News

POST TYPE

FEATURE

ဘဲပေါက်လေးများ မဖြစ်စေလို
12-Feb-2017 tagged as


အစိမ်းရင့်ရောင်ဝမ်းဆက်ကို သေသပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ် တစ်ဦး၏ လက်အစုံက လသားအရွယ် ကလေးငယ်တစ်ဦးကို ထွေးပွေ့ထားသည်။ ထိုလက်အတွင်းမှ လသားအရွယ် ကလေးငယ် အငမ်းမရစို့နေသည်က တစ်ထွာမပြည့်သော နို့ဘူးငယ်ဖြစ်သည်။ နို့မှုန့်ကိုပင် မိခင်နို့ချိုသဖွယ် အငမ်းမရစို့နေသည့် မြင်ကွင်းက ရင်နင့်စရာ။

“ခုတင်အမှတ် ၂၀ မှာ ထားသွားခဲ့တာ။ ဆေးရုံပေါ်ကို တကူးတက လာထားသွားတာ။ ဆေးရုံ တက်ရင်းနဲ့ ထားသွားတာ မဟုတ်ဘူး။ ကလေးလေးက ဆေးရုံမှာ လာထားတဲ့အချိန်မှာ လက်ပတ်လေးပါတယ်”ဟုဆိုလေသူက ရန်ကုန် အပါအဝင် နယ်မြို့များကပါ ဆေးလာရောက် ကုသမှုခံယူသည့် စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)မှ ဆေးလူမှုဆက်ဆံရေးမှူး။ 

“ဆေးရုံကို အပြင်ကနေ လာ စွန့်ပစ်တုန်းက ကလေးက ရက် ၂၀ ပဲ ရှိသေးတယ်”ဟု ၎င်းက မချိတင်ကဲ ဆိုလာသည်။ 

စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း) ခုတင်အမှတ် ၂၀ တွင် လာရောက်ထားသည့်နေ့က ပိုင်ရှင်မဲ့ ကလေးလက်တွင် အမှတ်အသား လက်ပတ်လေးပါသည်။ သူ၏ရွေးချယ်မှု တစ်စုံတရာမပါဘဲ လူ့လောကကို ဝင်ရောက်လာရကာ ထိုမှတစ်ဖန် အဝင်လမ်းမှာပင် မိခင်မေတ္တာနှင့် ခွဲခဲ့ရခြင်းပင်။

သို့သော် နှစ်လကျော် အကြာတွင် ကလေးငယ်ကို ထိုဆေးရုံတွင်ပင် ကျန်းမာစွာ စောင့်ရှောက်ထားသည်။ ချီကာ တစ်လှည့် ချော့ကာတစ်သွယ် ပြုစု စောင့်ရှောက်နေသည့် ရင်ခွင်အကြားတွင် ကလေးငယ်ဘဝ ရှင်သန်ရာ လမ်းစသည် မည်သို့ ဖြစ်လာမည်ကို မည်သူမျှ အတပ် မပြောနိုင်သေး။

၂၀၁၆ ခုနစ် နိုဝင်ဘာ ၂၈ ရက်။ ကြယ်တာရာ စုံလင်သည့်လ၊ မြောက်လေနှင့် ဆောင်းနှင်းမြူတို့ဖြင့် အေးချမ်းသည့် တန်ဆောင်မုန်းလ၌ ခုတင်အမှတ် ၂၀ တွင် မိခင်က ချန်ရစ်ခဲ့သည့် ကလေးအတွက် နွေးထွေးစွာ ပွေ့ဖက်မည့် လက်အစုံတို့ မဲ့ခဲ့ရသည်။ ထိုအဖြစ်အပျက်ကို ပြန်ပြောပြရာတွင် ဆရာမလေး၏ မျက်နှာက နာကျင်မှုတစ်ဝက်၊ နွေးထွေးမှုတစ်ဝက်။ 

