News

POST TYPE

FEATURE

ဆယ်လမွန်၏ အိမ်ပြန်ခရီး
13-Aug-2016 tagged as

“မိုင်ပေါင်းနှစ်သောင်းကျော်ဆိုတာ နည်းတဲ့ခရီးမှ မဟုတ်ဘဲ” ဟု ဦးမောင်မောင်ဝမ်း စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။


အရှေ့အနောက် ကမ္ဘာနှစ်ခြမ်းကို ဆက်တိုက် ခေါက်တုံ့ခေါက်ပြန် သွားခဲ့ရသည့်အပေါ် သူ၏ ခန္ဓာကိုယ်က မလိုက်ပါနိုင်။ အလွန်ပင်ပန်းနွမ်းလျနေခဲ့သည်။

မိုင်သောင်းနှင့်ချီ ခရီးနှင်ခဲ့သည့် ခေတ်သစ်ဆယ်လမွန် ဦးမောင်မောင်ဝမ်းအတွက် အမိမြေ၏ ကြိုဆိုမှုက မသင်း။ ရောက်ရောက်ချင်း မဆိုင်းပြန်ပို့ခံရသည့် သူကိုယ်တိုင်ပင် သိမထားသော အမည်ပျက်စာရင်း (Black List) က အသင့်စောင့်နေခဲ့သည်။ အမိမြေသို့ ရောက်သည့်တိုင် ထိုမြေထိုလေ ထိုရေတို့ကို ထိတွေ့ရှူရှိုက်ခွင့်ပင် မရခဲ့။

ဆန္ဒတို့ကို ပွေ့ပိုက်ရင်း နောက်ကြောင်းပြန်ခဲ့ရသည်။

“ရည်ရွယ်ချက်က စာသင်လို့လည်း မဟုတ်ဘူး၊ ရက်ကျော်နေတာကြောင့်လည်း မဟုတ်ဘူး။ ကျွန်တော်က ၈၈ ကျောင်းသားခေါင်းဆောင် ဖြစ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးထောက်ခံတဲ့သူဖြစ်လို့ အဲဒီနှစ်ချက်တည်းနဲ့ ဆော်တာပဲ” ဟု ဦးမောင်မောင်ဝမ်းက ၂၀၁၄ ခုနှစ်က ပြည်နှင်ဒဏ် ပေးခံလိုက်ရသည့် ဖြစ်စဉ်အပေါ် တစ်ထစ်ချ ဝေဖန်ပြစ်တင်လိုက်သည်။

အမေရိကန် နိုင်ငံသားတစ်ဦးအဖြစ် ခံယူထားသူ ဦးမောင်မောင်ဝမ်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ လူမှုရေးဗီဇာဖြင့် ပထမအကြိမ် အမိမြေသို့ ပြန်လည်ခြေချခဲ့သည်။ ထိုစဉ်က ရက်ကျော်နေထိုင်ခဲ့ခြင်း၊ လူမှုရေးဗီဇာဖြင့် လာရောက်ပြီး  စာသင်ကြားခြင်းကဲ့သို့ ဗီဇာစည်းကမ်းများ ဖောက်ဖျက်ခြင်းဆိုင်ရာ စွဲဆိုချက်တို့ဖြင့် ၎င်းမှာ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။

ထိုအကျိုးဆက်ကြောင့်ပင် ဆယ်လမွန်၏ ဒုတိယအကြိမ် အိမ်အပြန်ခရီးက မသာယာခဲ့။ အမိမြေ၌ တစ်နာရီခန့်သာ ခြေချခွင့် ရခဲ့သည်။ လေယာဉ်ဖြင့်  ၂၂ နာရီအကြာ ခရီးဆန့်ခဲ့ရသော အမေရိကန်ပြည်ထောင်စုသို့ ခရီးရောက်မဆိုက် ပြန်ပို့ခံခဲ့ရသည်။

သို့သော် ကံတရားက ဦးမောင်မောင်ဝမ်းဘက်တွင် ရှိနေခဲ့သည်ဟု ဆိုရမည်လော။  ထိုသတင်းစကားတို့က နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ထံသို့တိုင် ပေါက်ရောက်ခဲ့ပြီး ဦးမောင်မောင်ဝမ်းကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

