News

POST TYPE

FEATURE

ဂွါတီမာလာ လူငယ်စခန်းမှ ကြွေလွင့်ခဲ့ရသူများ
20-Apr-2017 tagged as မီးလောင်မှု

အစ်မနှစ်ယောက်ဖြစ်သည့် ဂျီလ်မာနှင့် ဂရင်ဒီတို့သည် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်သာ ရှိကြသေးသည်။ နိုင်ငံတော်က ဖွင့်လှစ်ထားသော လူငယ်ထိန်းသိမ်းရေးစခန်းကို သူတို့အား မပို့ရန် အမျိုးမျိုး တောင်းပန်ကြသော်လည်း သူတို့ အပို့ခံလိုက်ကြရသည်။

သူတို့ကို လူငယ်စခန်းကို ပို့ပြီး နောက်တစ်ရက် မတ်လ ၈ ရက်နေ့တွင် လူငယ်စခန်း မီးလောင်ပြီး ညီအစ်မနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြသည်။ 

ဗားဂျန် ဒီလာ အေဆန်းရှင်း လူငယ်စခန်း မီးလောင်မှုကြောင့် ထိုနေ့တွင် မိန်းကလေး ၁၉ ဦး သေဆုံးသွားခဲ့ရသည်။ နောက်တစ်နေ့တွင် မီးလောင်ဒဏ်ရာများနှင့်ပင် မိန်းကလေး ၂၁ ဦး ဆေးရုံ၌ ထပ်မံသေဆုံးခဲ့ပြန်သည်။ ၇ ဦးကို အမေရိကန်ပြည်ထောင်စု၊ ဘော့စ်တွန်နှင့် တက္ကဆက် ကလေးဆေးရုံကြီးကို လေယာဉ်ဖြင့် အရေးပေါ် ပို့ပေးလိုက်ကြရသည်။ အမေရိကသို့ ပို့ပေးလိုက်သည့် ကလေးတစ်ဦး ထပ်မံ သေဆုံးသောကြောင့် သေဆုံးရသည့် မိန်းကလေးဦးရေ စုစုပေါင်းမှာ ၄၁ ဦး ဖြစ်သွားသည်။ အသက်ရှင် ကျန်ခဲ့သော ၆ ဦးမှာ ယခုအခါ အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။ 

ဂျီလ်မာနှင့် ဂရင်ဒီတို့၏ အဘွားဖြစ်သူ ဘလန်ကာ လိုင်ဒီယာ မာတီနက်ဇ်သည် အသက် ၆၄ နှစ်ရှိ ပြီဖြစ်သည်။ သူမက မိဘတွေကိုယ်စား သတင်းသမားများကို အင်တာဗျူး ဖြေပေးသည်။ မိဘတွေက ဝမ်းနည်းလွန်းသဖြင့် စကားပင် ပြောနိုင်စွမ်း မရှိ။

လိုင်ဒီယာက မိသားစု နေထိုင်သည့် အိမ်လှေ ကားပေါ်တွင် မတ်တတ်ရပ်နေသည်။ သူတို့နေထိုင်သည့်အိမ်က ဂျူတိုင်းပါးမြို့ပေါ်တွင်ရှိပြီး ဂွါတီမာလာ မြို့တော်နှင့် ၁၂၄ ကီလိုမီတာ အကွာတွင် ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ မြေးနှစ်ယောက်ကို သူတို့ မိဘတွေက လူငယ်စခန်းကို ပို့လိုက်ရခြင်းမှာ ထိန်းမနိုင်သိမ်းမရ အနေအထားကို ရောက်နေသောကြောင့် ဖြစ်ကြောင်း ဘွားအေက ပြောပြသည်။ 
“သူတို့ အရမ်းဆိုးကြတာပဲ။ သူတို့ အမေစကားကို နားမထောင်ကြဘူး။ ညဥ့်နက်မှ အိမ်ပြန်လာလိုလာ၊ တစ်ခါတလေ ပြန်တောင်မလာဘူး” ဟု လိုင်ဒီယာက ဆိုသည်။

