News

POST TYPE

FEATURE

ရိုမာနို မူဆိုလိုနီ (Romano Mussolini)
16-Feb-2017 tagged as အာဏာရှင်

အာဏာရှင် သားတော်တိုင်း ဆိုးကြသည် မဟုတ်။ မူဆိုလိုနီဆိုသည့်အမည် ကြားလိုက်လျှင် ထိတ်လန့်စရာ ကြောက်စရာအဖြစ် မြင်တတ်ကြသည်။ အမှန်တကယ် ကြောက်စရာ ကောင်းခဲ့သည်မှာ ဘင်နစ်တို မူဆိုလိုနီ (Benito Mussolini) ဖြစ်သည်။ ၁၉၁၉ ခုနှစ်က အီတလီနိုင်ငံတွင် ဖက်ဆစ်ဝါဒ ထွန်းကားရေးအတွက် ဖက်ဆစ်ပါတီကို ထူထောင် ခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ် မတိုင်မီ ကတည်းက အာဏာရှင် မူဆိုလိုနီဟု အမည်တွင်ခဲ့သူ ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် အာဏာရှင်ကြီးသည် ကြိုးဆွဲချပြီး ပြည်သူများ၏ ရက်စက်စွာ အဆုံးစီရင်ခြင်းကို ခံလိုက်ရသည်။ ယခုပြောမည့်သူမှာ မူဆိုလိုနီ၏ သားသမီးငါးဦးအနက် လေးဦးမြောက် သားတစ်ဦး ဖြစ်သည့် ရိုမာနို မူဆိုလိုနီ အကြောင်း ဖြစ်သည်။

သူ့အကြောင်းက ရိုးစင်းလွန်းလှသည်။ အခြားအာဏာရှင် သားတော်သမီးတော်များလို ရိုင်းစိုင်းရမ်းကားခြင်း မရှိ။ သူ့ကျမှ ထူးခြားစွာဖြင့် ဂီတပညာရှင်တစ်ဦး ဖြစ်နေသည်။ သူသည် ဂျပ်ဇ် Jazz (ဖေဖ) ဂီတ စန္ဒရားဆရာတစ်ဦး ဖြစ်သည်။ အီတလီနိုင်ငံ ကာပီနာမြို့တွင် ၁၉၂၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က မွေးဖွားသည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ရောမမြို့၌ ကွယ်လွန်သွားသည်။ 

ရိုမာနို မူဆိုလိုနီသည် ဂျပ်ဇ်ဂီတပညာရှင် တစ်ယောက်အဖြစ် လူသိလာသည်မှာ ၂၀၀၄ ခုနှစ်တွင် ဖြစ်သည်။ အာဏာရှင်တို့၏ သားသမီးများထုံးစံအတိုင်း သိုသိပ်ကွယ်ဝှက်ကာ ညှိုးငယ်စွာ နေထိုင်ကြရသည်။။ သူမကွယ်လွန်မှ  ၂ နှစ်ခန့်တွင်မှ Il Duce Mio Padre ဆိုသည့် စာအုပ်ကို သူကိုယ်တိုင် ရေးသားထုတ်ဝေလိုက်ရာ သူ့အကြောင်းရော သူဖခင်အကြောင်းကိုပါ လူတွေက ပိုပြီး စိတ်ဝင်စားလာကြသည်။ တစ်နည်းပြောရလျှင် သူ့ဖခင် မူဆိုလိုနီသည် ဟစ်တလာနှင့် စတာလင်တို့လို အာဏာရှင် ဆိုသော်လည်း သိပ်ပြီး မပြင်းထန်သည့် အာဏာရှင်တစ်ဦးအဖြစ် စိတ်ဝင်စားလာခဲ့ကြသည်။