နှစ်လကျော် အကြာတွင် ကလေးငယ်ကို စံပြဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြု ဆရာမလေး၏ ရင်ခွင်ကြားတွင် နွေးထွေးကြင်နာစွာဖြင့် ထွေးပွေ့ထားခြင်းက ထိုကလေးအတွက်တော့ မိခင်မေတ္တာ အစားထိုးရခြင်းဟု ဆိုရပေမည်။

“ကျန်းမာရေး ဝန်ထမ်းတွေဟာ ဆေးကုတာတစ်ခုထဲ မဟုတ်ဘူး။ ခက်ခဲတဲ့ လူမှုရေး ပြဿနာတွေပါ ဖြေရှင်းနေရတယ်”ဟု စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)က အထူးကုဆရာဝန် (သားဖွားနှင့် မီးယပ်) တစ်ဦးက ဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ ပြောပြသည်။

အစိုးရ ပြည်သူ့ဆေးရုံကြီး တစ်ရုံအနေနှင့် တစ်နှစ်လျှင် မိဘက စွန့်ပစ်ခဲ့သည့်ကလေး အကြမ်းဖျဉ်း နှစ်ဦးခန့် ရှိလေ့ရှိသည်။

မိဘက စွန့်ပစ်ခဲ့သည့် ကလေးအများစုမှာ တစ်ရက်သား၊ နှစ်ရက်သား အရွယ်ဖြင့် ကျန်ရစ်ခဲ့ရသည်ချည်းသာ။

ဆေးရုံတွင်မီးဖွားရင်း ချန်ရစ်ခံခဲ့ရသည့် ကလေးများ၏ မိဘများကို ဆေးရုံက တာဝန်ရှိသူများက ကလေးထားခဲ့သည်ကို သိလျှင်သိချင်း စုံစမ်း၍ ကလေး ပြန်အပ်လေ့ရှိသည်။ အချို့ကမူ ဆေးရုံ တက်စဉ်ကတည်းက လိပ်စာအမှန်ကို မပေးထားကြ။ အချို့ကလည်း လိပ်စာ အမှန်ပေးထား၍ ဆေးရုံက စုံစမ်းတွေ့ရှိသည်နှင့် ကလေးကို မိဘအရင်းထံ ပြန်အပ်နှံစမြဲ။

“တချို့ဟာတွေ ကျတော့လည်း ချက်ချင်းသိပြီး ချက်ချင်းလိုက်ပြီး အတင်းပဲ ရဲနဲ့ပြန်ခေါ်ပြီး အပ်လိုက်ရတာလည်း ရှိတယ်။ ဒါပေမဲ့ လိပ်စာ အမှန်မပေးသူ ဆိုရင်တော့ မရတော့ဘူး။ ဆေးရုံက မွေးလိုက်ရတယ်”ဟု ရန်ကုန်မြို့ရှိ စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)က ဆေးရုံအုပ် တစ်ဦးက ရှင်းပြသည်။

မွေးကင်းစ အရွယ်ကလေးများကို မိဘရင်းများက စွန့်ပစ်ခဲ့ရသည့်အကြောင်း အရင်းများအနေနှင့် ဆင်းရဲမှုက တရားခံဟု ဆိုသူများကဆိုသည်။ မျိုးဆက်ပွား (လိင်) ကျန်းမာရေး အသိပညာ နည်းပါးနေခြင်းကြောင့်ဟု ထပ်ကာထပ်ကာ အပြစ်တင်နေသူများကလည်း အပြစ်တင်မြဲ။ 

ဖခင်အမည်မခံ၊ ဖခင်တာဝန် မခံလိုသူတို့ကြောင့်လည်း အမိမဲ့သား၊ အဖမဲ့သားတို့ ဖြစ်သွားရခြင်းဟုလည်း စွန့်ပစ်ခံ ကလေးများအရေး ဆောင်ရွက်နေသူများက ဆိုကြပြန်သည်။

“တာဝန်ယူမယ့် ယောက်ျား မရှိတာ၊ စဖြစ်ကတည်းက အမျိုးသားပါလို့လေ။ တာဝန် အရှိဆုံးပေမယ့် တာဝန်မယူကြလို့လေ။ တာဝန်ယူရင် ဘယ်သူမှလည်း ဖျက်မချဘူး။ ကလေးကို စွန့်မပစ်ဘူး”ဟု စံပြဆေးရုံကြီးမှ ဆေးရုံအုပ်တစ်ဦးက ဆိုသည်။

တာဝန်မဲ့ခြင်းလော၊ အတ္တကြီးခြင်းလောမှာ စွန့်ပစ်သူတို့သာ ကံသေကံမ သိကြမည်။ စွန့်ပစ်ခြင်းခံခဲ့ရသည့် ကလေးများ၏ နောင်ရေးမှာတော့ တာဝန်ဆက် ယူရမည့်သူများ၏ ဆုံးဖြတ်ချက်တွင် တည်နေသည်။

ဆေးရုံတွင် စွန့်ပစ်ခံခဲ့ရသည့် ကလေးများကိုမူ ကလေးများကို အသက် ခြောက်လအရွယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနကို လွှဲပြောင်းပေးကြောင်း၊ အသက် ခြောက်လတိုင်သည်အထိ ဆေးရုံတွင် ပြုစုစောင့်ရှောက်ပေးကြောင်း ဆေးလူမှု ဆက်ဆံရေးမှူး တစ်ဦးထံမှ သိရသည်။

“အစ်မတို့ကတော့ ခြောက်လအထိပဲလေ။ ခြောက်လထိ ဆေးရုံက ပြုစု စောင့်ရှောက်ပေးတယ်။ ခြောက်လကျော်ရင်တော့ လူမှုဝန်ထမ်းတွေကိုပို့ဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ဆေးရုံတွင် စောင့်ရှောက်ထားရသည့်ကာလတွင် ကလေးမွေးစားလို၍ လာရောက်သူများလည်း ရှိတတ်မြဲ။

ကလေးမွေးစားလိုသူများသည် ကလေးကို အမွေစား အမွေခံ သားသမီးအဖြစ် မွေးစားရမည်ဖြစ်ပြီး ကလေးမွေးစားထားသူက မွေးစားထားသည့် ကလေး အသက် ၁၈ နှစ်ပြည့်သည်အထိ ပညာရေး၊ ကျန်းမာရေး တိုးတက်မှု၊ ယင်းကလေး အိမ်ထောင်ပြုပါကလည်း မည်သူနှင့် အိမ်ထောင်ပြုသည်၊ လိပ်စာ အပြောင်းအလဲများ စသည်တို့ကို ကလေးမွေးစားခွင့် ရယူခဲ့သည့် ဆေးလူမှုဆက်ဆံရေးဌာန သို့မဟုတ် သက်ဆိုင်ရာ ဆေးရုံကို စာဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အကြောင်း ကြားပေးရန် စည်းကမ်းချက်များ ချမှတ်ထားသည်။

ယင်းအပြင် အခြားသူကိုလည်း ကလေးမွေးစားခွင့်ကို လွှဲပြောင်းပေးခွင့် မရှိပေ။

ကလေးမွေးစားလိုသူက ဆေးရုံတွင် ဖွဲ့စည်းထားသည့် ယာယီ ကလေးမွေးစားခွင့်ပြုရေး ကြီးကြပ်အဖွဲ့ထံ ကလေး မွေးစားခွင့် တောင်းခံရသည်။ ယာယီ ကလေးမွေးစားခွင့်ပြုရေး ကြီးကြပ်အဖွဲ့ကို ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ ကလေး အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကုဆရာဝန်၊ သူနာပြုအုပ်၊ ဆေးလူမှု ဆက်ဆံရေးဌာနက တာဝန်ရှိသူတစ်ဦးတို့ဖြင့် ဖွဲ့စည်းထားလေ့ရှိပြီး ထိုအဖွဲ့က အခြေအနေ လေ့လာခြင်း၊ တွေ့ဆုံမေးမြန်းခြင်းတို့ ပြုလုပ်သည်။

သက်သေ အထောက်အထားများ အနေနှင့် ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ကလေးမရနိုင်ကြောင်း ထောက်ခံချက်တို့ တင်ပြရသည်။

“ယာယီ မွေးစားခွင့်ပြုစဉ်ကာလမှာ ကျေနပ်အားရမှ မွေးစားခွင့်ပေးတယ်။ အဓိက က ကလေးရဲ့ရှေ့ရေးကို မျှော်ကိုးပြီး ဆုံးဖြတ်တယ်။ ခြောက်လပြည့်လို့ ယာယီ မွေးစားခွင့်ပြည့်ရင် အမွေစား အမွေခံစာချုပ် ချုပ်တယ်”ဟု ဆေးလူမှု ဆက်ဆံရေးမှူးတစ်ဦးက လုပ်ရိုးလုပ်စဉ်ကို ပြောပြသည်။

မိဘက စွန့်ပစ်ခြင်းခံခဲ့ရသည့် ကလေးတို့၏ အနာဂတ်အတွက် အုပ်ထိန်းလိုသူ မိဘထံတွင် နွေးထွေးမည်လော၊ ရက်စက် ခံရမည်လောမှာ ကံတရားနှင့်လည်း သက်ဆိုင်နေနိုင်သည်။ စွန့်ပစ်ခဲ့သည်ဟု ဆိုရသော်လည်း ရင်နာနာနှင့် စွန့်ခဲ့ရသည့်မိဘများ၊ မိခင်များလည်း ရှိနေသည်။

“Abortion (ကလေးဖျက်ချ)ဆိုပြီး စတီးချောင်းနဲ့ထိုး၊ သံချောင်းနဲ့ ထိုးသူတွေထက်တော့ သူတို့က သာသွားတယ်။ သူတို့ရဲ့ ကလေးတွေက သူဌေးလက်ထဲ ရောက်ချင်လည်း ရောက်သွားမှာပဲလေ။ ကံပေါ့လေ”ဟုသာ စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း) က ဆေးရုံအုပ်တစ်ဦးက မှတ်ချက်ပေးသည်။

ဆေးရုံက စောင့်ရှောက်ခံထားရသည့်ကာလ ကျော်လွန်၍ လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ ကလေးပြုစုစောင့်ရှောက်ရေးဌာနထံ လွှဲပြောင်းခံရပြီး နောက်တွင် ကလေးများ အသက် သုံးနှစ်အရွယ်တွင် မူကြိုစတက်ရလေသည်။

ကလေးပြုစုစောင့်ရှောက်ရေးဌာနတွင် ကလေးငါးဦးလျှင် ကလေးထိန်းတစ်ဦးနှုန်းဖြင့် စောင့်ကြပ်ကြည့်ရှုပေးသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးက စွန့်ပစ်သည့် ကလေးထက်ဝက်ခန့်မှာ ရန်ကုန်ရှိ ရွှေဂုံတိုင်ကလေးပြုစု စောင့်ရှောက်ရေးဌာနထံ ရောက်ရှိ အစောင့်ရှောက်ခံကြရပြီး အခြားဒေသများ အနေနှင့် မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ စစ်တွေနှင့် ပုသိမ်တို့တွင် ကလေးပြုစု စောင့်ရှောက်ရေး ဌာနများ ဖွင့်လှစ်ထားသည်။

မိဘမေတ္တာနှင့် ဝေးနေသူများမှာ ဒုနဲ့ဒေးရှိနေနိုင်သော်လည်း တရားဝင် အစောင့်ရှောက်ခံရန် နိုင်ငံတစ်ဝန်းရှိ ကလေးပြုစု စောင့်ရှောက်ရေးဌာနထံ ရောက်ရှိနေသည့် ကလေးများမှာမူ  ၂၄၁ ဦးဖြစ်သည်။

စွန့်ပစ်ခဲ့ရမည့် ကလေးတစ်ဦးမျှပင် မရှိစေလိုကြောင်း၊ ကလေးငယ်များကို စွန့်ပစ်ထားခဲ့သည့် မိဘများသည် ဘဲများ ကဲ့သို့ပင် ဥကို ဥချခဲ့ပြီး ပစ်ထားခဲ့သည့်အတွက် ဘဲမများနှင့်တူသည်ဟု ဦးမျိုးဆက်အောင်က ခိုင်းနှိုင်းပြန်လေသည်။

“ဘဲလိုဥပြီး ပစ်ထားခဲ့တယ်။ မဝပ်ဘူး။ ကြက်မက ဥရတယ်၊ ဝပ်ရတယ်”ဟု ဦးမျိုးဆက်အောင်က ကလေးငယ်များကိုယ်စား ကရုဏာဒေါသောဖြင့်ဆိုသည်။

ဦးမျိုးဆက်အောင် ကိုယ်တိုင်ပင် ၎င်းတာဝန်ယူထားရာ ရန်ကုန်ရှိ ရွှေဂုံတိုင် ကလေးပြုစု စောင့်ရှောက်ရေးဌာနရှေ့ တွင် ကလေး လာရောက် စွန့်ပစ်ထားခြင်းကို ကြုံခဲ့ရသည်။

“အတ္တကြီးတာ။ သူ့အတွက်ပဲသူ ကြည့်တာ။ ကလေးအတွက် မကြည့်ဘူး။ မိခင်မေတ္တာ မရှိတာပေါ့။ ချစ်ရင်ပစ်ပါ့မလား။ အမေပဲဟာ။ ကိုယ့်ကလေးကိုယ် ဘယ်လို လုပ်ပစ်ပါ့မလဲ။ ဆင်းရဲပေမယ့် မွေးကြတယ်။ ရတဲ့အလုပ်လုပ်ပြီး မွေးတယ်။ အဲဒါ မေတ္တာ မဟုတ်ဘူးလား”ဟု သူကဆိုသည်။

ကလေးပြုစု စောင့်ရှောက်ရေးဌာနတွင် ကလေးများကို မည်သို့ပင် စောင့်ရှောက်ထားသည်၊ လုံခြုံနေသည်ဟုဆိုစေ ကလေးများက မိခင်ရင်ခွင်ကိုသာ တမ်းတဆဲ။

“ကိုယ်က ပြုစုပေမယ့် မိဘမေတ္တာနဲ့ ကြီးချင်တယ်။ ဆရာတို့သွားရင် ပြေးလာပြီး ဖက်ထားကြတယ်”ဟု ဦးမျိုးဆက်အောင်က ပြောပြသည်။

စွန့်ပစ်ခံ ကလေးတို့၏ ဘဝလမ်းမှာ အသက်ရှစ်နှစ်အရွယ်တွင် ကျောင်းတက်နိုင်သည်။ ထိုကလေးများ ကျိုက်ဝိုင်း လူငယ်ထိန်းသိမ်းရေး ကျောင်းများတွင် ပညာဆက်လက် သင်ယူနိုင်သည်။ ထိုကျောင်းများတွင် ယောက်ျားလေးနှင့် မိန်းကလေး သီးသန့် ပညာဆက်လက် သင်ယူနိုင်သည်။ အချို့က ပညာရေးကို လိုလား၍ ပညာဆုံးခန်းတိုင်သည်အထိ ပညာရေးကို ကြိုးစားကြသည်။ အချို့က လုပ်ငန်းခွင်သို့ ဝင်ကြသည်။

ကိုယ်စီ နှစ်သက်ရာ လမ်းကိုလျှောက်လှမ်းရင်း အိမ်ထောင်ဖက်နှင့် ဆုံတွေ့သည့်အချိန်ထိ ဌာနက စောင့်ရှောက် ကာကွယ်ထားမြဲ။

“ပေါက်ကရ၊ ကြောရုံကြံတာ မရဘူး။ လက်ထပ်ခွင့် တင်ရတယ်”ဟု ဦးမျိုး ဆက်အောင်က ရှင်းပြသည်။

လူမှုဝန်ထမ်း ဦးစီးဌာနက စောင့်ရှောက်ထားသည့် ကလေးများကို မွေးစားလိုလျှင် ဥပဒေအရ မွေးစားခွင့်ပေးကြောင်း တရားဝင် အကြင်လင်မယားစုံတွဲက ကလေး မရနိုင်သည့် အခြေအနေဖြင့် အနည်းဆုံး ၁၀ နှစ်သက်တမ်း ကြာမြင့်ပါက မွေးစားခွင့်ရနိုင်ကြောင်းကိုလည်း ၎င်းက ပြောပြသည်။

“ကလေးကို တကယ်ချစ်နိုင်၊ မချစ်နိုင် လေ့လာတယ်”ဟု ဦးမျိုးဆက်အောင်က ဆိုသည်။

ကလေးငယ်တို့ မေတ္တာငတ်ရခြင်းတွင် အိမ်ထောင်ကွဲခြင်းကလည်း တစ်စိတ် တစ်ပိုင်းက ပါဝင်နေဆဲ။ မိခင်နှင့် ဖခင်တို့၏ အိမ်ထောင်ရေး အဆင်မပြေမှု လှိုင်း တံပိုးများကြားတွင် သားသမီးတို့၏ ရှင်သန်ရာ နေ့ရက်များက မေတ္တာနှင့် ဥပေက္ခာကြား ပေါ်တစ်လှည့်၊ မြုပ်တစ်လှည့်။

ထိုအပျက်အပျက်သော အိမ်ထောင်များတွင် မိခင်မေတ္တာ ငတ်ခဲ့ရသူမှာ ကိုခင်အောင်၏ တစ်ဦးတည်းသော သမီးလေးလည်း အပါအဝင်ဖြစ်သည်။ ကိုခင်အောင်ဆိုသူက မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်ပြီး အငြိမ့်သမလေးနှင့် အိမ်ထောင်ကျခဲ့ရာက သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ထိုသမီးလေး အခါလည်တွင် အငြိမ့်သမလေး၏ စွန့်ပစ်ခြင်းကို သားအဖ နှစ်ဦးလုံး ခံခဲ့ရသည်ဟု ကိုခင်အောင်က ပြန်ပြောင်း ပြောပြသည်။ 

ကိုခင်အောင်အနေနှင့် ထိုသမီးကလေးကို မစွန့်ပစ်ခဲ့။ ယနေ့ထက်တိုင် အသက် ၂ နှစ်ခွဲသည်အထိ အဖသဖွယ်၊ အမိသဖွယ် ထိန်းကျောင်းပြုစုထားမြဲ။

တစ်နှစ် နှစ်လတွင် အိမ်ထောင်ကွဲခဲ့သည့်အတွက် သမီးလေးက အမေကို စိတ်တွင် သိနေသည်။

အမေကို တမြဲ။

“မေမေလို့မေးရင် သမီးမေမေ ဟိုးဝေးကြီးမယ် အလုပ် သွားလုပ်နေတာလို့ ပြောလိုက်တယ်။ အဲဒီလိုဖြေရင် သမီလေးက ဪ ... တဲ့”ဟု ကိုခင်အောင်ခင်က ဝမ်းနည်းဖွယ် ပြောပြသည်။

ကိုခင်အောင်အတွက်တော့ အိမ်ထောင်ကွဲရခြင်း၊ သမီးလေး အမိမဲ့ရခြင်းက အင်တာနက် အသုံးပြုခြင်းကြောင့်ဟု ၎င်းက ကောက်ချက်ချသည်။

“အင်တာနက်ကို သုံးမယ်ဆို ဘေးဖြစ်အောင် မသုံးကြဖို့။ အင်တာနက်ကြောင့် မိသားစုပေါင်းများစွာ ကျွန်တော့်လို ကွဲနေကြတာတွေ အများကြီး တွေ့မြင်ကြားသိခဲ့ရပါပြီ။ ဗဟုသုတရအောင်သာ သုံးကြပါ။ ကျွန်တော်လို အဖြစ်မျိုးတွေ ဘယ်သူမှ ထပ်မဖြစ်စေချင်ဘူး”ဟု ကိုခင်အောင်က သတိပေးစကား ဆိုသည်။

ယင်းသို့သော ကလေးစွန့်ပစ်မှုများ၏ နောက်ကွယ်တွင် မလိုလားသည့် ကိုယ်ဝန်ကို တားဆီးခြင်းကလည်း အရေးပါသည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းက ဆိုကြသည်။

“မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်မချရဘူး။ ကလေးဖျက်မချခဲ့ဘူး။ အမှိုက်ပုံမှာ မပစ်ခဲ့ဘူး။ ဆေးရုံမှာပစ်ခဲ့တာ ပစ်ပစ်ခါခါ မလုပ်ခဲ့ဘူး။ ကျေးဇူးတင်တယ်။ မိခင်စိတ် မရှိရင် ဖျက်ချခဲ့လို့ ရတယ်”ဟု အထူးကု ဆရာဝန်(သားဖွားမီးယပ်) တစ်ဦးကဆိုသည်။

ကိုယ်ဝန်ဆောင်ခဲ့ရခြင်းမှာလည်း ကိုယ်ဝန် မရစေရန် တားဆီးရသည့်နည်းလမ်းများကို မသိကြခြင်းနှင့် ပညာသင်ရမည့် အရွယ်ကတည်းက ကျန်းမာရေး အသိပညာ မရခဲ့ရခြင်းကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ကောက်ချက်ချသည်။

“ဖျက်ချကြတာကလည်း သန္ဓေတားတဲ့ အသိဉာဏ်နည်းလို့။ ကျောင်းသားတွေကို မဟုတ်တာ သင်တယ်လို့ ထင်နေကြတယ်။ လူတွေက နားရိုင်းသလို ထင်နေတယ်။ စကားပြောတဲ့နေရာမှာ အချက်အလက်၊ အသုံးအနှုန်း လိုတယ်”ဟု ၎င်းက ထောက်ပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်အရ အမျိုးသမီးတစ်ဦးအနေနှင့် သန္ဓေတားလိုပါက အိမ်ထောင်ရှိ၊ မရှိ မမေးရဘဲ မည်သူ့ကိုမဆို သန္ဓေတားလို သည့်နည်းလမ်းများမှ နှစ်သက်ရာ ဝန်ဆောင်မှုကို ပေးရမည်။ သို့သော်လည်း အိမ်ထောင်ဖက်၏ အမည်ကိုပါ စာရွက် စာတမ်းများနှင့် ဖြည့်စွက်ပေးနေရသည့် အနေအထားတွင်သာ မြန်မာနိုင်ငံက ရှိနေသေးသည်။

ယင်းကဲ့သို့သော အတားအဆီးများကို မဖယ်ရှားနိုင်လျှင် ခုတင်အမှတ် ၂၀ မှ ကလေးငယ်လေးကဲ့သို့သော ဘဲပေါက်လေးများကလည်း ရှိမြဲတိုင်း ရှိနေဦးမည်။

စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)က အထူးကုဆရာဝန် (သားဖွားမီးယပ်) တစ်ဦးကမူ ယခုလိုသာ ဆိုသည်။ “အမေဖြစ်ဖို့ အဆင်သင့် မဖြစ်သေးခင်မှာ အမေ မဖြစ်အောင် တားပေးပါ”ဟုသာ။

ရလေး

  • TAGS