သို့သော် အချိန်မမီတော့။ ဦးမောင်မောင်ဝမ်းက ရန်ကုန်နှင့် မိုင် ၈၀၀၀ ကျော် ကွာဝေးသည့် နယူးယောက်မြို့သို့ ဩဂုတ် ၃ ရက်နေ့တွင် ပြန်ရောက်သွားခဲ့ပြီ။

နာရီ ၅၀ ကျော်ကြာ လေယာဉ်စီးခဲ့ရသောဒဏ်က ဦးမောင်မောင်ဝမ်းကို ထုထောင်းနှိပ်စက်ကာ ဖျားနာစေခဲ့သည်။ သို့သော် အမိမြေ အပြန်ခရီးကို လက်တော့မလျှော့။

မိုင် ၃၀၀ နီးပါးဝေးသည့် နေရပ်ဖြစ်သည့် Buffalo မြို့သို့ မပြန်ဘဲ နယူးယောက်မှ တစ်ဆင့် ပြည်တော်ပြန် ခရီးအတွက် ထပ်မံကြိုးစားပြန်သည်။

ဩဂုတ်လ ၈ ရက်၊ နံနက် ၆ နာရီခွဲ။

ဦးမောင်မောင်ဝမ်း လိုက်ပါလာသော ကာတာလေကြောင်းလိုင်း လေယာဉ်ကြီးက မိုးသားတို့ မည်းနက်ပြည့်သိပ်ကာ ရွာမယ်ဟန် ပြင်နေသော ကောင်းကင်ကြီးကို ထိုးခွင်းကာ ရန်ကုန်လေဆိပ်သို့ တငြိမ့်ငြိမ့် တသိမ့်သိမ့်ဖြင့် ဆင်းသက်လာချေပြီ။

အချိန်သီတင်းတစ်ပတ် အတွင်းမှာတင် ဦးမောင်မောင်ဝမ်း ရန်ကုန်သို့ နှစ်ကြိမ်တိုင် ရောက်ခဲ့သည်။ သို့ရာတွင် ကြိုဆိုပုံချင်းတော့ ခြားနားလွန်းသည်။

ဩဂုတ်လ ၂ ရက်နေ့ ခရီးစဉ်က အချိန်ပင်မဆိုင်း နှင်လွတ်ခဲ့သည်။ ယခုဩဂုတ် ၈ ရက်နေ့တွင်တော့ ပြည်တွင်းဝင်ရောက်ရန် လ.ဝ.ကသို့ ဖြတ်သန်းရာ၌ပင် အများသူငှာ ခရီးသွားများကဲ့သို့ စောင့်ဆိုင်းတန်းစီရန် မလို။ VIP အနေနှင့် သီးသန့်စစ်ဆေး၍ ဖြတ်သန်းခွင့် ပေးလိုက်သည်။ အမိမြေ၏ ကြိုဆိုမှုအပေါ် ဦးမောင်မောင်ဝမ်းကတော့ ရီ (ရယ်) ချင် နေမိသည်တော့ အမှန်။

 “ကိုယ့်ကျမှ လူမုန်းလို့ မူသုံးတာမျိုး၊ ကိုယ့်ကျမှ လူခင်လို့ မူပြင်တယ် ဆိုတာမျိုးကို ပြောချင်တာ” ဟု သူက ရယ်မောခြင်းစွက်လျက် ပွင့်လင်းစွာ ဆိုလာသည်။

ယခုတစ်ကြိမ်တွင်တော့ ဦးမောင်မောင်ဝမ်းကို စောင့်မျှော်နေကြသည့် သူငယ်ချင်း၊ အပေါင်းအသင်းတို့သည်လည်း သက်မမောကို ဖြေလျှော့မှုတ်ထုတ်နိုင်ခဲ့ကြပြီ။