Il Duce Mio Padre (My Father, Il Duce) ဆိုသည့် စာအုပ်သည် အာဏာရှင် မူဆိုလိုနီ၏ သားသမီးငါးဦးကို ကယ်တင်ထားသည့် စာအုပ်ဖြစ်သည်။ ဖခင်ဖြစ်သူ မူဆိုလိုနီသည် သူ၏ မိခင်အား သူ့ကိုယ်သူ သတ်သေရန် ခိုင်းစေခဲ့သည်။ အကယ်၍ မဟာမိတ်တပ်များက ဖမ်းမိသွားလျှင် အသတ်ခံရမည်ကို ကြိုတင်သိနေသောကြောင့် ဖြစ်သည်။ ထိုစာအုပ်ထဲတွင် ရေးသားထားသည့် သူ့ဖခင် အကြောင်းများသည် ၉၀ ရာခိုင်နှုန်းခန့် အကောင်းမြင် ရေးသားထားခြင်း ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုး ကောင်းစားရေးအတွက် ရိုးသားစွာဖြင့် လုပ်ဆောင်ခဲ့သယောင် ရေးသားထားသည်။

ရိုမာနိုကို ၁၉၂၇ ခုနှစ်တွင် မွေးဖွားစဉ်က သူ့ဖခင်သည် အီတလီနိုင်ငံတွင် ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်မှာ ငါးနှစ်တိုင်သွားပြီ။ ထိုစဉ်က ကမ္ဘာကျော်တစ်ဦး ဖြစ်နေပြီး ဗြိတိန်မှ ချာချီကပင် ချီးကျူးခဲ့ရသူ ဖြစ်ခဲ့သည်။ ချာချီက မူဆိုလိုနီကို ယဉ်ကျေးပြီး ရိုးသားသည်ဟုပင် ဆိုခဲ့ဖူးသည်။ အီတလီ ပြည်သူများအတွက် ခေါင်းထဲထည့်ထားသူ တစ်ဦးဟုလည်း ချီးကျူးခဲ့ပါသည်။ သားဖြစ်သူ ရိုမာနိုကလည်း သူတို့ အိမ်တော်ကြီးတွင် တစ်ချိန်က တေးဂီတများဖြင့် ဆူညံနေတတ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောဖူးသည်။

“ကျွန်တော့် ဖေဖေက တယောပညာရှင် တစ်ဦးပါ။ အစ်မတွေကလည်း တယောထိုးတယ်။ အစ်ကိုကြီး ဗစ်တိုရီယိုဆိုရင် ချဲလို (တယောအကြီးစား) ထိုးတယ်။ ဖေဖေက ဂန္ထဝင်ဂီတတွေကို ကြိုက်တယ်။ ဒါပေမဲ့ ဂျပ်ဇ်တွေလည်း နားထောင်တတ်တယ်။ ကျွန်တော်တို့က ဂျပ်ဇ်တွေ တီးကြတာလေ” ဟု ဆိုသည်။

မူဆိုလိုနီသည် သားသမီးများကို အဆင့်အတန်းမြင့်မြင့်နှင့် စည်းစိမ်ရှိရှိ ထားသည်။ အခြားသော အာဏာရှင်တို့၏ သားတော် သမီးတော်များကဲ့သို့ပင် သူတို့တစ်ဘဝတွင် ချမ်းသာစွာ နေထိုင်ကြရသော်လည်း ရိုမာနို ၁၇ နှစ်သား အရွယ်တွင် ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ သူ့ဖခင်သည် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သို့သော် ရိုမာနိုတစ်ယောက် ဖခင်လို အာဏာရှင်ဘဝကို ရောက်ရန်ပြန်ပြီး မကြိုးစား။ အီတလီ နိုင်ငံသာမက အမေရိကန်ပြည်ထောင်စုတွင် ဖျော်ဖြေသည့် ပွဲများတွင်ပါ လေးစားဖွယ်ကောင်းသည့် ချစ်စရာကောင်းသော ဂီတပညာရှင်တစ်ဦး ဖြစ်လာခဲ့ရသည်။

