News

POST TYPE

FEATURE

သက်တော်ရှည် အိမ်ကြီးအဘိုးအို၏ ညနေစောင်း
11-Feb-2017 tagged as


အိမ်တစ်လုံး၏ သက်တမ်းသည် မည်မျှနည်း။ အထူးသဖြင့် မြန်မာ့ရှေးခေတ်သုံး သစ်သားအိမ် တစ်လုံးသည် လောကဒဏ်ကို မည်မျှခံနိုင်သနည်း။ လူ့သက်တမ်း နှစ်ခုစာမျှ သက်တမ်းရှည်ခဲ့သည့် အဘိုးအိုအိမ်ကြီးအနေနှင့် မရဏခရီးကို မျက်စောင်းထိုး၍နေပေပြီ။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ မုံရွေးလေးရွာ အပါအဝင်ဖြစ်သည့် ကြေးမုံကျေးရွာတွင် ဖြစ်သည်။

“ရွာမယ် အိမ်ကြီးဆိုရင် တို့အိမ် တစ်အိမ်ရှိတာ”ဟု အဆိုပါအိမ်တွင် လက်ရှိနေထိုင်လျက်ရှိသူ ဒေါ်ညွန့်ညွန့်က ဆိုသည်။

ရွာသို့ရောက်သွားသည်နှင့် “အိမ်ကြီး”ဘယ်မှာနည်းဟု မေးလိုက်လျှင်ပင် ယင်းအိမ်ကြီးကို ဆိုလိုခြင်းဖြစ်ကြောင်း ရွာခံတို့က သဘောပေါက်ကြသည်။ 

မြန်မာနိုင်ငံ သူ့ကျွန်ဘဝ မရောက်ခင် ကုန်းဘောင်မင်းဆက် သာယာဝတီမင်းလက်ထက်တွင် ဆောက်လုပ်ခဲ့သည့် အိမ်ကြီးဖြစ်သည်။ မှတ်တမ်းများအရ ၁၈၃၈ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀ဝ)တွင် ဆောက်လုပ်ခဲ့သည့် သစ်သားအိမ်ကြီး ဖြစ်သည်။ ဦးပိန်တံတားထက် ဆယ်နှစ်ဝန်းကျင် အသက်ကြီးပါသည်။ မူလဆောက်လုပ်သူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း စစ်ပြေငြိမ်းရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် အလုံ ရွှေတိုက်ဝန်မင်း၏မြေး ဦးကြင်ဥ ဆိုသူဖြစ်သည်။

အိမ်ကြီးဟူသည့် အခေါ်အဝေါ်သည်ပင် ရှေးခေတ်က ကြီးမားခန့်ထည်ခဲ့မှုကို သာဓကဆောင်သည်။ သို့သော် နှစ်ပေါင်း ၁၈၀ ခန့် ကြာပြီးသည့်နောက်တွင် ခန့်ထည်မှုတို့က ဖျော့တော့လေပြီ။ အိမ်တိုင်တို့သည် ယိုင်ကုန်ပြီ၊ လှေကားသည် စောင်းကုန်ပြီ၊ ကြမ်းခင်းတို့သည်လည်းကောင်း၊ တံခါးတို့သည်လည်းကောင်း ချည့်နဲ့ကုန်ပြီ ဖြစ်သည်။ 

အိမ်ကြီးကို ဆယ်ပင်ကိုးခန်းဖြင့် ဆောက်လုပ်ထားပြီး ဧည့်ဆောင်၊ လသာဆောင် (ပွဲကြည့်ဆောင်)၊ ဘောဂဆောင်၊  မီးနေဆောင်၊ စားဖိုဆောင်နှင့် ရေသွန်ဆောင် စသည့် အဆောင်ငါးဆောင်ဖြင့် ဖွဲ့စည်းထားသည်။ အိပ်ခန်း၊ ဘုရားခန်း၊ နတ်ခန်း စသည်ဖြင့် အခန်း ၁၀ ခန်းရှိသည်။ အသားအားလုံးမှာ ကျွန်းသားများဖြစ်ပြီး ကျွန်းတိုင်လုံးပေါင်း ၈၅ လုံးပါရှိပြီး ပြတင်းပေါက်များကို ကဲလားများ တပ်ဆင်ထားသည်။ 

လှေကားမှ တက်လိုက်လျှင် လသာဆောင်သို့ ဝင်မည်ဖြစ်သည်။ လသာဆောင်သည် အမိုးမိုးမထားဘဲ ဟင်းလင်းပွင့်ဖြစ်သည်။

