News

POST TYPE

FEATURE

တရုတ်နိုင်ငံ၏ ပြဿနာသစ် သို့မဟုတ် ရည်းစားတု လူမှုရေး
14-Feb-2017
အသက် ၂၇ နှစ်အရွယ် ရောက်နေပြီ ဖြစ်သော်လည်း လီချန်ရှီး တစ်ယောက် လက်မထပ်ရသေးပေ။ သူ့ကို တရုတ်လူ့ဘောင်အခေါ်အရ ‘ရှန်နု’ သို့မဟုတ် ‘အပယ်ကျန်’ အဖြစ် ခေါ်ဝေါ်နေခြင်းက စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေသည်။ 

ဤအရွယ်ရောက်သည့်တိုင် တရုတ်လူ့ဘောင်တွင် အိမ်ထောင်မကျသေးခြင်းမှာ ပတ်ဝန်းကျင်၌ သာမက အလုပ်ခွင်အတွင်းမှာပါ အဆင်မပြေလှပေ။ မိသားစု အတွင်း၌လည်း အသက်အစိတ်ကျော်မှ ပုခက်မချိတ်နိုင်သေးလျှင် အထင်သေးစရာများ ဖြစ်နေပေသည်။ လီချန်ရှီးသည် ဘေဂျင်းတွင် စီးပွားရေး အလုပ်အကိုင် ကောင်းနေသည်။ ထို့ကြောင့် သူမတွင် အိမ်ထောင်ရေးကို မစဉ်းစားအား။ လက်ထပ်ဖို့ ဆန္ဒလည်း မရှိသူ ဖြစ်နေသည်။

တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်က ရောက်လာပေတော့မည်။ နှစ်သစ်ကူးလျှင် မိသားစုထံ ပြန်ရမည်။ အိမ်အပြန်ခရီးတွင် မိသားစု မျှော်လင့်ထားသလို ယောက်ျားတစ်ယောက် ပါမလာမည်ကတော့ သေချာနေသည်။

အိမ်ပြန်လျှင် ပြစရာယောက်ျား ပါမသွားပါက မိဘများသာမက ဆွေမျိုးအသိုင်းအဝိုင်းကပါ လှောင်ပြောင်ကြပေလိမ့်မည်။ ထို့ကြောင့် လီချန်ရှီးတစ်ယောက် အကြံထုတ်ရတော့သည်။ ဘေဂျင်းတွင် အငှားရည်းစား ခေါ်လို့ရသည်။ ယခုနှစ် အိမ်အပြန်တွင် အငှားရည်းစားကို ပွဲထုတ်လိုက်ရလျှင်ဟု စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

အထက်ပါ အဖြစ်အပျက်လေးသည် တရုတ်နိုင်ငံတွင် ထင်ရှားသွားသည့် Fake Boyfriends ဆိုသည့် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းထဲက အဖြစ်အပျက်လေး ဖြစ်သည်။ တရုတ်လူနေမှု ဘဝတွင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသည် အလွန်ခေတ်စားလာသော အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ရသည်။ 

တရုတ်နိုင်ငံ နှစ်သစ်ကူးပွဲရောက်တိုင်း မိန်းကလေး ရည်းစား သို့မဟုတ် ယောက်ျားလေး ရည်းစား ငှားခြင်းလုပ်ငန်းသည် ခေတ်စားလာသည်။ ကျေးလက်မှ ကောင်လေး၊ ကောင်မလေးတွေ မြို့တက်ပြီး အလုပ်တွေ လုပ်ကြသည်။ သူတို့တွင် အနာဂတ်တွေ အပြည့်နှင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ဘဝတွင် အိမ်ထောင်ရေးကို ဦးစားပေး စဉ်းစားနေရန် အချိန်မရှိ။ သို့သော် နှစ်သစ်ကူး အိမ်ပြန်ချိန်တွင်လည်း မျက်နှာမငယ်ချင်သဖြင့် အိမ်အပြန် နှစ်ကူးပွဲကို မိဘများ စိတ်ချမ်းသာစေရန် ရည်းစားအတွဲတွေ ငှားပြီး ပြန်ကြတော့သည်။