ကလေးဘဝက ဖခင်အနားတွင်နေပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံကာ တေးဂီတသံစဉ်ကို စည်းချက်လိုက်တတ်သည်။ မေးရိုးအကျအန ဖခင်နှင့်တူသော သူ့ရုပ်သွင်မှာ စိတ်ဓာတ်ကအစ ဖခင်နှင့် တခြားဖြစ်နေသည်။ ဖခင်ဖြစ်သူ မကွယ်လွန်မီ ၁၁ ရက်ခန့်က သူစန္ဒရား တီးနေသည်။ သူ့ဖခင်က သူ့အနား ရောက်လာပြီး စကားနှစ်ခွန်း ပြောသွားသည်။ ‘ဆက်တီး’ ဆိုသည့် စကားသည် ဖခင်ထံမှ နောက်ဆုံးကြားခဲ့ရသည့် စကားဖြစ်သည်။ 

တစ်ညတွင် သူတို့မိသားစုသည် စံအိမ်တော်ကြီးရှိ ရုပ်ရှင်ခန်းထဲတွင် ရုပ်ရှင်ကားတစ်ကား ကြည့်နေကြသည်။ ည ၁၀ နာရီ အချိန်သို့ ရောက်သည့်အခါတွင် သူ့ဖခင်က သူ့ကို အတင်းသွားအိပ်ခိုင်းသည်။ ရိုမာနို အရမ်းစိတ်ဆိုးသည်။ ရုပ်ရှင်မပြီးသေးမီ သွားအိပ်ခိုင်းသောကြောင့် ဖြစ်သည်။ စိတ်ဆိုးပြီး ထွက်သွားသော သားငယ်ကို တကယ်အိပ်နေပြီလားဟု သားအကြီးဆုံးကို လိုက်ကြည့်ခိုင်းသည်။ ရိုမာနိုတစ်ယောက် အိပ်ရာပေါ်တွင်မရှိ။ သူက ဝရန်တာဘက် ထွက်ပြီး သစ်သားသေနတ်ဖြင့် ရုပ်ရှင်ခန်းဘက်ကိုချိန်ကာ သူ့ဖခင်ကို တဒိုင်းဒိုင်းနှင့် ပါးစပ်သေနတ် ပစ်နေတော့သည်။ သူက ငယ်စဉ်က စိတ်ဆိုးပြီး ဖခင်ကို သတ်ချင်ခဲ့ကြောင်း ပြောပြသည်။

မူဆိုလိုနီ မိသားစုသည် ရောမရှိ အလွန်ခမ်းနားသော အိမ်ကြီးတစ်အိမ်တွင် နေထိုင်ကြသည်။ အိမ်တော်ထဲတွင် ကျားသစ်တစ်ကောင်၊ ခြင်္သေ့နှစ်ကောင်၊ ဂဇဲဆိတ်နှစ်ကောင်၊ မျောက်တစ်ကောင်၊ ကြက်တူရွေး၊ မြင်းပုနှစ်ကောင်၊ လိပ်နှစ်ကောင်ကိုလည်း မွေးထားကြသည်။ ယခုတော့ ထိုအိမ်တော်ကြီးကို ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ပြတိုက် အဖြစ် ပြသထားကြသည်။

ရိုမာနိုသည် ဂျပ်ဇ်ဂီတကို အသက်လေးနှစ်သား အရွယ်ကတည်းက အစ်ကိုဖြစ်သူ ဗစ်တိုရီယိုကြောင့် သိခဲ့ရသည်။ ထိုအချိန်က ဂျပ်ဇ်ဂီတကို အီတလီနိုင်ငံတွင် ဝေဖန်နေကြချိန် ဖြစ်သည်။ သူတို့ ဓာတ်ပြားများကို နားထောင်ကြခြင်းဖြစ်သည်။ ဖက်ဆစ်ဝါဒ သဘောတရားအရ ဆိုလျှင် အနောက်တိုင်း ဂျပ်ဇ်ဂီတကို လက်ခံစရာအကြောင်း မရှိပေ။ 

၁၉၄၁ ခုနှစ်မှ ၁၉၄၃ ခုနှစ်ကာလများအတွင်း အီတလီနိုင်ငံတွင် ဂျပ်ဇ်ဂီတကို ပိတ်ပင်ထားသည်။ ရိုမာနိုသည် စန္ဒရားကို ကိုယ်တိုင်လေ့လာ သင်ယူနိုင်အောင် ကြိုးစားသည်။ သူတီးခတ်နေသည်က ပိတ်ပင်ထားသည့် ဂျပ်ဇ်တွေ ဖြစ်နေသည်။ ထို့ပြင် သူက ဂျာမနီစစ်တပ်မှ ဂီတပညာရှင်တစ်ဦးကို အိမ်တော်သို့ ခေါ်ပြီး သူ့ကိုမြို့စား အယ်လင်တန်၏ သီချင်းပေါင်းများစွာ တီးခတ်နိုင်ရန် သင်ကြားခိုင်းသည်။ 

ရိုမာနိုသည် ဖခင်ဖြစ်သူကိုယ်တိုင် ဂျပ်ဇ်ဂီတကို ပိတ်ပင်ထားသည့်ကြားက မြတ်နိုးစွာ ခိုးတီး၊ ခိုးသင်သည်။ ဖက်ဆစ်ဝါဒကို အီတလီနိုင်ငံတွင် လွှမ်းမိုးစေရန် လုပ်ဆောင်နေသည့် ကာလတွင်  အမေရိကန် အနုပညာရှင်များ၏ ဂီတအထူးသဖြင့် လူမည်းများ ဖန်တီးသည့် ဂီတကို ပိတ်ပင်ထားသည်။ လူမည်းဂီတ ပညာရှင်များ၏ သီချင်းများကို နားထောင်လိုလျှင် အီတလီ အမည်ပြောင်းပေးပြီး နားထောင်ကြရသည်။ ဥပမာ အမေရိကန် အဆိုကျော် လူးဝစ်အမ်းစ်ထရောင်းကို လူဂီဖော်တီဘရာစီယို အဖြစ်သာ အီတလီတွင် သိကြသည်။

၁၉၄၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် မဟာမိတ်တပ်က အီတလီနိုင်ငံ မြောက်ပိုင်းကို ဝင်ရောက်လာကြသည်။ မူဆိုလိုနီနှင့် ဇနီးဖြစ်သူတို့ ဆွစ်ဇာလန် နိုင်ငံဘက်ကို ထွက်ပြေးကြသည်။ ထိုမှတစ်ဆင့် စပိန်ကို လေယာဉ်ဖြင့် သွားကြရန် စီစဉ်ထားသည်။ ဧပြီ ၂၇ ရက်နေ့တွင် ဒွန်ဂိုရွာလေး အနီးတွင် ကွန်မြူနစ်ပါတီဝင်များက သူတို့ကို ဖမ်းမိကြသည်။ နောက်တစ်နေ့တွင် သူတို့လင်မယား နှစ်ဦးစလုံးကို ပစ်သတ်လိုက်ကြသည်။ ဧပြီ ၂၉ ရက်နေ့တွင် သူတို့အလောင်းများကို မီလန်သို့ ယူဆောင်သွားပြီး အက်ဆိုဓာတ်ဆီဆိုင် ခေါင်မိုးတွင် ဇောက်ထိုးဆွဲကာ ပြသထားခြင်း ခံခဲ့ရသည်။ ပြည်သူအများက ထိုအလောင်းများကို ခဲဖြင့်လာ ပေါက်ပြီး တုံ့ပြန်ခဲ့ကြသည်။ 

ရိုမာနိုသည် ညီအစ်ကို မောင်နှမများနှင့်အတူ အီတလီနိုင်ငံအတွင်း လှည့်ပတ်ကာ ပုန်းအောင်းနေထိုင်ကြရသည်။ သူတို့ကို အာဏာရှင် သားသမီးများအဖြစ် အချိန်မရွေးဖမ်းပြီး လက်စားချေနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် ၁၉၄၇ ခုနှစ်ရောက်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသည်။ ဖခင်ဖြစ်သူ အလောင်းကိုလည်း သေဆုံးပြီး ၁၂ နှစ်ကြာမှ သူတို့ပြန်လည် မြှုပ်နှံခွင့်ရခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ကျန်ရစ်သော မိသားစုသည် မပြောမဆိုနှင့် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်ကြောင့် အမေရိကသို့ ထွက်ခွာသွားခဲ့ကြသည်။ သူတို့နှင့်အတူ မူဆိုလိုနီ၏ ဦးနှောက်ကိုပါ အတူယူသွားကြသည်။ ဝါရှင်တန်ရှိ ဝေါ်လ်တာရိဒ် တက္ကသိုလ်တွင် မူဆိုလိုနီ၏ ဦးနှောက်ကို ခွဲစိတ်စစ်ဆေးကြည့်ကြသည်။ အဘယ်ကြောင့် ဤမျှကြမ်းကြုတ် ရက်စက်သည့် အပြုအမူများကို လုပ်ဆောင်ခဲ့ရကြောင်း စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ရလဒ်မှာ သူလိုငါလို လူသားတစ်ဦးနှင့် မခြားနားဆိုသည့် အဖြေ ထွက်လာခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အေးချမ်းစွာ နေထိုင်ချိန် ရောက်လာသည့် အခါတွင် ရိုမာနိုသည် ဂျပ်ဇ်ဂီတဝိုင်းအဖွဲ့ တစ်ဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်တီးခတ်ခွင့် ရလာသည်။ 

သူတီးမှုတ် ဖျော်ဖြေခွင့်ရသော တီးဝိုင်းသည် Ischia ဆိုသည့် နိုက်ကလပ်တစ်ခုတွင် ဖြစ်ပြီး စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသည်။ သူက အင်္ဂလိပ် စန္ဒရားဆရာ ဂျော့ရှဲရားရင်း စတိုင်ဖမ်းကာ တီးခတ်သည်။ နောက်ပိုင်း အန်ဒရေ ပရီဗင်ပုံစံ ဖမ်းပြန်သည်။ ရိုမာနိုသည် စာရင်းကိုင်အလုပ်ကိုလည်း လုပ်သေးသည်။ တက္ကသိုလ်တွင် စီးပွားရေးပညာရပ်ကို သွားသင်သည်။ သို့သော် ကျောင်းပြီးအောင် မတက်ခဲ့ရ။ အဆုတ်ရောဂါကြောင့် ကျောင်းထွက်ခဲ့ရသည်။

ရိုမာနိုသည် ဖခင်နှင့် အတော်လေးတူသည်။ သို့သော် သူ့ကိုယ်သူ လမ်းဘေးတွင် ဖြစ်သလိုနေပြီး စိတ်လွတ် ကိုယ်လွတ် တီထွင်တတ်သော အနုပညာရှင်တို့၏ စတိုင်အတိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်လေ့ရှိသည်။ တစ်မြို့ပြီးတစ်မြို့ လှည့်သွားပြီး နောက်ဆုံး တောမြို့လေး ဖြစ်သည့် ရိုမက်နာသို့ ရောက်လာသည်။

တောတွင် သူက ဝက်တွေ ကြက်တွေ မွေးသည်။ ဂရပ်ဖစ် အနုပညာရှင်လည်း လုပ်လိုက်သေးသည်။ မွေးမြူရေးကလည်း စီးပွားပြုတ်လုမတတ် အရှုံးပြသွားသည်။ နောက်ဆုံး သူဆွဲထားသည့် ပန်းချီကားတွေရောင်းပြီး ပြန်မတ်ထူရသည်။ ဆပ်ကပ်ပွဲထဲတွင် လူရွှင်တော်တွေ၏ မျက်နှာကို ဆေးခြယ်ပေးရသည်။ နောက်ပိုင်း ဆပ်ကပ်ထဲတွင် ဂျပ်ဇ်ဂီတဖြင့် ဖျော်ဖြေပေးခွင့် ရလာသည်။