အိမ်ကြီးသည် ရွဲ့စောင်းနေပြီဖြစ်ကြောင်းကို ပြတင်းပေါက်များကိုကြည့်၍ သတိထားမိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း ဒေါ်ညွန့်ညွန့်က ဆိုသည်။ သူသည်  မူလဆောက်လုပ်သူ ဦးကြင်ဥနှင့် ဇနီး ဒေါ်ငွေဥတို့ထံမှ ဆင်းသက်သည့် ငါးဆက်မြောက် မျိုးဆက်ဖြစ်ပြီး ယခုအခါ အသက်  ၇၆ နှစ်အရွယ်ဖြစ်သည်။ 

သို့သော် မြန်မာ့ရှေးဓလေ့အတိုင်းပင် သူ၏အသက်ကို ၇၆ ဟု ပြောလေ့မရှိဘဲ ၇၅ ဟုသာ ဖြေလေ့ရှိကြောင်း ဒေါ်ညွန့်ညွန့်ကဆိုသည်။ (မြန်မာ အယူအဆအရ ခြောက်ဂဏန်းသည် ချောက်ကို ကိုယ်စားပြုပြီး မကောင်းသည့်အဓိပ္ပာယ် ဆောင်သည်။)

ယခင်က အတော်အသင့်မတ်မတ် ရှိခဲ့သည့် လှေကားသည် အောက်သို့ ပြေဆင်းကာ လျှောကျနေပြီ။ ရေဝပ်မြေ တင်မှုကြောင့် အိမ်ကလည်း နိမ့်သွားပြီ။  ဘိုးဘွားများလက်ထက်က အိမ်အောက်သို့ မြင်းစီးဝင်နိုင်သော်လည်း ယခုမူ လူတစ်ရပ်ပင် မလွတ်ချင်တော့။

အိမ်ကြီး ဟောင်းနွမ်းနေပြီဖြစ်ရာ မပြုပြင်ဘူးလားဆိုသည့် မေးခွန်းများအပေါ် ၎င်းက ယခုလိုဆိုသည်။

“ဘယ်သူက ပြင်ပေးမှာတုံး”

ဘိုးဘေးများ၊ ဦးရီးတော်များ လက်ထက်က ရွာသူကြီးများ ဖြစ်ခဲ့ပြီး ရွာတွင် ကုံလုံကြွယ်ဝခဲ့သလို ယင်းဒေသတွင် ဆွေကြီးမျိုးကြီး စာရင်းဝင်များ ဖြစ်သည်။ မုံရွေး၊ ကြေးမုံဒေသသည် ရှေးမြန်မာ အစဉ်အဆက်ကတည်းက စာပေ အကျော်အမော်များ ထွက်ရှိပြီး မှန်နန်းရာဇဝင် ပြုစုရာတွင် ဦးဆောင် ပါဝင်သည့်  မုံရွေးဇေတဝန် ဆရာတော်သည် ထင်ရှားသည်။ ကိုလိုနီခေတ်ဦးတွင်ပင် နိုင်ငံရေးသမားနှင့် ပညာတတ်တို့ ပေါ်ထွန်းခဲ့ပြီး လန်ဒန်ရောက် ဦးတက်ထွဋ် သည်ပင် ဒေါ်ညွန့်ညွန့်တို့၏ ဆွေမျိုးဖြစ်သည်။

မြန်မာစာပေတွင် ပြဇာတ်နှင့် ကဗျာ စာဆိုတော်ကြီး ဦးကြင်ဥဟူ၍ရှိရာ ၎င်းးမှာ အိမ်ကြီး၏ မူလသခင် ဦးကြင်ဥ မဟုတ်ကြောင်း ဒေါ်ညွန့်ညွန့်က ဆိုသည်။

ရှေးက မိသားစုပိုင် လယ်ယာမြေ များစွာ ရှိခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် လယ်လုပ်သူ လယ်ပိုင်စနစ်သို့ ပြောင်းလဲလိုက်ရာ ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် မြေဧကပေါင်းများစွာ အခြားသူများလက်သို့ ရောက်ရှိသွားသည်။ ယခုတွင် မိသားစုအနေနှင့် တောင်သူလည်း မလုပ်နိုင်ကြတော့ပါ။

“ရှေးတုန်းက ဝေစုစား၊ ဝေစုတင် (ဝေစုဖြင့် လုပ်ကိုင်မှု)ကို စားချင်တိုင်းစား၊ အဘွားလက်ထက်ကတော့ ရသင့်သလောက်၊ ရှိသင့်သလောက် ရှိပါတယ်။ ဦးလေးက သူ့တူတွေချတော့ အခုမရတော့ဘူး”ဟု ဒေါ်ညွန့်ညွန့်က ဆိုသည်။