လေဆိပ်သို့ လာကြိုကြသူများတွင် သူငယ်ချင်းဖြစ်သူ ဦးဘသက်အောင်သည်လည်း အပါအဝင်။ သူကတော့ ဦးမောင်မောင်ဝမ်း ပြန်လာခွင့်ရခြင်းအပေါ် နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်နေမိသူ။ ဦးမောင်မောင်ဝမ်း၏ ပြည်တော်ပြန်ခရီးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်က ၂၄ နာရီအတွင်း အပြီးဆောင်ရွက်ပေးခဲ့၍သာ ယင်းသို့ ချက်ချင်းပြန်လာခွင့်ရခြင်းဟု ၎င်းက ဆိုသည်။

“ဒီမှာရှိတဲ့ လဝကက Blacklist မဖျက်ရသေးဘူးဆိုလည်း ခဏတော့ ထိန်းထားလိုက်ရင် ပြဿနာ နည်းသွားမယ်။ ချက်ချင်းပြန်ပို့လိုက်တော့ တစ်ဖက်လူမှာ စိတ်အနာတရ ဖြစ်တယ်” ဟု ဦးဘသက်အောင်က မချိတင်ကဲဆိုသည်။

အမိမြေသို့ ခြေချခွင့်ရပြီဟု ဆိုသော်လည်း ဦးမောင်မောင်ဝမ်း၏ ရင်တွင်းက ဆန္ဒတစ်စုံက ရေစုန်မျောသွားပြီ ဖြစ်သည်။ မဖြစ်ဖြစ်အောင် တက်မည်ဟု အားခဲခဲ့သည့် ဇာတိမြေ ရေနံချောင်းမြို့၏ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲနှင့် အလွဲကြီး လွဲခဲ့ရပြီ။

သမိုင်ဝင် ရှစ်လေးလုံး အရေးအခင်းကြီး၏ နိဒါန်းအစ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ရေနံချောင်းမြို့တွင် အရေးအခင်းအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သူ ငါးဦးကို ရည်ရွယ်၍ အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် ကျောက်တိုင်ဖွင့်ပွဲပင် ဖြစ်သည်။

ဦးမောင်မောင်ဝမ်း လာရောက်နိုင်ခြင်း မရှိသော်လည်း  အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲကတော့ ခမ်းနားခဲ့သည်။ သိုက်မြိုက်ခဲ့သည်။ သို့သော် မြို့နေလူထုနှင့် သူငယ်ချင်းများ စိတ်ထဲတွင်တော့ ဆို့ဆို့နှင့်နှင့်  ရှိနေခဲ့သည်။ သူတို့အတွေးတွင် သူတို့ မြို့သား ၈၈ ရဲဘော်ကြီး မောင်မောင်ဝမ်းကို သတိတရ ရှိနေသည်။

“သူမလာတဲ့အတွက် စိတ်မကောင်းကြဘူး။ ခု လွတ်လွတ်ကျွတ်ကျွတ်နဲ့ ပြည်တော်ပြန်ခွင့် ရတယ်။ ငါတို့ သူငယ်ချင်းတွေ မသေလို့ တွေ့ရတာပါလားဆိုပြီး စိတ်လှုပ်ရှားတယ်။ ပျော်လည်းပျော်တယ်” ဟု ငယ်သူငယ်ချင်း ဒေါ်ချစ်ချစ်ကြိုင်က ဝမ်းသာလှိုက်လှဲစွာ ဆိုလာသည်။

ဟုတ်ပါသည်။ ဒေါ်ချစ်ချစ်ကြိုင်ပြောသည့် မသေ၍ တွေ့ရသည့် သူငယ်ချင်းများပင်။ ဦးမောင်မောင်ဝမ်းသည် ၈၈ ကျောင်းသားအရေး လှုပ်ရှားမှုဖြင့် အရေးအခင်း နောက်ပိုင်းတွင် ရှစ်နှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ်ဖြင့် ထောင်နှစ်ကြိမ် ကျခဲ့သည်။

ထိုအကျဉ်းထောင်ကပင် သူ၏ ဘဝကို တစ်ဆစ်ချိုး ပြောင်းပေးလိုက်သည်ဟု ဆိုရမည်။

ထောင်ကျနေစဉ် ရှစ်နှစ်တာကာလ အတွင်း အင်္ဂလိပ်စာကို အပတ်တကုတ် လေ့လာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာပြီး စောင့်ကြည့်ခံအဖြစ်မှ လွတ်မြောက်ရန် ထိုင်းသို့  ၂၀၀၄ ခုနှစ်တွင်  ကူးသွားခဲ့သည်။ ထိုင်းကျောင်းသားများကို အင်္ဂလိပ်စာ သင်ပေးရင်းဖြင့် ဘဝရပ်တည်မှုကို ရှာဖွေခဲ့သည်။

ရက်ကျော်နေထိုင်မှုဖြင့် ထိုင်းက ဖမ်းမည်ကို မကြောက်သော်လည်း တစ်ဖက်ကမ်း မြန်မာထောက်လှမ်းရေးများလက်သို့ အပ်ခံရမည်ကိုတော့ စိုးထိတ်လှသည်ဟု ဦးမောင်မောင်ဝမ်း တစ်ယောက် ထိုင်းရောက် နေ့ရက်တို့ကို ပြန်ပြောင်းကာ ရင်ဖွင့်သည်။

ထို့ကြောင့် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ထပ်၍ ကူးခဲ့ရပြန်သည်။

“အမေရိကမှာ အားလုံးက ဇီးရိုးက စတာပဲ။ တရားဝင် Certificate မရှိတော့ ရရာဝင်လုပ်ရတာပဲ” ဟု ရုန်းကန်ခဲ့ရသည့် ဘဝအစိတ်အပိုင်းများကို ဦးမောင်မောင်ဝမ်းက ဖွင့်ဟသည်။

ဒုက္ခပင်လယ်က ဇွဲသန်သူ ဦးမောင်မောင်ဝမ်းကို နစ်မြုပ်မပစ်နိုင်ခဲ့။ ဝမ်းရေး အလုပ်တစ်ဖက်ကြောင့် နေ့ပိုင်း တက္ကသိုလ် မတက်နိုင်ခဲ့သည့်တိုင် အွန်လိုင်းမှတစ်ဆင့် Teachers of English to Speakers of Other Languages (TESOL) တွင် လေးနှစ်သင်ကြား၍ ဘွဲ့ရအောင် ယူလိုက်သေးသည်။

ထိုသို့ အလုပ်တစ်ဖက်ဖြင့် ဘွဲ့ယူပြီး နောက် TOFEL သင်တန်းကျောင်း တစ်ခုတွင် အာရှကျောင်းသားများကို အွန်လိုင်းမှ တစ်ဆင့် စာသင်ပေးနိုင်ခဲ့သည်။

ထို့နောက် လွန်ခဲ့သည့် လေးနှစ်က The Master's Program in Teaching English to Speaker of Other Languages ကိုပင် မဟာဘွဲ့ရအောင် ထပ်၍ယူခဲ့ပြန်သေးသည်။

မဆုတ်မနစ်သော ဇွဲလုံ့လတို့၏ အကျိုးဆက်ကြောင့် ယခုအချိန်တွင် ရုန်းကန်ရသည့် ဘဝအခြေအနေတို့က လွန်မြောက်ခဲ့ပြီ ဖြစ်သည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှကျောင်းသားများကို အင်္ဂလိပ်စာ သင်ကြားပေးရသည့် အချိန်တိုင်း အမိမြေ က မြန်မာလူငယ်တို့ကိုလည်း သင်ပေးလိုသည့် ဆန္ဒတို့က တားမနိုင်ဆည်းမနိုင်။ စိတ်အားထက်သန်နေမိသည်။

ထို့ကြောင့် ww.thebestenglish4u.com ဖြင့် မြန်မာလူငယ်ထုထံ စေတနာ အရင်းခံကာ အရောက်လှမ်းခဲ့သည်။

အွန်လိုင်းမှတစ်ဆင့် အင်္ဂလိပ်စာ လေ့လာသူများကြား အထင်ကရ ဆရာတစ်ဆူ ဖြစ်လာသူ ဦးမောင်မောင်ဝမ်းသည် ငယ်စဉ်ကျောင်းသား ဘဝက အင်္ဂလိပ်စာ အလွန်ညံ့ခဲ့သူဟုဆိုလျင် အွန်လိုင်းတပည့်များ လက်ခံနိုင်အံ့မထင်။ သို့သော် အမှန်ပင် ညံ့ခဲ့ပါသည်ဟု ဦးမောင်မောင်ဝမ်းကတော့ ဖွင့်ဟလာသည်။

သို့သော် ယခုမျက်မှောက်တွင်တော့ အမေရိက၌သာမက အိုင်လိုင်းတွင်ပါ အထင်ကရ အင်္ဂလိပ်စာဆရာအဖြစ် ရပ်တည်နေနိုင်သူ တစ်ဦးလည်း ဖြစ်၍ နေပြန်သည်။

ထို့ကြောင့်လည်း အကြောင်းသိ သူငယ်ချင်းများက အံ့ဩခဲ့ရသူ။

ထောင်ကျနေစဉ်ကာလ တစ်လျှောက်လုံး ထောင်ဝင်စာ တွေ့သူတိုင်းကို ဦးမောင်မောင်ဝမ်း တောင်းတတ်ခဲ့သည်က တစ်နေ့စာ တစ်လုတ်စာအတွက် အစာရေစာ မဟုတ်ခဲ့။ ဘဝတစ်သက်တာ အထောက်အပံ့ဖြစ်စေရန် ညဘက်တို့တွင် အင်္ဂလိပ်စာ လေ့လာရေးအတွက် အလင်းပေးမည့် ဖယောင်းတိုင်မျှသာ။

“စိတ်အားထက်သန်မှု ပြင်းရင် ပြင်းသလောက်ရမယ်။ ဖုန်းနဲ့ကတော့ အလုပ်မဖြစ်ဘူး။ ကျောင်းသားတွေမှာ ထိုက်သင့်တဲ့ ကွန်ပျူတာလေးတစ်လုံး ပိုင်ဆိုင်ဖို့တော့ လိုတယ်” ဟု ဦးမောင်မောင်ဝမ်းက ၎င်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် အင်္ဂလိပ်စာ လေ့လာနေသော မြန်မာကျောင်းသားများကို ရည်ညွန်း၍ တိုက်တွန်းစကားဆိုသည်။

ထိုသို့ အွန်လိုင်းမှ သင်ပေးနေရသည်ကိုပင် ဦးမောင်မောင်ဝမ်း တစ်ယောက် မရောင့်ရဲနိုင်။ မြန်မာကျောင်းသားများနှင့် အပြန်အလှန် Live ပို့ချနိုင်မည့် သင်တန်းကျောင်း ဖွင့်လိုသည့် ဆန္ဒတစ်ခုကလည်း ပြင်းပြင်းပြပြ ရှိနေသေးသည်။

ယင်းသို့ ကျောင်းသားများနှင့် အပြန်အလှန် Live ပို့ချမှုက အမေရိကတွင် မထူးဆန်းလှသော်လည်း မြန်မာနိုင်ငံတွင်တော့ ပထမဆုံး ဖြစ်လာမည့် စနစ်တစ်ခု ဖြစ်သည်။ ဦးမောင်မောင်ဝမ်း၏ ပြင်းပြမှုတို့ကို ရံပုံငွေဆိုသည့် အရာက တားဆီး၍နေသည်။

အင်္ဂလိပ်စာအကြောင်း ရှင်းပြရမည်ဆိုလျှင် ဦးမောင်မောင်ဝမ်း တစ်ယောက် မမောနိုင်မပန်းနိုင်။ သူ၏လှုပ်ရှားမှုက တက်ကြွလန်းဆန်းကာ ဟန်အပြည့် မာန်အပြည့်ပင်။

ထိုအချိန်များ၌ ထောင်ကျနှိပ်စက်ညှင်းပန်းခံ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ယောက်တွင် နိုင်ငံရေး အရိပ်အယောင်များက များများစားစား ကြွင်းကျန်ရစ်ဟန် မတွေ့ရ။

လက်ရှိဘဝကို လက်တွေ့ကျကျ လက်ခံလိုက်ဟန်တူသည်။

အမေရိကန် နိုင်ငံသားတစ်ဦး အနေနှင့် အခြားနိုင်ငံများ၏ အရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိ။ ထို့ကြောင့်ပင် ရဲဘော်ရဲဖက်ဟောင်းတို့က နှမြောတသ၊ ကရုဏာဒေါသ ဖြစ်ကြသည်ဟု ဦးမောင်မောင်ဝမ်းက ရင်ဖွင့်သည်။

နိုင်ငံရေးလောကကို ကျောခိုင်းထားသော်လည်း မြန်မာ့နိုင်ငံရေးနှင့်တော့ စဉ်ဆက်မပြတ်ခဲ့။

“Personal Life မှာ အရမ်းကွာဟချက် မရှိဘူး။ ကိုယ့်နိုင်ငံအတွက် ပြန်လုပ်ပေးချင်တဲ့အခါ အမေရိကန်သား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ လုပ်မှ ရတာတွေ ရှိပါတယ်” ဟု အမေရိကန်သားအဖြစ် ခံယူလိုက်ရခြင်းအပေါ် ၎င်းက ဖွင့်ဟသည်။

ကိုယ်ကျိုးအတ္တနှင့် မီးမောင်းထိုးချိန်ဆမည် ဆိုလျှင် ဇာတိနိုင်ငံကို ချစ်သော်လည်း မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူရန် လွယ်မည်မဟုတ်သေးဟု ဦးမောင်မောင်ဝမ်းက ရင်ဖွင့်ဆိုသည်။  

မိခင်နှင့် လော့စ်အိန်ဂျယ်လိစ်တွင် ဆူရှီဆိုင် ဖွင့်ထားသော ဇနီးတို့သည်လည်း  ဦးမောင်မောင်ဝမ်းကဲ့သို့ပင် အမေရိကန် နိုင်ငံသား ခံယူထားကြပြီ ဖြစ်သည်။

သို့သော် ဆယ်လမွန်တို့၏ ဗီဇကိုတော့ မည်သည့်အရာကမျှ ပြောင်းလဲနိုင်စွမ်းမရှိ။ မည်သည့်အရပ်၊ မည်သည့်ဝန်းကျင်တွင်  ကျင်လည်ရစေဦးတော့ နောက်ဆုံးတစ်နေ့ မွေးရပ်မြေဆီကိုတော့ မိုင်ထောင်ချီ ခရီးနှင်၍ မရောက်ရောက်အောင် ပြန်ကြသည်ကမလွဲ။

ဦးမောင်မောင်ဝမ်းသည်လည်း ထိုနည်းတူ။ မည်မျှပင် အတားအဆီးများနှင့် ခက်ခဲ ကြမ်းတမ်းစေကာမူ အမိမြေဆီသို့ မရောက်၊ ရောက်အောင် ခြေချခဲ့သည်သာ။

ဇာတိမြေ ရေနံချောင်း၊ မုံရွာ၊ တောင်ကြီးမြို့များသို့  ဦးမောင်မောင်ဝမ်း ခရီးနှင်နေသည်။ အပန်းဖြေခရီးတော့ မဟုတ်။ မြန်မာလူငယ်တို့အတွက် ပညာအလင်းပေး ခရီးစဉ်များသာ။ ထပ်၍ ထပ်၍လည်း ဆန္ဒများ ပွေ့ပိုက်ကာ သူခရီးများကို နှင်နေဦးမည်က အမှန်။ ဆန္ဒပြင်းသော ဆယ်လမွန်၏ ခရီးတို့က မိုင်ထောင်ချီ ရှည်ကြာနေဦးမည်က မလွဲ။

အမေရိကန်ရောက် မြန်မာဆယ်လမွန် ဦးမောင်မောင်ဝမ်း၏ ရင်တွင်းတွင်က-  
“နိုင်ငံသား (အမေရိကန်) တစ်ယောက် အနေနဲ့ ပြည့်ဝတဲ့ အခွင့်အရေးကိုရတယ်။ လုံခြုံတဲ့မိဘနဲ့ နေရသလိုပဲ။ ဒါပေမဲ့ ယူနီဖောင်း ပြောင်းတာနဲ့တော့ နှလုံးသား ပြောင်းမသွားပါဘူး” ဟူ၍။

မြတ်နိုးခင်


  • TAGS

ABOUT AUTHOR

(မြတ်နိုးခင်)