သူတို့မိသားစုတွင် မိသားစုဝင်ပေါင်း ၁၅ ယောက် ရှိသည်။ သူတို့သည် အလွန်ကျဉ်းမြောင်းလှသော တဲကုပ်သာသာ အခန်းလေးထဲတွင် ဖြစ်သလို နေထိုင်ကြရသည်။ ကလေးမလေး နှစ်ယောက် ကွယ်လွန်သွားသော်လည်း သူတို့ အသုဘစရိတ် မတတ်နိုင်သဖြင့် မြူနီစီပယ်ကပင် အသုဘစရိတ်ကို ထုတ်ပေးခဲ့ရသည်။ 

ကောင်မလေးတွေကို ဂေဟာပို့မည် ဆိုစဉ်က သူတို့ပြောသွားသည့် စကားတစ်ခွန်းမှာ “အဲဒီကို ပြန်သွားမယ့်အစား သေတာမှ ကောင်းဦးမယ်။ လူလိုလည်း မဆက်ဆံ၊ ကောင်းကောင်းလည်း မစားရတဲ့နေရာ” ဟု ပြောသွားကြသည်။ သို့သော် မိဘတွေက သူတို့ သမီးနှစ်ယောက်ကို ဂေဟာသို့ပို့ရန် ဆုံးဖြတ်ပြီး ပို့လိုက်ကြတော့သည်။

သူတို့အဘွား ပြောပြချက်အရ သူ့မြေးများ၏ အလောင်းများသည် ပြင်းထန်စွာ မီးသင့်ခြင်း ခံထားရပြီး ဂျီလ်မာကို ပါးပေါ်တွင်ရှိသော မှဲ့ကြောင့်သာ မှတ်မိလိုက်သည်ဟု သိရသည်။ ဂရင်ဒီကိုလည်း သွားတွေကြည့်ပြီးတော့သာ ပြောနိုင်တော့သည်။ အဘွားဖြစ်သူက မြေးများ အလောင်းဘဝနှင့် အိမ်ပြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်မိကြောင်း သူက ဆိုသည်။

လူငယ်ဂေဟာအကြောင်း မီးလောင်မှုဖြစ်ပွားပြီးမှ လူတွေ စိတ်ဝင်စားလာကြသည်။ အာဏာပိုင်တွေက ယခင်ကတည်းက ထိုဂေဟာကို မျက်ကွယ်ပြုထားခဲ့ကြသည်။ ဂေဟာရှိ ဝန်ထမ်းများသည် လာရောက်ခိုကိုးနေသည့် လူငယ်တွေကို ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ ယခင်ကတည်းက ရှိနေသည်။ ထိုစွပ်စွဲချက်များသည် မီးလောင်မှု မဖြစ်ပွားမီ ကတည်းက ပေါ်ထွက်နေပြီး လူငယ်ပြုပြင်ရေးဂေဟာ ဆိုသည်မှာ လူငယ်တို့အတွက် လုံခြုံမှု မည်မျှရှိသနည်းဟု မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရသည်။

လူငယ်ဂေဟာ

အေဆန်းရှင်း လူငယ်ဂေဟာကို လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်။ ထိုဂေဟာသည် ဂွါတီမာလာမြို့တော်မှ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာ ကွာဝေးသည့် ဆန် ဂျို့စ် ပီနူလာမြို့တွင် တည်ဆောက်ထားသည်။ ၂၀၁၆ ခုနှစ်ကုန်တွင် ထိုဂေဟာကို ပိတ်ပစ်ရန် တရားရုံးက အမိန့်ချခဲ့သော်လည်း မီးလောင်သည့်နေ့ကအထိ ပိတ်ခဲ့ခြင်း မရှိသေးပေ။ ထို့နောက် မီးလောင်မှု ဖြစ်ပွားခဲ့ရသည်။ 

မီးလောင်ပြီးနောက် ဒေါသထွက်နေသည့် မိသားစုများက ကိုယ်တိုင်မီးလောင်နေသည့် ဂေဟာအတွင်း ဝင်ပြီး သူတို့ပတ်သက်သူများကို ရှာဖွေကြသည်။ သို့သော် ကလေး ၅၀ ခန့်မှာ မိသားစုလည်းမသိ၊ ဆွေမျိုးတွေလည်းမသိ ဖြစ်နေကြသလို၊ မည်သူကမှလည်း အလေးထားပြီး လာရောက်မေးမြန်းခြင်းပင် မရှိခဲ့ပေ။