အိမ်ကြီးအနေနှင့် လောလာဆယ် ပြုပြင်ရမည့် နေရာများရှိနေပြီး သူ့အနေနှင့် လသာဆောင်ကို ဦးစွာ ပြင်လိုနေသည်။ လသာဆောင်သည် အမိုးမမိုးထားသဖြင့် ကြမ်းခင်းများသည် ရှေးယခင်ကပင် မိုးဒဏ်နေဒဏ်တို့ကြောင့် ဆွေးမြေ့ပျက်စီးခဲ့ပြီးပြီ။ အိမ်၏အမိုးသည် အုပ်ကြွပ်မိုး ဖြစ်ပြီး မိုးရေခံရန်အတွက် သစ်လုံးကိုထွင်းကာ ရေတံလျှောက်အဖြစ် အသုံးပြုထားသည်။ ယင်းရေတံလျှောက်သည်လည်း ဆွေးမြေ့ခဲ့ပြီးပြီ။ 

“ဟိုဘက်က ရေတံလျှောက်လေး ပြင်တာတောင် တစ်သောင်းကျော်ကုန်တာ၊ နည်းနည်းချင်း ပြင်ရတာပါ့”

လက်ရှိတွင် ဒေါ်ညွန့်ညွန့်၏ သား၊ သမီး၊ သမက်၊ ချွေးမနှင့် တူ၊ တူမများနှင့် မြေး၊ မြစ် စုစုပေါင်း ၁၀ ဦးကျော် နေထိုင်လျက်ရှိသည်။ တပ်မတော်မှ ပင်စင်စား အကြီးဆုံးသားနှင့် သမီးများ၊ မြေးများ၏ ဈေးရောင်း၊ စက်ချုပ် စသည့်လုပ်ငန်းများဖြင့်သာ မိသားစု ရပ်တည်နိုင်တော့သည်။   အိမ်ဝိုင်း အတွင်းတွင် ဆံသဆိုင်၊ မုန့်ဆိုင်နှင့် ဖုန်းပြင်ဆိုင် သုံးဆိုင်ကို တစ်လလျှင် ကျပ်တစ်သောင်းဖြင့် နေရာ အငှားချသေးသည်။ 

ပြဋ္ဌာန်းထားသည့် ဥပဒေများအရ နှစ်ပေါင်း တစ်ရာနှင့်အထက်ဆိုလျှင် ရှေးဟောင်းစာရင်းဝင်ဖြစ်ရာ တစ်ရာပင်မက နှစ်ရာနီးပါး သက်တမ်းရှိသည့် အိမ်ကြီးသည် တကယ့် ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်ပါသည်။ 

အစိုးရအနေနှင့် ရှေးဟောင်းအမွေ အနှစ်များကို ထိန်းသိမ်းရန် တာဝန်ရှိသော်လည်း ဖိဖိစီးစီး မဆောင်ရွက်နိုင်ပါ။ ယင်းအိမ်ကြီးကို စနစ်တကျ ပြုပြင်ထိန်း သိမ်းပေးရန်အတွက်လည်း အကူအညီများ မပေးနိုင်ခဲ့ပါ။

၂၀ဝ၀ ပြည့်နှစ်များနောက်ပိုင်း တပ်မတော် အစိုးရလက်ထက်တုန်းကတော့ ယင်းအိမ်ရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးသည်။

တပ်မတော်သားများ လက်နက်ကိုယ်စီဖြင့် အိမ်ဝန်းကျင်တွင် ဖြန့်ကျက် နေရာယူထားသည့်ဖြစ်ရပ်ကို ဒေါ်ညွန့်ညွန့်၏မြေး ယခု အသက် ၂၇ နှစ်အရွယ်ရှိ သူက ကောင်းစွာ မှတ်မိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တို့ရောက်ရှိလာပြီး အိမ်ကြီးကိစ္စ ဆွေးနွေးကြသည်ဟု ဆိုသည်။

အိမ်ကြီးကို ပြတိုက်အဖြစ် ပြုလုပ်မည်ဖြစ်ကာ အိမ်ဝင်းအပါအဝင် ကပ်လျက်ရှိသည့် ရပ်ကွက်အတွင်းက အခြားအိမ်များကိုပါ သိမ်းဆည်းမည်ဖြစ်ပြီး ၎င်းတို့အတွက် အစားထိုးနေရာတွင် ပြန်လည် ချထားပေးမည့် အစီအစဉ်ဖြစ်သည်။

ထိုစဉ်က အဘွားဒေါ်ညွန့်ညွန့် အပါအဝင် မွေးချင်း မောင်နှမများက သဘောမတူ ငြင်းဆန်ခဲ့ကြသည်။