တရုတ်လူ့ဘောင်တွင် အိမ်ထောင် သားမွေးမှ လူကြီးတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးရာ ရောက်သည်ဆိုသော အယူအဆများက ခေတ်စားသည်။ သို့သော် မြို့နေလူနေမှု ဘဝများနှင့် တိုးတက်လိုစိတ်ရှိသူများ အတွက် ရှေးခေတ်ဟောင်းအတွေးအခေါ်တွေအတိုင်း မလိုက်နာနိုင်ကြသည်က များသည်။ ထို့ကြောင့် တစ်နှစ်တစ်ကြိမ် အငှားရည်းစားများဖြင့် ပြဿနာများကို ဖြေရှင်းနေကြရသည်။

အငှားရည်းစားခေါ်ခြင်းအတွက် တန်ကြေးက အမျိုးမျိုးရှိသည်။ တစ်ညလျှင် တရုတ်ယွမ် ၅၀၀ မှ ၂၀၀၀ အထိပေးရသည်။ အပိုကြေးတွေ ထပ်ဆောင်းပေးရနိုင်သည်။ နှစ်ကူးချိန်ဆိုလျှင် ရည်းစားငှားရသည်က မလွယ်။ ဈေးလည်းတက်ကောင်း တက်နိုင်သည်။ သူလိုငါလို ငှားသူတွေက အများကြီး ဖြစ်နေသည်။ တရုတ်နိုင်ငံ ဆိုရှယ်မီဒီယာတစ်ခု ဖြစ်သည့် Baidu ပေါ်တွင် လူပျိုလူလွတ်တစ်ဦးလျှင် ငှားရမ်းခက တစ်ည ယွမ် ၆၀၀၀ ခန့်အထိ ပေါက်နေသူများပင် ရှိသည်။ သူတို့ကို ထမင်းလည်း ကျွေးရမည်။ ခရီးစရိတ်လည်း ခံရသည်။ 

တရုတ်နိုင်ငံ၌ အမျိုးသား၊ အမျိုးသမီးများကို ငှားရမ်းသည့် Website တွေလည်း ရှိသည်။ စိတ်ကြိုက် ရွေးချယ်ငှားရမ်းနိုင်မည့် သူများကို ဓာတ်ပုံတွေ ဈေးတွေနှင့် တင်ထားပေးတတ်ကြသည်။ ထိုလုပ်ငန်းကို များသောအားဖြင့် ‘အစိမ်းရောင်လုပ်ငန်း’ ဟု သတ်မှတ်ထားကြသည်က များသည်။ အစိမ်းရောင်လုပ်ငန်း ဆိုသည်မှာ ငှားရမ်းခေါ်ဆောင်ရာတွင် ဝန်ဆောင်မှုအတွင်း၌ လိင်မှုဆိုင်ရာ ကိစ္စများ မပါခြင်းကို ဆိုလိုသည်။ သတ်မှတ်ချက်များထဲတွင် တစ်ဦးကို တစ်ဦး နမ်းခြင်းပင် ခွင့်မပြုထားကြောင်း တွေ့ရသည်။

“ကျွန်မ အချိန်ကို ရောင်းတာ။ ကိုယ်ခန္ဓာကို ရောင်းတာမဟုတ်ဘူး” ဟု အသက် ၂၇ နှစ်အရွယ် ရှန်ဇန်းပြည်နယ်မှ မိန်းကလေးတစ်ဦးက သူမ၏ Website ထဲတွင် ဖော်ပြထားသည်။ 

သရုပ်ဆောင်မင်းသားအဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက သူလည်း မကြာခဏ အငှားရည်းစားအဖြစ် လိုက်ပေးရရုံမက တစ်ခါတစ်ရံတွင် ဟန်ဆောင်ပြီး လက်ထပ်ပေးခဲ့ရမှုများပင် ရှိခဲ့သည်ဟု ဆိုသည်။ အခြားအငှားလိုက်သူတစ်ဦး ဆိုလျှင် မိသားစုနှင့် တွေ့ဆုံပြီးချိန် သာမက ကျန်အချိန်များတွင်ပါ မိသားစုထံ ဆက်သွယ်ပြီး ဖုန်းဖြင့် စကားပြောပေးရမှုများကို လုပ်ဆောင်ပေးရကြောင်း ပြောကြားသည်။ ထိုသို့ လုပ်ဆောင်ပေးရသဖြင့် အပိုကြေးငွေများ ထပ်မံရရှိသည်။

South China Morning Post တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်တွင် ၂၀၁၆ ခုနှစ် အယောင်ဆောင် အငှားရည်းစား လုပ်ငန်းသည် ခြောက်ဆခန့် ဈေးနှုန်းမြင့်တက်လာသည်။ ဟောင်ကောင်ဒေါ်လာ ၁၀၀ ပေးမှရသည်။ ငှားလိုသူများသည် အွန်လိုင်းပေါ်တွင် မှတ်ပုံတင်ကြရသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ငှားရမ်းမည့်သူ၏ ကိုယ်ရေးအချက်အလက်များ မှတ်တမ်းကို ယူထားလိုက်ခြင်း ဖြစ်သည်။ အလုပ်အကိုင်၊ ပညာရေး၊ ကိုယ်အလေးချိန်၊ အရပ်အားလုံးကို မှတ်ပုံတင်ပေးထားရသည်။ 

အချို့သော ဝန်ဆောင်မှု ပေးနေသည့် Website များတွင် Chat room များ ဖွင့်ပေးထားပြီး ကာယကံရှင် နှစ်ဦးကို ပြောဆိုဆွေးနွေးနိုင်ရန် စီစဉ်ပေးထားသည်။ သူတို့သည် ငှားရမ်းနိုင်သော သူများ၏ ဓာတ်ပုံနှင့် အကြောင်းအရာ အကျဉ်းချုပ်ကိုလည်း အွန်လိုင်းပေါ်တွင် တင်ထားပေးပြီးသား ဖြစ်သဖြင့် Website များက ကြားခံအကျိုးဆောင်များအဖြစ် ဆောင်ရွက်ပေးကာ ချိတ်ဆက်ပေးကြခြင်းသာ ဖြစ်သည်။ 

Zuren77 ဆိုသည့် Website ဆိုလျှင် စီးပွားရေးဆန်ဆန် အငှားရည်းစား လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ငှားရမ်းလိုသောကြောင့် ဆက်သွယ်ကြည့်ချင်လျှင် တစ်ဒေါ်လာ ပေးရသည်။ အကျိုးအမြတ် အလွန်များသော လုပ်ငန်းအသွင် ဖြစ်နေသည်။ 

အခြားသော Website များနှင့် မတူသည့် အချက်မှာ အွန်လိုင်းပေါ်တွင် အငှားရည်းစားလိုက်သည့် Website များ ဖြစ်သည်။ သူတို့လိုချင်သူများကို ရှာဖွေနိုင်ရန် သတ်မှတ်ထားသည့် ငွေကြေးကို ပထမဆုံး ပေးသွင်းပြီးမှ ဝင်ကြည့်နိုင်သည်။ ကိုယ်ကြိုက်သည့် မိန်းကလေးကို တွေ့လျှင် အခြားသူကလည်း သဘောကျနေပါက ဈေးပြိုင်ပေးကြရသည်။ သူတို့ ရှာဖွေနေသည့် အချိန်တိုင်းအတွက် ပိုက်ဆံပေးရသည်။ တစ်နာရီ တစ်ယွမ်လည်း ဖြစ်နိုင်သည်။ ငှားထားသည့် မိန်းကလေးဆိုလျှင် ဈေးပြိုင်ပေးမည် ဆိုပါက ဈေးပြိုင်ဆွဲခအတွက် အပိုကြေးပေးရသည်။ တစ်နာရီ ၁၈၈ ယွမ်အထိ တက်သွားနိုင်သည်။ Website ပေါ်တွင် တာဝန်ယူထားသူက ငှားမည့်သူအား စောင့်ထိန်းလိုက်နာရမည့် အချက်များကို ပြောပြမည်။ အွန်လိုင်းက တစ်ဆင့် ရှင်းပြခြင်း ဖြစ်သည်။

တရုတ်တွင် အမျိုးသမီးများ အနေဖြင့် အမျိုးသား ရည်းစားအတုများကို ငှားရမ်းခြင်းက ပိုပြီး ခေတ်စားလာသည်။ မိန်းကလေးများ ဖြစ်သည့်အတွက် အွန်လိုင်းကိုပင် အားကိုးအားထား ပြုနေကြရသည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းဈေးကွက်ကြီးတစ်ခု ဖြစ်သည့် Taobao တွင် အငှားရည်းစား လုပ်ငန်းသည် အလွန်ခေတ်စားသည်။ 

ယင်းအွန်လိုင်း Website ပေါ်၌ အငှားလိုက် ရည်းစားအမျိုးသားတစ်ဦး ပေါက်ဈေးမှာ တစ်နေ့ ယွမ် ၁၀၀၀ (၁၅၂ ဒေါ်လာ) မှ ယွမ် ၁၀၀၀၀ (၁၅၂၆ ဒေါ်လာ) အထိ ပေါက်သည်။ လိုအပ်လျှင် မိသားစုရှေ့တွင် ပွေ့ဖက်ပြခြင်းလောက်အထိ ခွင့်ပြုထားသည်။ သရုပ်ပါအောင် ဟန်ဆောင်ပြနိုင်ဖို့ လိုသည်။ ရုပ်ရှင်လည်း အတူလိုက်ကြည့်သင့်က ကြည့်ပေးကြရသည်။

Greater China Royal Sovereign အမျိုးသား ရည်းစားအငှားလုပ်ငန်းကို Taobao ပေါ်တွင် တွေ့နိုင်သည်။ ထိုအွန်လိုင်းလုပ်ငန်းတွင် အမေရိကန် နိုင်ငံသားများကိုပင် ငှားရမ်းနိုင်စေရန် စီစဉ်ပေးထားသည်။ ကြော်ငြာထဲတွင် “နှစ်သစ်ကူး အိမ်အပြန် အတင်းအဖျင်းပြောမှာ ကြောက်မနေနဲ့။ အဒေါ်တွေ ဝေဖန်မှာလည်း ဂရုမစိုက်နဲ့။ ဘာကြောင့် တုံ့ဆိုင်းနေသလဲ။ ခုပဲကောင်လေးတွေကို ငှားလိုက်ရအောင်” ဟု ဆိုထားသည်။ 

နှစ်သစ်ကူးချိန်ရောက်တိုင်း အငှားရည်းစား လုပ်ငန်းက ရှေ့တန်းတက်လာသည်။ အိမ်အပြန် မျက်နှာပန်းလှစေရန် မိသားစု တွေ့ဆုံပွဲတွင် အငှားရည်းစားကို ခေါ်သွားရန် အရေးကြီးသည်။ ယခုနှစ်အတွက် အမျိုးသားရည်းစား အငှားလုပ်ငန်းသည် ၂၀၁၅ ခုနှစ်ကထက် သုံးဆ တက်လာကြောင်း The New Paper အွန်လိုင်းသတင်း၌လည်း ဖော်ပြထားသည်။

မိသားစုထံ ရည်းစားအတုကို ခေါ်ပြီးပြန်သူများ အနေဖြင့် မိသားစု တွေ့ဆုံပွဲတွင် လက်ထပ်မည့် အချိန်ကာလများကိုလည်း လုပ်ဇာတ်တွေခင်းကာ တိုင်ပင်သွားကြရသည်။ အငှားလိုက်သူ အနေဖြင့် အမျိုးသမီး မိသားစုထံ လိုက်ပြီး အပန်းဖြေသလိုပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ လက်ထပ်ခြင်း မပြုသေးသော အပျိုကြီးများ ပြဿနာမှာ မအေးဖွယ်ရာ ဖြစ်လာသည်။ သူတို့ကို အထီးကျန် အပယ်ခံများအဖြစ် ဆက်ဆံခြင်း ခံကြရသည်။ ၂၀ ကျော်၍မှ မစွံလျှင် ရှန်နု ခေါ် အပယ်ကျန်ဘဝ ရောက်ကြရတော့သည်။ 

တရုတ်ကျေးလက်များတွင် နေထိုင်ကြသော အမျိုးသမီးများကလည်း မြို့ပြများကိုတက်ပြီး ငွေရှာရင်းက ၂၀ ကျော်သည့် တိုင်အောင် ရည်မှန်းချက် မရောက်နိုင်သေးသဖြင့် လင်စိတ်၊ သားစိတ်များကို စိတ်မကူးနိုင်လောက်အောင် ဖြစ်နေကြရှာသည်။
လီတာ ဟောင်ဖင်ချားဆိုသူ ရေးသားသည့် 
“Leftover Women: The Resurgence of Gender Inequality in China” ဆိုသည့် စာအုပ်ထဲတွင် လက်မထပ်ရသေးသော တရုတ်မိန်းကလေးများကို ရှက်စရာကောင်းသည့် အနေအထား ဖြစ်စေရန် တရုတ်လူ့ဘောင်က ခံယူနေကြပုံများကို ရေးသားထားသည်။ သူမက -

“သူတို့ဟာ ငယ်ရွယ်တဲ့ မိန်းကလေးတွေ ဆိုပေမယ့် သန်စွမ်းကြံ့ခိုင်ပြီး အတွေ့အကြုံကောင်းကောင်း ရှိကြတယ်။ သူတို့ကို အတင်းအကျပ် ဘယ်လိုပဲ လက်ထပ်ဖို့ ဖိအားပေးပေး မတုန်လှုပ်တော့ဘူး” ဟု ဆိုထားသည်။

တရုတ်နိုင်ငံမှ အမျိုးသမီးများသည် ပိုပြီး ပညာတတ်လာကြသည်။ ထို့ကြောင့် လက်ထပ်ခြင်း အိမ်ထောင်ပြုခြင်းများကို အလေးအနက်ထားကာ စဉ်းစားလာကြသည်။ အမျိုးသမီး အများစုသည် အလုပ်နှင့် ရှေ့ရေး၊ ပိုက်ဆံရှာရေးကိုသာ ဦးတည်လာသည်။ ဘေဂျင်းတွင် လာပြီး အလုပ်လုပ်နေသည့် ကော်လာဖြူ အလုပ်သမားတွေ ပိုများလာသည်။ 

တရုတ်နိုင်ငံ လူ့ဘောင်တွင် မျိုးဆက်သစ် မြို့ပြနေ ကောင်လေး ကောင်မလေးတွေက အားလပ်ရက်များတွင် ဂီတပွဲတွေ သွားကြသည်။ သူငယ်ချင်းတွေနှင့် ဈေးဝယ်ထွက်ကြသည်။ မြို့ပြတွင် အလုပ်လာလုပ်နေကြသူ အသက် ၂၄ နှစ်မှ ၃၄ နှစ်ကြား အမျိုးသမီးဦးရေမှာ သုံးပုံနှစ်ပုံခန့်အထိ ရှိသည်။ သူတို့သည် ပညာလည်း တတ်လာသောကြောင့် စဉ်းစားဆင်ခြင်မှုလည်း များလာသည်။ သူတို့မြို့ကို ရောက်လာသည်က ငွေရှာရန်၊ မိဘကို ထောက်ပံ့ရန်၊ ဘဝရှေ့ရေးကို ဆက်လျှောက်ရန် ဖြစ်သည်။ သူတို့အပေါ် ဖိအားတွေကို မလိုချင်သောကြောင့် လက်ထပ်ခြင်းနှင့် အိမ်ထောင်ပြုကာ ဘဝနိဂုံး အဆုံးသတ်ရမည့် အရေးကို တွေးဆကြသည်။ 

ခေတ်သစ်တရုတ်နိုင်ငံ အမျိုးသမီးများဘဝသည် Fake Boyfriends ထဲကအတိုင်း ဖြစ်နေသည်။ လီချန်ရှီးသည် အမျိုးသမီးတိုင်းကို ကိုယ်စားပြုနေသည်။ တစ်နည်းပြောရလျှင် အားလုံး စိတ်ချမ်းသာရေးအတွက် လုပ်ပေးနေကြရသော်လည်း သူတို့၏ ဘဝများတွင် စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိလောက်အောင် ဖြစ်နေသည်။ 

တရုတ်အမျိုးသမီးများ ဘဝကို မော်စီတုန်းက ကယ်တင်ပေးခဲ့သည်။ ခြေသေးများဘဝဖြင့် အိမ်ထဲလှောင် ပိတ်ထားခြင်း ခံထားရသော ဘဝများကို လုပ်ငန်းခွင်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် တည်ဆောက်ရေးထဲကို အတင်းတွန်းပို့ခဲ့သည်။ ခေတ်သစ်တွင် တောနှင့်မြို့ ကွာခြားချက်တွေက ကြီးမားနေသေးသည်။ ဘဝတက်လမ်းကို ရှာဖွေနေကြသည့် အမျိုးသမီးများမှာ မိသားစု လက်အောက်က လွတ်မြောက်ခဲ့ကြသော်လည်း အိမ်ထောင်မှု လောကတွင် သာယာမှုကို မခံစားနိုင်လောက်အောင် ဖြစ်နေကြရသေးသည်။

(Ref : CNBC, The Independent, South China Morning Post)

ကျော်ဗလ


ABOUT AUTHOR

(ကျော်ဗလ)