လူငယ်ဂေဟာကို ၂၀၁၀ ခုနှစ်က စတင်တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုဂေဟာထဲတွင် လူငယ်များကို အုပ်စုလိုက် လေးစု ခွဲထားသည်။ အသက်နှင့် ကျားမအရွယ်လိုက် ခွဲခြားထားခြင်းဖြစ်သည်။ ထိုဂေဟာက လူငယ် ၃၅၀ ခန့်သာ ထားနိုင်သည့် အရွယ်အစား ဖြစ်သော်လည်း မိန်းကလေး၊ ယောက်ျားလေး ၇၀၀ ခန့် ရှိနေသည်။ သူတို့ကို အဆောင်တစ်ခုစီတွင် ခွဲထားသည်။ သူတို့အားလုံး ပြည့်သိပ်ကျပ်ညှပ်ပြီး နေထိုင်ကြရသည်။ ထိုဂေဟာတွင် ပျောက်သူတွေ၊ ထွက်ပြေးသူတွေ ရှိသော်လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ချင်မှ လုပ်သည်။ မကောင်း ထောင်ပို့သလို လာရောက်ပို့ထားခြင်းကို သူတို့ခံနေကြရခြင်း ဖြစ်သည်။

“သူတို့အားလုံးကို ဒီမှာလာပြီး ထည့်ထားတာဟာ စာနာစိတ်ကင်းမဲ့သလို ဖြစ်နေပါတယ်။ သူတို့လေးတွေမှာ တစ်ဦးချင်းအလိုက် အထူးကုစားပေးနိုင်တာလေးတွေ ရှိနေပါတယ်။ အိမ်ကို ပုန်ကန်တာနဲ့ သူပုန်မလေးတွေ ဆိုပြီး ယူဆလို့ မရပါဘူး” ဟု PAMI ဒေသခံ NGO အဖွဲ့အစည်း၏ တာဝန်ရှိသူများက ပြောကြားသည်။ ထိုအဖွဲ့အစည်းသည် ကလေးများကို လိင်ပိုင်းဆိုင်ရာအတွက် ရောင်းဝယ်ကုန်ကူးမှုများအား စောင့်ကြည့်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ 

လူငယ်ဂေဟာကို ရောက်လာသည့် ကောင်မလေးတွေ၏ နောက်ခံက အမျိုးမျိုး ဖြစ်နိုင်သည်။ ဂျီလ်မာနှင့် ဂရင်ဒီ ညီအစ်မတို့ဆိုလျှင် ရိုင်းစိုင်းသော အပြုအမူများကြောင့်ဆိုကာ ဂေဟာကို ပို့ခြင်းခံရသူများ ဖြစ်သည်။ အခြားသူများဆိုလျှင် အိမ်ကို ပြဿနာရှာခြင်း၊ ပြည့်တန်ဆာအိမ်များက ပြန်လည် ခေါ်ယူထိန်းသိမ်းလာရခြင်းများကြောင့် ဂေဟာကို ရောက်လာကြသည်။ အခြားသော လူငယ်များမှာ မိဘမဲ့များ၊ ဆင်းရဲလွန်းသောကြောင့် စွန့်ပစ်ခံရသူများ ဖြစ်နေသည်။ သူတို့ ဤဂေဟာသို့ ရောက်လာကြသော်လည်း သူတို့ကို လူကျန်းမာရေး၊ စိတ်ကျန်းမာရေး အားလုံး စောင့်ရှောက်မှုများ ဘာတစ်ခုမှ ဆောင်ရွက်ပေးနိုင်ခဲ့သည် မဟုတ်ပေ။ အချို့သော ကလေးများမှာ အိမ်က ထွက်ပြေးလာသူများဖြစ်ပြီး၊ ကျောင်းတွင်လည်း အနိုင်ကျင့်ခံရသည့်အပြင် လမ်းပေါ်တွင်လည်း ဂိုဏ်းများ၏ ခြိမ်းခြောက်ရန်လိုမှုကို ကြောက်ပြီး ထွက်ပြေးနေကြသူများ ဖြစ်သည်။ 