“မလှူနိုင်ပါဘူး၊ မပေးနိုင်ပါဘူး၊ ဘိုးဘွားအိမ်မို့ပါလို့၊ ပျက်ပျက်စီးစီး ကိုယ့်ဘာသာကိုယ်ပဲ နေချင်ပါတယ်လို့”ဟု ဒေါ်ညွန့်ညွန့်က ပြောပြသည်။

ထို့အတူ ရန်ကုန်ရှိ ဦးလေး တော်စပ်သည့် ဆရာတော် တစ်ပါးကလည်း အိမ်ကိုပြုပြင်ရန် နားချခဲ့သေးသော်လည်း လက်သင့်မခံခဲ့။ အကြောင်းကား တပ်မတော် ကြီးစိုးသည့်ခေတ်ဝယ် တပ်မတော်၏ အထောက်အပံ့ကို ယူလိုက်ခြင်းသည် တစ်ချိန်တွင် အိမ်ပေါ်မှ မောင်းချခံရနိုင်သည်ဟူသည့် စိုးရိမ်ချက်ကြောင့်ပင်။

အိမ်ကြီးသည် ရှေးဟောင်း အမွေအနှစ် ဖြစ်သည်နှင့်အညီ ရှေးလက်ရာများကိုလည်း စုံလင်စွာ တွေ့နိုင်သည်ဖြစ်ရာ ရှေးဟောင်း သုတေသနနှင့် ဗိသုကာ ကျောင်းသားများ၊ ပညာရှင်များက ထိုရွာသို့ မကြာခဏ လာရောက် လေ့လာလေ့ရှိသည်။ လာရောက်သူများတွင် နိုင်ငံခြားသားများပင် ပါတတ်သည်။

နိုင်ငံတကာတွင် ယင်းသို့သော ရှေးဟောင်း နေအိမ်များကို ပြတိုက်အဖြစ် ဖွင့်လှစ်ခြင်းသည် စီးပွားရေးတစ်ရပ် ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းကိုပါ ဖွံ့ဖြိုးစေသည်။

အဘွားဒေါ်ညွန့်ညွန့်တို့ကတော့ အခကြေးငွေ ရယူရန် စိတ်မဝင်စားပါ။ 

နိုင်ငံခြားသားများက ပေးသွားသည့် ငွေစအချို့ကို သုံးမပစ်ဘဲ အိမ်နံရံတွင် မှန်ဘောင်သွင်းကာ ချိတ်ဆွဲထားသည်။ နှစ်ဆယ်တန်၊ တစ်ဆယ်တန်၊ ငါး ဒေါ်လာတန်နှင့် တစ်ဒေါ်လာတန် စသဖြင့် ရှစ်ရွက်။

နောက်ထပ် လာရောက်သူများက ဒေါ်လာအချို့ အမှတ်တရ ပေးသေးသော်လည်း မှန်ပေါင်တွင် ထည့်သွင်းရန် နေရာ မရှိတော့သဖြင့် လက်မခံခဲ့ဟု ဒေါ်ညွန့်ညွန့်က ဆိုသည်။

အိမ်နှင့်ပတ်သက်၍ မှတ်စုစာအုပ်တွင် ဆွေစဉ်မျိုးဆက်စာရင်းကို ရေးမှတ်ထားခြင်း၊ ကျေးရွာရှိ ကျောင်းဆရာ တစ်ဦးက ရေးဆွဲထားသည့် အိမ်ပုံစံကြမ်း နှင့် ၁၉၆၉ ခုနှစ်ထုတ် ပညာပဒေသာ စာစောင်ပါ အိမ်ပန္နက်ဖွဲ့စည်းပုံ၊ ဖြတ်ပိုင်းပုံစံတို့သာ မိသားစုထံတွင် မှတ်တမ်းအဖြစ် ကျန်ရှိသည်။ ကျေးရွာက ရေးဆွဲထားသည့် အိမ်ပုံစံသည်ပင် ပကတိ အနေအထားနှင့် လွဲမှားနေသည်။

အိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့သလို စီးပွားရေး လုပ်ငန်းရှင်များကလည်း ဝယ်ယူရန် မကြာခဏ လာရောက်လေ့ရှိကြောင်း မြေးဖြစ်သူက ဆိုသည်။

“ရောင်းမလားဆိုတော့ အမေကြီးက ရန်ထောင်လွှတ်တာပေါ့ဗျာ”

အဘွားဖြစ်သူ ဒေါ်ညွန့်ညွန့်ကတော့ မိဘ၊ ