News

POST TYPE

FEATURE

ဖျာပုံမြို့အနီးက ကျွန်ပြုခံ ရေလုပ်သားများ

(ပုံစာ - လနှင့်ချီ၍ နေထိုင်လုပ်ကိုင်ရသည့် ပင်လယ်ပြင်ရှိ ကျားဖောင်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်)

မြန်မာတို့၏ ထမင်းဝိုင်းတွင် မရှိမဖြစ် အရန်ဟင်းလျာတစ်ခုဖြစ်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များမှာ လူပေါင်းများစွာ၏ အသက်သွေးချွေးများကို ရင်း၍ ကျွန်ပြုခံထားရသူများက မျက်ရည်များဖြင့် ထုတ်လုပ်နေရသည့် အကြောင်းကို The Voice သတင်းထောက် ခင်မြတ်မြတ်ဝေက ကွင်းဆင်းထောက်လှမ်း ရေးသားထားခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ )

လွန်ခဲ့သော သုံးလခန့်က ကျားဖောင်ပေါ် လှမ်းတက်ခဲ့သည့် သန်မာခြေထောက်တစ်စုံမှာ ယခုတွင်မူ ကျားဖောင်ပေါ် လှမ်းတက်ရန်အတွက် လူတစ်ယောက် အကူအညီယူနေရပြီ ဖြစ်သည်။

အသက် ၁၇ နှစ် အရွယ်ရှိ မောင်နေလင်းထက်မှာ ဓနုဖြူမြို့၊ ကျုံပျော်ဇာတိ ကရင်လူမျိုးဖြစ်ပြီး ယခင်က ပန်းရန်ဆရာအဖြစ် အသက်မွေးနေသူ ဖြစ်သည်။

ပန်းရန်ဆရာအဖြစ် အလုပ်လုပ်ရန် ရန်ကုန်မြို့တော်သို့ ဆင်းလာခဲ့သော်လည်း လူပွဲစားများက ကျားဖောင်သို့ပို့ကာ ရောင်းစားခြင်း ခံလိုက်ရသည်။

ကျားဖောင်ပေါ်တွင် ရေလုပ်သားအဖြစ် သုံးလ  လုပ်ကိုင်ခဲ့အပြီးတွင် သန်မာလှသည့် လူငယ်တစ်ဦး အဖြစ်မှ အောက်ပိုင်းချည့်သည့် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့သည်။

မသန်စွမ်းတော့သည့် သူ့ခြေထောက်များကို ကြည့်ရင်း ကိုယ့်ဘဝကို နှမြောမိကြောင်း တွဲခေါ်လာသူလက်ကို ဆုပ်ကိုင်ထားရာမှ ဖြည်းဖြည်းချင်း ထိုင်ခုံပေါ် ထိုင်ချရင်း ပြောလိုက်သည်။

ရန်ကုန်နှင့် မိုင် ၅၀ ကျော်ဝေးသော ဖျာပုံမြို့အနီး ပင်လယ်ဝတွင် ရှိသော ကျားဖောင်လုပ်ငန်းများတွင် လူခေါ်ပွဲစားများမှတစ်ဆင့် ရောင်းစားပြီး ကျွန်ပြုခံနေရသူ အများအပြား ရှိနေပြီး အာဟာရချို့တဲ့ကာ သေဆုံးရသူများလည်း ဒုနဲ့ဒေး ဖြစ်နေသည်။

သို့သော် ယင်းဖြစ်စဉ်များကို ဖော်ထုတ်မည့်သူ မရှိ။ အကူအညီပေးမည့်သူ မတွေ့။ ကျွန်ပြုခံနေရသည့် ဖြစ်စဉ်ကား ဆက်လက်ဖြစ်ပေါ်နေဆဲ။

ဧရာဝတီတိုင်းအတွင်းရှိ အင်္ဂလန် ကျားဖောင်လုပ်ငန်း ရာသီခွင်သည် သြဂုတ်လအတွင်း လုပ်သားစုဆောင်း၍ စက်တင်ဘာလမှ ဧပြီလအထိ ခုနစ်လတာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင် ဝင်ရခြင်း ဖြစ်သည်။

ကျားဖောင်တစ်ဖောင်တွင် လူသုံးဦးသာ ရှိပြီး ဖောင်နောက်လိုက် နှစ်ဦးနှင့် ဖောင်ဦးစီးတို့သာ လုပ်ကိုင်ကြသည်။

ရေသေရေထ (ရေတက်ရေကျ) ပေါ် မူတည်၍ ၆ နာရီခြားတစ်ခါ တစ်နေ့ လေးကြိမ် ပိုက်ချ ပိုက်ဆွဲရသည်။ ရလာသမျှ ငါးအကြီးသေးပေါ် မူတည်ပြီး မျှင် ရွေး၊ ငါးအကြီးအသေးပေါ် မူတည်၍  ငါးခွဲ၊ ငါးခြောက်လှန်း၊ ပုစွန်ခြောက်လှန်း၊ ငါးဆားနှယ် လုပ်ရသည့် လုပ်ငန်းခွင် ဖြစ်သည်။

မောင်နေလင်းထက်မှာ လွန်ခဲ့သည့်ရှစ်လက မွေးရပ်မြေ စွန့်ခွာ၍ ဦးလေးဖြစ်သူ အဆက်အသွယ်ဖြင့် ပန်းရန်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ရောက်ပြီး ငါးရက်မြောက်နေ့တွင် ပန်းရန်အလုပ်လုပ်ကိုင်ရာမှအပြန် လက်ဖက်ရည်ဆိုင် ထိုင်ချိန်တွင် သူကပ်လျက် ဘေးခုံဝိုင်းမှ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက လက်ဖက်ရည်ဆိုင် စားပွဲထိုးအလုပ် လူလိုနေကြောင်း မောင်နေလင်းထက်ကို စကား အစချီခဲ့သည်။

ထို့နောက် ပွဲစားအမျိုးသမီး ခေါ်ဆောင်ရာ ဒဂုံမြို့နယ် ၆၇ ရပ်ကွက် အတွင်းရှိ အိမ်တစ်အိမ်သို့ ရောက်ရှိခဲ့သည်။ 

ထိုအိမ်တွင် အသက် ၈၀ အရွယ် အဘွားအိုတစ်ယောက်နှင့် ၂၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးသာ ရှိသည်ဟု မောင်နေလင်းထက်က ပြောသည်။

“အဲနေ့က ထမင်းစားတာအစ ဆေးလိပ်၊ ကွမ်း အကုန်ဝယ်ပေးထားတာ ကျွန်တော့်ကို အပြင်တောင် ထွက်မထိုင်ခိုင်းဘူး၊ လိုလေသေးမရှိအောင် ထားတယ်။ ကျွန်တော့်စိတ်ထဲ အားနာမိတယ်။ အလုပ်လည်း ရှာပေး စားစရာပါပေးလို့ ကျေးဇူးတွေတင်နေမိတယ်” ဟု ပြောသည်။

မနက်မိုးလင်းလင်းချင်း ပွဲစားအမျိုးသမီးနှင့်အတူ အငှားကားဖြင့် ဒလဆိပ်ကမ်းကို မနက် ၈ နာရီတွင် စတင်ထွက်လာခဲ့သည်။

ဒလတစ်ဖက်ကမ်း အရောက်တွင် လူ ၁၀ ယောက် ဆံ့ကားနှင့် လေးနာရီခန့် မောင်းပြီးနောက် နေ့လယ် ၁၂ နာရီတွင် မြို့လေးတစ်မြို့သို့ ရောက်သွားသည်။

မြို့အဝင်ဝတစ်ခုတွင် ဖျာပုံမြို့က ကြိုဆိုပါ၏ ဆိုသောဆိုင်းဘုတ်ကို တွေ့သဖြင့် ဖျာပုံမြို့ထဲ ရောက်ရှိနေပြီကို သိလိုက်ရသည်။

ရောက်ရောက်ချင်း ဖျာပုံဈေးအတွင်း ပွဲစားအမျိုးသမီးက အဝတ်အစားနှစ်စုံနှင့် စောင်တစ်ထည်  ဝယ်ပြီး အိတ်ထဲထည့်ပေးသည်။

ဖျာပုံမြို့ပေါ်မှ ဆိုင်ကယ်ကယ်ရီတစ်စီးကို နှစ်သောင်းဖြင့် ငှားရမ်းပြီး ခရီးဆက်ခဲ့ရာ ညနေ ၄  နာရီ တွင် နောက်မီးကျေးရွာသို့ ရောက်ရှိခဲ့သည်။

နောက်မီးကျေးရွာ ရောက်ရောက်ချင်းတွင် အင်္ဂလန်ကျားဖောင် လုပ်ငန်းရှင်များ၏ အိမ်များကို တစ်အိမ်တက်ဆင်း အလုပ်သမား လိုလားဟု ပွဲစားအမျိုးသမီး မေးမြန်းရာ နောက်ဆုံးတွင် အင်္ဂလန် ကျားဖောင်လုပ်ငန်းရှင်တစ်ဦး၏ အိမ်တွင် သူ့ကို အပ်နှံခဲ့ခြင်း ဖြစ်သည်။

“တစ်လ တစ်သိန်းနှစ်သောင်းရမယ် နေစရိတ်ငြိမ်းဆိုတော့ ကျွန်တော်လုပ်မယ်ပေါ့၊ အဝတ်တောင်မယူနဲ့ အကုန်စရိတ်ငြိမ်း ဘာမှမလိုဘူး၊ အလုပ်က ချက်ချင်းလိုတယ်ဆိုပြီး ခေါ်သွားတာ အခု ကျွန်တော် အောက်ပိုင်းသာ ချည့်သွားတယ် ဘာမှမပို့နိုင်ဘူး။ မိသားစုက ကျွန်တော် သေပြီလို့တောင် ထင်နေလောက်ပြီ” ဟု ပြောရင်း မောင်နေလင်းထက် တစ်ယောက် အဝေးကို တစ်ချက်ကြည့်ရင်း ပြောသည်။

(ပုံစာ - သေဆုံးသွားသည့် ပိုင်ရှင်မဲ့ ကျားဖောင်လုပ်သားများကို မြှုပ်နှံရာ ဒေါ်ငြိမ်းကျေးရွာသင်္ချိုင်း)

ပင်လယ်လုပ်သားအဖြစ် အောက်ပိုင်းချည့်သည်အထိ အလုပ်လုပ်ကိုင်ရသူများမှာ အနယ်နယ်အရပ်ရပ်မှာ အသက် ၁၅ နှစ်မှ  အသက် ၅၀ ဝန်းကျင် လူရွယ်များ ဖြစ်သည်။

အမာကျေးရွာနေ ကိုဇင်မောင်မောင်လတ်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်း ငါးဖမ်းရာသီချိန် ကျချိန်တိုင်း လူကုန်ကူးခံနေရကြောင်း ပြောသည်။

“ဒီဒေသမှာက ရေလုပ်ငန်းရာသီခွင်ချိန်ဆို လူငါးယောက်တစ်ဖွဲ့ တစ်ခါတလေ ဘယ်ကလူတွေ ခေါ်လာမှန်းမသိ ကျားဖောင်လုပ်ငန်းရှင် အိမ်တွေမှာ လိုက်စပ်တယ်။ တစ်ယောက်ပို့ရင် ငါးသောင်းရတယ်။ တချို့ဆို အရက်တွေမူးအောင်တိုက်ပြီး ဆွဲခေါ်လာတာ တွေ့ဖူးတယ်။ တချို့ကျ မွေးချင်းအရင်းက ခေါ်ပြီး လုပ်ငန်းရှင်အိမ်မှာ ရောင်းစားတာတွေလည်း ရှိတယ်” ဟု  ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မျှင်ငါးပိ အဓိက ထုတ်လုပ်နေသည့် နောက်မီးကျေးရွာသည် ရန်ကုန်မြို့နှင့် အကွာအဝေး မိုင် ၁၁၀ ခန့်တွင် တည်ရှိသည်။

ဖျာပုံမြို့ပေါ်မှ နောက်မီးသို့ ပြေးဆွဲနေသော အဝေးပြေးကားသည် နံနက် ၆ နာရီ တစ်ကြိမ်သာ ပြေးဆွဲသည်။ နောက်မီးသို့ ဆိုင်ကယ်ကယ်ရီနှင့် သွားပါက တစ်ရက် နှစ်သောင်းခွဲနှုန်း ရှိပြီး လမ်းခရီးတွင် ဖုန်လိမ့်လိမ့်ထနေကာ အချို့နေရာများတွင် လမ်းဟူ၍ သတ်မှတ်ချက်မရှိ ကွင်းပြင်ဖြတ်မောင်းရသည်။

ငါးခွဲရုံ၊ ငါးသိုလှောင်ရုံများ၊ ငါးလှန်းစင်များဖြင့်  ငါးညှီနံ့များဖြင့် ထုံသင်းနေသော ထိုရွာသည် မြန်မာနိုင်ငံ အနှံ့အပြားရှိ မိသားစု ထမင်းဝိုင်းများအတွက် မရှိမဖြစ် ဟင်းလျာဖြစ်သည် ငါးပိ၊ ငါးခြောက်နှင့် မျှင်ငါးပိ အများဆုံး ထုတ်လုပ်ရာ ဖြစ်သည်။  

လမ်းအကျယ် ၈ ပေ ဝန်းကျင်သာရှိပြီး ကားတစ်စီးဝင်စာ လမ်းသွယ်များရှိကာ ကျေးရွာတစ်ခုလုံးတွင် ခြံအကျယ် အလုံပိတ်အိမ်များနှင့် အလုပ်သမား တန်းလျားများ အမျိုးသမီးအဆောင်၊ အမျိုးသားအဆောင်များကို တွေ့ရသည်။

ရွာရှိအိမ်ရှေ့တိုင်းတွင် ရေငန်ပိုင် ဦးရှင်ကြီး နတ်ကွန်းများလည်း ရှိသည်။

ခြံရှေ့တွင် အသက် ၅၀ အရွယ် လုံခြုံရေး တာဝန်ယူထားသူများ ရှိသလို အင်းခွေးများကို မွေးမြူထားကြသည်။

နောက်မီးကျေးရွာ တစ်ခုလုံးတွင် လုပ်ငန်းရှင် ၅၃ ဦး ရှိပြီး ပညာတတ် အထက်တန်းနှင့် လူလတ်လူတန်းစား အားလုံးသည် ကျားဖောင် အစီး ၁၀ ဖောင် အထက်မှ  ၅၀ ဝန်းကျင် ပိုင်ဆိုင်ထားကြသည်။

ယခုနှစ်တွင် ရေလုပ်သား ၈၀၀၀ နီးပါး လိုအပ်ကြောင်း နောက်မီး ရေလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

နောက်မီးကျေးရွာတွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်သူလည်းဖြစ် ကျောက်စိမ်း ကျားဖောင်လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးအေးစိုးက “ဒီမှာက ကုမ္ပဏီ မဟုတ်ဘူး၊ လုပ်ငန်းက မှတ်ပုံတင်စရာ မလိုဘူး၊ ငါးဖမ်းလိုင်စင်တော့ ရှိတာပေါ့၊ ဒီမှာ အလုပ်သမားကရှားတော့ ပွဲစားနဲ့ ကျွန်တော်တို့ကိုယ်တိုင် ရှာနေရတယ်၊ တချို့လည်း အရက်သမားလည်း ပါတာပေါ့။ ပင်လယ်ထဲ အရက်သောက်ခွင့် မရှိဘူး။ အရက်ပြန်တွေ အနာထည့်ဖို့ဆို မှာတယ်၊ ပြီး ရေရောသောက်တော့ တောပဲ၊ ကျွန်တော်တို့ဆီမှ ပင်လယ်ကျသေသေ၊ ကျန်းမာရေးမကောင်းလို့သေသေ ခြောက်သိန်း လျော်ပေးနေတာပဲ” ဟု ပြောသည်။ 
သို့သော် ကျားဖောင်လုပ်သားများမှာ အစားအစာ လုံလုံလောက်လောက်မရ။ ရေချိုပြတ်သည့် အခါများလည်းရှိရာ အာဟာရချို့တဲ့၍ သေဆုံးကြသည်များ၊ ကျန်းမာရေး ချို့ယွင်းကြသည်များ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

မောင်နေလင်းထက် ပင်လယ်ပြင် ပထမဆုံး စလိုက်သည့်နေ့မှာတင် ထမင်းငတ်ခဲ့ရသည်။

“လချီအလုပ်လုပ်တာ ဆိုတော့ အစားပျက်တယ်၊ တစ်ခါပျက်ရင် ၂ ရက် ၃ရက်လောက် ပျက်တယ်။ အဲတော့ ဆားနယ်ထားတဲ့ငါးကို ရေဆမ်းစားတယ်၊ ရေချိုပြတ်တော့ ရေငန်ဆမ်းစားရတယ်၊ အခု ကျွန်တော်က အရင်ခန္ဓာကိုယ် တစ်ဝက်တောင် မရှိတော့ဘူး၊ ကျွန်တော်တို့ အလုပ်ရုံက  အောက်ပိုင်းချည့်တာ သုံးယောက် ရှိတယ်။ အရမ်းပင်ပန်းတယ် အိပ်ချိန် ၃ နာရီ၊ ၄ နာရီပဲ ရှိတယ်။ အဲကြားထဲ ငါးများများရရင် နှစ်ရက်လောက် မအိပ်ရဘူး” ဟု မောင်နေလင်းထက်က ပြောသည်။

ကျားဖောင်ရေလုပ်သားများ အတွက် သောက်သုံးရေချို ပြတ်လပ်မှုသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်ကြောင်း ဖောင်ဦးစီးလုပ်သက် ၉ နှစ်ရှိသူ နောက်မီးကျေးရွာမှ ဦးတင်မြင့်က ဆိုသည်။

မောင်နေလင်းထက်ကဲ့သို့ပင် ၂၀၁၇ ခုနှစ် ပထမနှစ်လအတွင်း အစာအာဟာရ ချို့တဲ့သေဆုံးသွားသည် ဖောင်လုပ်သားဦးရေ ၃၀ ရှိပြီး၊ ဖောင်ပေါ်အချင်းချင်း ခိုက်ရန်ဖြစ် သေဆုံးသူ ၄ ဦး ရှိသည်ဟု အမာမြို့နယ် ရဲစခန်း သေမှုသေခင်း စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင်းက ပင်လယ်ကျားဖောင် အလုပ်သမားများထဲမှ အစာအာဟာရချို့တဲ့ သေဆုံးသူ ၂၅ ဦး၊ ဖောင်လုပ်သား အချင်းချင်း လူသတ်မှု ၉ မှု ရှိကြောင်း ယင်းမှတ်တမ်းများတွင် တွေ့ရသည်။

ထိုသို့ သေဆုံးသူများသည် ပင်လယ်ပြင်တွင် သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ အစာရေစာ လုံလောက်စွာ မရရှိခြင်း၊ အချိန်မီ ဆေးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးသူများသာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နောက်မီး ကျားဖောင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမိုးက “ရေလုပ်ငန်းရာသီခွင်အတွင်း အလုပ်သမား ၈၀၀၀ ခန့် ခေါ်ယူလုပ်ကိုင်နေပါသော်လည်း ပင်လယ်ထဲရောက်ပြီး နှစ်လအကြာတွင် ထွက်ပြေးသူ၊ ကျန်းမာရေးမကောင်းသူ၊ သေဆုံးသူ၊ အလုပ်ဒဏ် မခံနိုင်သူများ၊ နေရပ်ပြန်သူများ စသဖြင့် လုပ်သား နှစ်ထောင်နီးပါး ဆုံးရှုံးရသည်” ဟု ပြောသည်။

ဦးမိုး၏ အဆိုအရမူ ပင်လယ်နောက်လိုက် အလုပ်သမားတစ်ဦး တစ်လလုပ်အားခ လေးသောင်းခွဲမှ ခြောက်သောင်း၊ ဖောင်ဦးစီး (ဒေသအခေါ် ဂုတ်စီး) တစ်ဦး တစ်သိန်းပတ်ချာလည်၊ ဖောင်ဦးစီးချုပ် ကျပ်လေးသိန်းမှ ခုနစ်သိန်း ဝန်းကျင် ပေးရပြီး ပင်လယ်ပြင်သို့ မဆင်းမီ ပထမအသုတ်အဖြစ် ကြိုတင်ငွေ သုံးသိန်းမှ ရာထူးပေါ် မူတည်၍ ဆယ်သိန်းဝန်းကျင်အထိ ပေးရသည်ဟု သိရသည်။

အလုပ်သမားတစ်ဦး၏ လစာမှာ သောင်းဂဏန်းသာ ရသဖြင့် ကြိုတင်ငွေနှင့်ပင် လစာကုန်သွားပြီ ဖြစ်သည့်အပြင် အချို့ပိုက်ဆံလိုသူများက လာမည့်နှစ်အတွက် ရငွေထဲကပင် ကြိုယူသုံးသည်များ ရှိရာ အလုပ်အကြွေးပင် တင်နေသည်။

ပင်လယ်ထဲတွင် ပုစွန်ခြောက် တစ်ပိဿာ ရရှိပါက ၂၀၀ ကျပ်နှုန်း၊ ငါးခြောက် တစ်ပိဿာ ရရှိပါက  ၅၀၀ နှုန်းထား ကုန်ချိန်ရရှိမှုပေါ် မူတည်ပြီး လုပ်ခလစာကို သတ်မှတ်ပေးကြသည်ဟု ဦးမိုးက ပြောသည်။

အလုပ်သမား ဝန်ကြီးဌာမှ ချထားပေးသည့် စက်ရုံ၊ အလုပ်ရုံ ဥပဒေတွင် အလုပ်ချိန် ၈ နာရီက ရေသေ၊ ရေထပေါ် မူတည်လုပ်ကိုင်ရသည့် လုပ်ငန်းခွင် ဖြစ်သောကြောင့် စည်းကမ်းချက်များနှင့် လွဲချော်နေသည့် အတွက် အဆင်မပြေကြောင်း ၎င်းက ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ဖြစ်ပွားလာပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး အပါအဝင် ရေလုပ်ငန်းရှင်အသင်း၊ ကျားဖောင်လုပ်ငန်းရှင်အသင်းတို့မှ ကြားဝင်ဖြေရှင်းပေးသည်ကို တွေ့ရသော်လည်း ရေလုပ်သားများဘက်တွင် အလုပ်သမားအသင်းအဖွဲ့၊ သမဂ္ဂဟူ၍ မတွေ့ရပေ။ 

ရေလုပ်ငန်းရှင်များ အနေနှင့် အလုပ်သမားများက စရန်ငွေယူပြီး ထွက်ပြေးမှုများ ရှိနေခြင်းကြောင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လိုအပ်နေကြောင်း ဖျာပုံမြို့နယ် အင်္ဂလန် ကျားဖောင်လုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးသံချောင်းက ပြောပါတယ်။

“ဥပဒေမှာမပါတဲ့ စရန်ငွေကို သူတို့ အလုပ်လုပ်ချင်အောင် ပေးတယ်၊ ပြီးရင် ပင်လယ်ထဲရောက်မှ မလုပ်နိုင်တော့ဘူး ထွက်ပြေးတယ်၊ စရန်ငွေယူတုန်းက သေဒဏ်ပေးမယ် ဆိုရင်တောင် ကြိုက်တဲ့စာချုပ်မှာ လက်မှတ်ထိုးခိုင်းရင် ထိုးကြတယ်၊ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရပ်ဓလေ့နဲ့ကျတော့ ဒီလုပ်ငန်းက မကိုက်ညီဘူး” ဟု ၎င်းက ပြောသည်။

(ပုံစာ - လနှင့်ချီ၍ နေထိုင်လုပ်ကိုင်ရသည့် ပင်လယ်ပြင်ရှိ ကျားဖောင်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်)

ရေလုပ်သားများအတွက် ဥပဒေအရ သေဆုံးသူများကို လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တရားဝင် လျော်ကြေးဥပဒေတွင် ဆရာဝန် ဆေးစစ်ချက် ထောက်ခံချက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုပေါ် မူတည်၍ ရာခိုင်နှုန်းအလိုက် လုပ်ငန်းရှင်က ပေးလျော်ရသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်  ဦးမျိုးအောင်က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်သမားတွေက ပင်လယ်ထဲ နာရီပေါင်းများစွာ အလုပ်လုပ်နေရတယ်။ ပြဿနာက အလုပ်ရှင်ဆီက ပိုက်ဆံယူပြီး ပြန်မပေးတဲ့ ပြဿနာပေါ့၊ အနည်းဆုံး အခကြေးငွေမှာ အလုပ်သမား ၁၅ ယောက် အထက်ဆို တစ်ရက် ၃၆၀၀ ပါပြီးသား၊ အဲဒါမျိုး လစာငါးသောင်း၊ ခြောက်သောင်းရတယ်ဆိုရင် မကျေနပ်တဲ့သူက တိုင်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း ဖျာပုံတစ်မြို့နယ်လုံးတွင် ကျေးရွာပေါင်း ၅၂ ရွာတွင် ကျားဖောင်လုပ်ငန်းရှင် ၁၄၄ ဦးရှိပြီး ရေလုပ်သားကတ် တရားဝင်လုပ်သူ ၇၀၀၀ ကျော် ရှိသည်ဟု ဖျာပုံမြို့နယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာနမှ ဒေါ်ဝါဝါသန်းက ပြောသည်။

“ရေလုပ်သား ပြဿနာက အောက်ခြေက လုပ်ငန်းရှင်အသင်းတွေက ဖြေရှင်းပေးနေကြတယ်၊ လုံးဝကို အဆင်မပြေတော့ ကျွန်မတို့ဆီကို တက်လာတာ တစ်လ အနည်းဆုံး ငါးမှုလောက်တော့ တက်တယ်၊ ရာသီခွင်အတွင်းပေါ့ လေဘာလိုအပ်ချက် ပြဿနာ ဖြစ်နေတယ်၊ လေဘာကတ်ကို လုပ်ငန်းရှင်က သူ ဖောင်ထွက်တော့မယ်ဆိုရင် နှစ်ထောင်ပေး လုပ်ရတယ်၊ မလုပ်ဘဲ ထွက်သွားတဲ့ အလုပ်သမားက ဟိုမှာ သေတာတို့ ပြဿနာတက်ရင် ဖြေရှင်းဖို့က မလွယ်ဘူး တရားမဝင်ဘူးပေါ့” ဟု ၎င်းက သုံးသပ်ပြောဆိုလိုက်သည်။

နောက်မီးကျေးရွာတစ်ခုတည်းတွင် ယခုနှစ်အတွက် ပင်လယ်ရေလုပ်သား ၈၀၀၀ နီးပါး ရှိသော်လည်း တရားဝင် ရေလုပ်သားကတ် လုပ်ပေးခြင်း မရှိခဲ့ကြောင်း နောက်မီးကျေးရွာမှ ရေလုပ်သားများက ပြောသည်။

မောင်နေလင်းထက်ကဲ့သို့ပင် အနယ်နယ်အရပ်ရပ်မှ ပွဲစားရောင်းစားခံထားရသည့် ရေလုပ်သား အများစုကို လုပ်ငန်းရှင်မှ ရေလုပ်သားကတ် လုပ်ပေးခြင်း မရှိသည်ကို တွေ့ရသည်။

ကျားဖောင်လုပ်သားများအတွက် အိပ်ချိန်အတည်တကျ မရှိ။

တစ်နေ့အိပ်ချိန်မှာ ငါးမရသည့် အချိန်မျိုးတွင် ၄ နာရီခန့် ကောင်းကောင်းအိပ်ရသော်လည်း ငါးအရများသည့်နေ့မျိုး ဖြစ်ပါက အိပ်ချိန်မရှိ နှစ်ရက်ဆက် အလုပ်လုပ်ရသည်။

ငါးရွေးရင်း စူးဆူးမိသည့် ဒဏ်ရာများကြောင့် လက်ဝါးတစ်ခုလုံး ပေါက်ပြဲနေသည်ဟု ပြောရင်း မောင်နေလင်းထက် တစ်ယောက် လက်ဝါးနှစ်ဖက် ဖြန့်ပြသည်။

ပင်လယ်ပြင်ရောက်ပြီး နှစ်လအကြာတွင် ဗိုက်အောင့်ကာ ခြေထောက်များလည်း ကိုက်သည်မှာ မခံနိုင်သဖြင့် ဖောင်ဦးစီးကို ကမ်းပေါ်တင်ပေးရန် ပြောဆိုခဲ့သော်လည်း ထွက်ပြေးမည်ထင်၍ ကုန်းပေါ်မတင်ပေးခဲ့ကြောင်း ကိုနေလင်းထက်က ပြောသည်။

“ဖောင်ဦးစီးကို ကျွန်တော်ပြောတယ် ဆေးရုံတက်မယ် ဆိုတာကို ၁၇ ရက်လောက် ကြာသွားတယ်။ ဖောင်ပေါ်မှာ ထားလိုက်၊ သင်္ဘောပေါ် ထားလိုက်နဲ့ ပြောင်းထားတာ နောက်ဆုံး ဖင်တရွတ်တိုက်ဆွဲ ဖြစ်လာတော့ သူတို့လည်း သိတော့မှ ငါးပေါင်းလှေနဲ့ ပြန်တင်ပေးလိုက်တယ်” ဟု မောင်နေလင်းထက်က ဆိုသည်။