အသက် ၁၅ နှစ်အရွယ် ရိုစီလင်းဆိုသည့် ကောင်မလေးဆိုလျှင် မိဘမဲ့တစ်ဦးဖြစ်ပြီး အမေက ကားတိုက်ခံထားရကာ၊ အဖေက စွန့်ပစ်ခြင်း ခံထားရသူ ဖြစ်သည်။ သူ့ကို မည်သူကမှ လာရောက် တာဝန်မယူသောကြောင့် အစုလိုက်အပြုံလိုက် မြှုပ်နှံပေးလိုက်ကြရသည်။ ရိုစီလင်းဘဝကလည်း ရင်နာစရာ ကောင်းလှသည်။ သူ့ကို မည်သူမှန်းမသိ တိုက်ခိုက်မုဒိမ်းကျင့်ခံရပြီးနောက် အိမ်က ထွက်ပြေးလာခြင်း ဖြစ်သည်။ 

ရိုစီလင်း၊ ဂျီလ်မာနှင့် ဂရင်ဒီတို့လို ကောင်မလေးတွေကို ဂေဟာဟု သမုတ်ထားသော ထောင်ထဲပို့ လိုက်သူများမှာ တရားရေး ဌာနကသာ ဖြစ်သည်။ သူတို့ကို လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း ပို့ရန် နေရာမရှိသည့် အတွက် ယခုလို ထောင်သာသာ ဂေဟာကို ရောက်လာကြရခြင်း ဖြစ်သည်။ 

ဂွါတီမာလာနိုင်ငံတွင် လူငယ်ဘဝ ကျင်လည်နေကြရသည့်မှာ ထိတ်လန့်စိုးရွံ့ဖွယ် ကောင်းလှသည်။ သူတို့ အခြေအနေ အကြောင်းတစ်ခုခုကြောင့် လမ်းပေါ်ရောက်ပြီး ပြဿနာတစ်ခုခုကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည်နှင့် သူတို့အနာဂတ် ပျောက်သွားနိုင်သည်။ 

လူငယ်တွေက ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး လမ်းသရဲ ဂိုဏ်းဝင်တွေလိုလို ဖြစ်ကုန်သည်။ လမ်းသရဲ ဂိုဏ်းဝင်တွေက အိမ်တွင်လည်း ဂျစ်ကန်ကန်တွေနှင့် ရန်ထောင်ကြသည်။ ဂိုဏ်းဝင်တွေက အနည်းနှင့် အများ ရာဇဝတ်မှု ကျူးလွန်သူတွေ ဖြစ်လာကြသည်။ 

ဂွါတီမာလာနိုင်ငံတွင် လက်ရှိ နိုင်ငံတော်က ဖွင့်လှစ်ပေးထားသော လူငယ်ဂေဟာ ၇ ခု ရှိသည်။ နှစ်ခုမှာ ဆိုးသွမ်းလူငယ်များဟု သတ်မှတ်ထားသည့် လူငယ်များကို ပိတ်လှောင်ထားသည့် စခန်းများ ဖြစ်သည်။ ထိုနေရာ နှစ်နေရာထဲတွင် အေဆန်းရှင်းက တစ်ခုအပါအဝင် ဖြစ်ပြီး အစားအသောက်လည်း လုံလောက်စွာ မပေးသည့်အပြင် ပြည့်ကျပ်အောင် ထည့်ထားခြင်း ခံကြရသည်။ 

မီးလောင်မှု ဖြစ်ပွားပြီးနောက် အပြင်းအထန် ထိခိုက်လောင်ကျွမ်းခံရသူ ၁၃၀ ဦးကို အယ်လ်လီဒါ အက်စ်ပါးနား ဒီအရီးနား မိဘမဲ့ဂေဟာကို ပြောင်းပေးလိုက်သည်။ သူတို့လည်း ၄၃ ဦးလျှင် တစ်ခန်း နေထိုင်နေကြရသည့် ဘဝကို ရောက်နေကြရသည်။ သူတို့အတွက်လည်း အခြေအနေ မကောင်းကြောင်း နိုင်ငံတကာ မသန်စွမ်းသူများ အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသော်လည်း နေရာသစ်များ ယနေ့တိုင် စီစဉ်ပေးနိုင်ခြင်း မရှိသေးပေ။

မီးလောင်မှု ဖြစ်ပွားရခြင်း

အေဆန်းရှင်း ဂေဟာတွင် မီးလောင်ကျွမ်းရခြင်းမှာ မိန်းကလေး ၁၀၄ ဦးသည် သူတို့ အကျဉ်းချထားခြင်း ခံရသည့် အဆောင်ထဲက ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှု၏ နောက်တစ်နေ့တွင် ဖြစ်သည်။ သူတို့အထဲက အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးသွားသူများလည်း ရှိသည်။ ရဲများက ၄၇ ဦးကို ပြန်ဖမ်းမိသည်။ လွတ်မြောက်နေသူများလည်း ရှိနေသေးသည်။ 

ပြန်ဖမ်းမိသူများကို အခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ထားသည်။ အိမ်သာကိုပင် ထွက်ခွင့်မပေးပေ။  ပိတ်လှောင်ထားခြင်း ခံရသည့် မိန်းကလေးများက မွေ့ရာများကို မီးရှို့ပြီး ရဲများက သူတို့ အဆောင်ကို လာဖွင့်ပေးရန် အားထုတ်ကြသည်။ 

“ကျွန်မတို့ ရဲတွေကို တံခါးလာဖွင့်ပေးဖို့ အော်ခေါ်ကြတယ်။ မီးက အရှိန်များပြီး ကျွန်မတို့ကို လောင်နေပြီ။ ဒါပေမဲ့ ရဲတွေက မလာကြဘူး။ သူတို့က မလာတဲ့အပြင် ဆဲတောင် ဆဲလိုက်သေးတယ်” ဟု မီးလောင်မှုက လွတ်မြောက်လာသူ နိုမာဒါဆိုသူ ကောင်မလေးတစ်ဦးက ပြန်ပြောပြသည်။ 

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ရဲများ လျစ်လျူရှုခြင်းကြောင့် မီးလောင်မှုက ကြီးထွား ပြင်းထန်လာရသည် ဆိုခြင်းမှာ သေချာနေသည်။ မီးသတ်ကားများ မီးလောင်ပြီး ၂၅ မိနစ်အကြာမှ ရောက်လာသည့် တိုင်အောင်ပင် အခန်းများကို သော့ခတ်ပိတ်ထားဆဲ ဖြစ်သည်။ မီးသတ်ရဲဘော်များ ရောက်ချိန်တွင် အခန်းအတွင်း၌ မီးလောင်ထားသူများကိုသာ ကယ်တင်နိုင်ကြတော့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်မဲ့ လျစ်လျူရှုခြင်းက မိန်းကလေးပေါင်း ၄၁ ဦးကို အသက်ပေးလိုက်ရသည်။ ဂွါတီမာလာ လမ်းများပေါ်တွင် ရက်ပေါင်းများစွာ ပြည်သူတို့က တရားမျှတရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ကြသည်။ နိုင်ငံတော်အနေနှင့်လည်း အလံထက်ဝက် လွှင့်ထူပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြရုံကလွဲပြီး မလုပ်ပေးနိုင်တော့။

မတ်လ ၁၃ ရက်နေ့တွင် အော်ဆန်းရှင်း လူငယ်ဂေဟာ တာဝန်ရှိသူ အားလုံးကို လူသတ်မှု၊ ကလေးများအပေါ် မတရားနှိပ်စက်မှုများဖြင့် ဖမ်းဆီးအရေးယူလိုက်သည်။ ဧပြီလ ၇ ရက်နေ့တွင် သူတို့အားလုံးကို နေအိမ်အကျယ်ချုပ်ဖြင့် ထားပြီး ပဏာမ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

မည်သို့ဆိုစေ ဂွါတီမာလာသမိုင်းတွင် မိန်းကလေး ၄၁ ဦး အသက်ပေးပြီးမှ ကလေးသူငယ် အခွင့်အရေးများ ချိုးဖောက်ခံနေကြရကြောင်း၊ လမ်းပေါ်ရောက်နေသည့် လူငယ်များဘဝသည် လူငယ်စခန်းဟု အမည်လှလှ ပေးထားသည့် စခန်းများထဲတွင် တန်ဖိုးမဲ့စွာ ရှင်သန်နေကြရကြောင်း ကမ္ဘာသိ ဖြစ်ခဲ့ရသည်။ မိန်းကလေး ၄၁ ယောက် ဝိညာဉ်များကတော့ ထာဝရ ငြိမ်းချမ်းမှုတစ်ခုဆီသို့ ရောက်သွားပြီဟုသာ ပြောနိုင်ပါတော့သည်။

(Ref : Guatemalan youth shelter crisis, Louisa Reynolds)
ကျော်ဗလ