင်းချသူများမှာ အားလုံးက အလုံးစုံပြင်ဆင်ရောင်းချသူများ မဟုတ်။ အသုပ်စုံများကို ကိုယ်တိုင် စီမံလုပ်ကိုင်သူများလည်း ရှိသလို ဒိုင်များထံမှ တစ်ဆင့်ခံ ယူရောင်းသူများလည်း ရှိသည်။

အချို့ဒိုင်များသည် အထမ်းရေ များများ ပေးနိုင်သည်။ အချို့မှာ အထမ်းသမား သုံးထမ်းလောက်သာ ပေးနိုင်သည်။ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်း ဖြစ်သည့်အတွက် မိသားစု လုပ်ငန်းအဖြစ် တစ်နိုင်သာ လုပ်ကိုင်မှုများသည်။

“ငါးထမ်း ခြောက်ထမ်းလောက်ကိုပဲ မနည်း လုပ်ရတယ်။ ဒါတောင် ကိုယ့်ညီအစ်ကိုတွေချည်းပဲ လုပ်တာမို့ သူတို့လည်း ဝိုင်းကူတယ်။ တချို့ကတော့ ကိုယ့်ဘာသာလုပ် ရောင်းတာလည်း ရှိတယ်။ အပြင်လူကို ဖောက်သည်ပေးတာလည်း ရှိတယ်”ဟု အထမ်းသည်များကို အသင့် ရောင်းကုန်အဖြစ် ဖောက်သည်ပေးသည့် ကိုဇော်မိုးလွင်က ပြောပြသည်။

တစ်ဆင့်ခံသမားသည် ဆိုင်းထမ်း အပါအဝင် အသုပ်စုံများကို ဒိုင်ထံမှ အဆင်သင့် ယူရောင်းကြသည်။ ပုတ်ပြတ်နှင့် ရောင်းသူများရှိသကဲ့သို့ နေ့ရှင်း အခစားဖြင့် ရောင်းချသူများလည်း ရှိသည်။

“နေ့စားနဲ့  အသင့်ယူရောင်းတာ တစ်နေ့ ၃၅၀ဝ ရတယ်။ ဘောစိက အကုန် လုပ်ပေးတာ။ ခေါင်းရှုပ်သက်သာတယ်။ အရိပ်ထဲ ထိုင်နေရုံပဲလေ”ဟု ဘဏ်လမ်းတွင် အသုပ်စုံများကို တစ်ဆင့်ခံယူ၍ နေ့စားဖြင့် ရောင်းချသည့် “ကိုလင်း” ရခိုင်မုန့်တီဆိုင်မှ ကိုအောင်ဌေးလင်းက ပြောပြသည်။

ဈေးရောင်းချပြီးပါက အထမ်းကို နီးစပ်ရာ အစိုးရရုံးများနှင့် ပုဂ္ဂလိကဆိုင်ခန်းများတွင် တစ်ရက်လျှင် ၁၀ဝ၀ ကျပ်ပေးကာ အပ်နှံရပြီး ရောင်းချရန် လာရောက်သည့်အခါမှသာ သွားရောက်ယူလေ့ရှိသည်။ အစိုးရရုံးများတွင် တရားဝင် အပ်နှံခွင့် မရှိသော်လည်း နားလည်မှုဖြင့် အပ်ခံနေသည်ဟု ဆိုသည်။

အသုပ်စုံ အထမ်းသည်များတွင် အသက် ၈ နှစ်မှ ၁၀ နှစ် ၁၁ နှစ်အရွယ် ကလေးငယ်များကိုပင် တွေ့ရသည်။ ကျောင်းပိတ်ချိန်တွင် အပိုဝင်ငွေရှာ၍ မိသားစုကို လိုအပ်ချက်ကို ဒေါက်တိုင် တစ်ခုအဖြစ် ဝင်ရောက်ကျားကန်ရသည်။ နောက်ပိုင်းတွင် ငွေရမှန်းသိလာသည့်အခါ ကျောင်းထွက် အလုပ် လုပ်ကိုင်ကြသည် အထိရှိကြသည်။

ထူးခြားသည်က အသုပ်စုံ အထမ်းသည်အားလုံးလိုလိုသည် အမျိုးသားများ ဖြစ်နေပြီး ပန်းကန်ဆေး စားပွဲချသည့် အကူကလေးငယ်များပင် အမျိုးသားများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ် သမားတစ်ဦးလျှင် အခြေခံလစာ တစ်ရက်  ၃၆၀ဝ ကျပ်ရရန် တိုက်ပွဲဝင်ခဲ့ရသည့် ၂၀၁၃ ခုနှစ်ကာလကပင် အသုပ်စုံအထမ်းသည်တစ်ဦး၏ တစ်နေ့ဝင်ငွေသည် ပျှမ်းမျှ တစ်သောင်းကျပ်နှင့်အထက် ရှိခဲ့သည်။

ဝင်ငွေကောင်းသည့် အလုပ်ပင် ဖြစ်လင့်ကစား မြို့ပြ၏ မွန်းကျပ်မှုကိုမူ ရုန်းထွက်ရန်တော့ သူတို့စိတ်ထဲ ရှိနေသည်။ 

“ရှေ့မှာ ဘဏ်၊ ဟိုဘက် ဒီဘက် တိုက်နံရံ အမြင့်ကြီးတွေနဲ့ နေ့တိုင်း မြင်နေရတာ ကြာတော့ အသက်ရှူမဝဘူး။ ကိုယ့်ရွာပဲ ပျော်တယ်”ဟု အထက်မြင့် တိုက်များဆီ မော့ကြည့် လက်ဟန်ပြကာ ကိုရဲထွန်းဦးက ဆိုလိုက်သည်။ 

အဆိုပါ အသုပ်စုံရောင်းသည့် အထမ်းသည်တိုင်းတွင် မျှော်လင့်ချက်၊ ယုံကြည်ချက် ကိုယ်စီ ရှိကြသည်။ အချို့က အိုးပိုင်အိမ်ပိုင် နေချင်သည်။ အချို့က အိမ်ထောင်ပြုသည့်အခါ အထိုက်အလျောက် ပြည့်စုံလိုသည်။ ကိုရဲထွန်းဦးကမှု သူ့မျှော်လင့်ချက်ကို ယခုကဲ့သို့  ဆိုသည်။

“အသုပ်ရောင်းစားရတာ မရှက်ပါဘူး။ တနေ့ကျရင် ရွာကို ငွေထုပ်ပိုက်ပြန်နိုင်ရင် ကျေနပ်ပြီ”

ခိုင်ခိုင်

  • TAGS