“အခု ခြေထောက်တွေကို အရင်လို ပြန်ကောင်းချင်တယ်၊ ကုနေပေမယ့် မရဘူး။ ကျွန်တော့်စိတ်အထင်တော့ ခြေထောက်တွေ မကောင်းတော့ဘူးလို့ ထင်တာပဲ” ဟု ပြောဆိုရင်း ဘယ်ဘက်ခြေထောက်ကို ခေါင်းငိုက်စိုက် ကြည့်နေသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ဗိုက်တာမင်ဘီဝမ်းဓာတ် ချို့တဲ့ပြီး အားအင်နည်းသွားကာ ခြေထောက်အောက်ပိုင်း ချည့်နဲ့သွားခြင်း ဖြစ်ကြောင်း ဒေါ်ငြိမ်း တိုက်နယ်ဆရာဝန် ဒေါက်တာမင်းဉာဏ်ပိုင်အောင်က ပြောသည်။ 

ပင်လယ်ပြင်တွင် ခုနစ်လတာ အလုပ်လုပ်ကိုင်ခဲ့သည့် ဖျာပုံမြို့ပေါ်နေ အသက် ၆၅ နှစ် အရွယ်ရှိ ဦးပေါက်စက “အဲ့နေ့ကို ဘယ်တော့မှမမေ့ဘူး ထမင်းမဝလို့ နည်းနည်းထပ်တောင်းမိတယ်။ ဖောင်ဦးစီးက ဇလုံအပြည့်အသိပ် ထည့်ပေးတယ်။ ကုန်အောင်စားဆိုပြီး ရွဲ့ထည့်ပေးတယ်။ မကုန်တော့ နားအုံနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ညှပ်ရိုက်ချတယ်။ လည်ပင်းကို ကုတ်တယ်။ ကျန်တဲ့သူတွေက နံရိုးဖြတ်ကန်ကြတယ်” ဟု ပြောသည်။

ဦးပေါက်စကဲ့သို့  ပင်လယ်အလုပ်သမားများမှာ အစာအာဟာရ ချို့တဲ့မှုကြောင့် အချိန်မီဆေးကုသခွင့် မရရှိ၍ ၂၀၁၇ ခုနှစ် မတ်လအတွင်း သေဆုံးသူ အယောက် ၃၀ အထိရှိပြီး ထိခိုက်ဒဏ်ရာရ၍ သေဆုံးသူ ၆ ဦးသာ ရှိသည်။ ၂၀၁၆ တစ်နှစ်တာလုံးတွင် အစာအာဟာရချို့တဲ့ သေဆုံးသူ ၅၅ ဦး၊ ထိခိုက်ဒဏ်ရာရ၍ သေဆုံးသူ ၁၀ ဦး ရှိသည်ကို ဒေါ်ငြိမ်းတိုက်နယ် ဆေးရုံမှတ်တမ်းအရ သိရှိရသည်။

ဆေးရုံသို့ ရောက်ရှိလာသည် ပင်လယ်အလုပ်သမား အများစုသည့် အချိန်လွန်မှ သေဆုံးပြီးမှသာ ရောက်ရှိလာကြသည်ဟု ဒေါ်ငြိမ်း တိုက်နယ်ဆေးရုံမှ တာဝန်ခံ ဒေါက်တာမင်းဉာဏ်ပိုင်အောင်က ပြောသည်။

သေဆုံးသူ အများစုသည် အစာအိမ်သွေးကြောပေါက်၊ တီဘီရောဂါ၊ အသည်းခြောက်ရောဂါ၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အူတို့တွင် ရေဝပ်နေသည်ကို ရင်ခွဲစစ်ဆေးရာတွင် တွေ့ရှိရသည်ဟု ဒေါက်တာမင်းဉာဏ်ပိုင်အောင်က ပြောသည်။

ပင်လယ်အလုပ်သမား အများစုသည့် အရက်သောက်သုံးသူများဖြစ်ပြီး ပင်လယ်ပြင်တွင် အရက်မသောက်ရခြင်းအပြင် အစားအသောက်ချို့တဲ့ခြင်း၊ အစာအိမ်ပေါက်ခြင်း၊ ပင်လယ်စာ အများဆုံး စားသောက်နေရသည့်အတွက် အငန်ဓာတ်များကာ ဖောယောင်လာခြင်းအပြင်  အဆုတ်နှင့် အသည်းတို့အတွင်း ရေဝင်၍ သေဆုံးကြခြင်း ဖြစ်ကြောင်း ဒေါ်ငြိမ်း တိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန်က ရှင်းပြသည်။

“ဖျာပုံမှာက ပင်လယ်အလုပ်သမား တစ်ယောက်သေ ၆ သိန်းပဲ အဲဒါပေါက်ဈေး၊ လူအသက်က ကြက်ကလေး၊ ငှက်ကလေးလောက်တောင် တန်ဖိုးမဲ့နေတယ်၊ အခု အမာသင်္ချိုင်းကုန်းမှာ ပင်လယ်ကမျောတဲ့ ရေလုပ်သား ပိုင်ရှင်မဲ့တွေသေရင် ဒီတိုင်း ပလတ်စတစ်အိတ်စွပ် လူလေးယောက်ထမ်း မြှုပ်နေတာ” ဟု အမာဒေသခံ ကိုဇင်မောင်မောင်သန့်က ပြောသည်။

ကျန်းမာရေးချို့တဲ့၍ ဆေးရုံရောက်လာသော ဖောင်လုပ်သားအများစုသည် သေဆုံးပြီးမှသာ ရောက်ရှိလာကြကြောင်း အမာပြည်သူ့ဆေးရုံတွင် လုပ်သက် ၁၀ နှစ်ရှိပြီ ဖြစ်သည့် အထွေထွေလုပ်သား ဦးသန်းဦးက ပြောသည်။

စည်ပင်သာယာရေးကော်မတီမှ သေဆုံးသွားသည့် ဖောင်လုပ်သားများ သေစာရင်းတွင် ရန်ကုန်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ပဲခူးတိုင်း၊ ရွှေပြည်သာနှင့် အထက်အညာဒေသမှာ လာရောက်လုပ်ကိုင်သူများ ဖြစ်နေသည်ဟု ဒေါ်ကေသီချိုက ပြောသည်။

ကျားဖောင်လုပ်သားများတွင် အများစုမှာ ပွဲစားများ၏ ရောင်းစားခြင်း ခံရသူများဖြစ်ရာ နည်းပါးလှသည့် လစာနှင့် ခံစားခွင့်ကိုပင် မသိရှိကြပေ။

လူပွဲစား၏ ရောင်းစားခံခဲ့ရသည် မောင်နေလင်းထက်မှာမူ မိမိလစာ ဘယ်လောက်ဆိုသည်ကိုပင် မသိချေ။

ကျားဖောင်ရေလုပ်သားများ ကန်ထရိုက်စာချုပ်၌ ငွေပေးငွေယူ စာချုပ်တွင် ဖောင်လုပ်သားအမည်နှင့် လက်မှတ်သာ ပါရှိသည်ကို မြင်တွေ့ရသည်။

မောင်နေလင်းထက် တစ်ယောက် ပွဲစားမမြရီက ငွေသုံးသိန်းဖြင့် ရောင်းစားခဲ့သည်ကို နောက်မီးအုပ်ချုပ်ရေးမှူးရုံးတွင် လုပ်ငန်းရှင်နှင့် မိဘများ တွေ့ဆုံ၍ သားဖြစ်သူကို ပြန်ခေါ်ရန် ညှိနှိုင်းသည့်နေ့မှ သိရှိခဲ့ရသည်။

ယင်းသို့ အလုပ်သမားများ၏ ချွေးနှဲစာကို နည်းမျိုးစုံဖြင့် အမြတ်ထုတ်ခြင်း ခံနေရသည့် ကျားဖောင်လုပ်ငန်းခွင်များမှ ထွက်လာသည့် စားသောက်ကုန်များကို မြို့ပေါ်ဈေးကွက်များတွင် ဈေးကြီးပေး ဝယ်နေရခြင်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး စားသုံးနေသည့် မျှင်ငါးပိ ၆၅ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်း နောက်မီးကျေးရွာမှ တင်ပို့နေရသည်ဟု ရန်ကုန်မြို့  ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းစိန်က ပြောသည်။

နောက်မီးကျေးရွာသည် မျှင်ငါးပိ အဓိက လုပ်ကိုင်သောကျေးရွာ ဖြစ်ပြီး  နှစ်စဉ်ရေလုပ်ငန်း ရာသီခွင်အတွင်း အနယ်နယ်အရပ်ရပ်မှ ရေလုပ်သားများကို ခေါင်းပုံဖြတ်ကာ ကျွန်ပြုသည့် လုပ်ငန်းခွင်မှ ထွက်ရှိလာသည့် မျှင်ငါးပိများ ဖြစ်နေသည်။

ယနေ့သည် မောင်နေလင်းထက်ကို ကျားဖောင်လုပ်ငန်းရှင်ထံမှ ငွေနှစ်သိန်းဖြင့် ဖခင်မှ ပြန်လာရွေးမည်နေ့ ဖြစ်သည်။

လူပွဲစားက ရောင်းစားသွားသဖြင့် အိမ်က ငွေဖြင့် ပြန်ရွေးရသည့်အပြင် အောက်ပိုင်းချည့်သွားသည်ကို ပြန်ကုသ၍ ရမည်၊ မရမည်က မသေချာသေး။

သို့သော် ကျားဖောင်လုပ်ငန်းခွင်များတွင်တော့ အလားတူ ရင်နင့်ဖွယ်ဇာတ်လမ်းများက မည်သည့်အချိန်ထိ ရှိနေဦးမည် ဆိုသည်ကား။

ခင်မြတ်မြတ်ဝေ