သူ့ကို လူတွေ သတိပြုလာမိကြသည်က ၁၉၅၆ ခုနှစ် ဆမ်ရီမိုဂျပ်ဇ်ဂီတ ပွဲတော်တွင် ဖြစ်သည်။ ဖခင်နှင့် မိမိ၏ မျိုးရိုးနာမည်ကို မသိစေလိုသောကြောင့် ‘မူဆိုလိုနီ’ ဆိုသည့် အမည်ကို မထည့်ရဲ။ ရိုမာနို ဖူးလ်ဆိုသည့် အမည်ဝှက်ဖြင့် ဂီတပွဲကို ဝင်နွှဲရသည်။ နောက်ပိုင်း လူတွေက သူ့ဂီတကို တဖြည်းဖြည်း လက်ခံလာခဲ့ကြသဖြင့် ကျော်ကြားလာခဲ့သည်။

ထိုစဉ်က ရောမတွင် ခေတ်စားသည့် နိုက်ကလပ်တစ်ခု ဖြစ်သော Bussola of Viareggio တွင် ဖျော်ဖြေခွင့် ရလာသည်။ သူနှင့် တွဲဖက်ဖျော်ဖြေရသည့် တေးသံရှင်မှာ အီလာဖစ်ဂျရဲလ်နှင့် ပလက်တာတို့ ဖြစ်သည်။ 

ရိုမာနိုသည် အမေရိကန်ပြည်ထောင်စုသို့လည်း သွားရောက်ဖျော်ဖြေခွင့် ရခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အီတလီနိုင်ငံက ပေးအပ်သည့် ဂီတဂုဏ်ပြုဆု ရသည်။ ကနေဒါ၊ မက္ကဆီကို၊ ဗင်နီဇွဲလား၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ကင်ညာ၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်နိုင်ငံများသို့ လှည့်လည်ဖျော်ဖြေခွင့်များ ရခဲ့သည်။

၂၀၀၄ ခုနှစ်တွင်မှ သူက Il Duce Mio Padre (My Father, Il Duce) ဆိုသည့် စာအုပ်ကို ထုတ်လိုက်သဖြင့် သူ့ကို မူဆိုလိုနီ၏ သားမှန်း လူတွေက သိလာကြသည်။ ထိုစာအုပ်ပါ အကြောင်းအရာများသည် သူ့ဖခင်၏ နောက်ဆုံးနေ့များ ပါနေပြီး အချက်အလက်တွေက ခိုင်လုံကြောင်းပြရန် ခက်ခဲလှသည်။ သို့သော် ရိုမာနိုက အချက်အလက်များ မှန်ကန်ကြောင်း သက်သေပြရန် အထောက်အထားများသည် ပြေးရင်းလွှားရင်း ပျောက်ပျက်ကုန်ပြီဟု ဆိုသည်။ 

၁၉၆၂ ခုနှစ်တွင် ရိုမာနိုသည် အန်နာ မာရီယာ ဗီလာနီ ဆစ်ကိုလိုနီဆိုသူနှင့် လက်ထပ်သည်။ မာရီယာသည် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးကြီး ဆိုဖီယာလောရင်း၏ အစ်မဖြစ်သည်။ သူတို့တွင် သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အသက် ၇၈ နှစ်အရွယ် ၂၀၀၆ ခုနှစ် တွင် မထင်မရှားနှင့်ပင် ကွယ်လွန်သွားခဲ့ရသည်။ အာဏာရှင်တစ်ဦး၏ သားဖြစ်သော်လည်း ဖခင်၏ အရိပ်မည်းကြီးကို ကြောက်ပြီး တစ်သက်လုံး ပုန်းကွယ်ကာ နေထိုင်သွားခဲ့ရသူ ဖြစ်သည်။ 

(Ref : Romano Mussolini, The Telegraph; The Independent)

ကျော်ဗလ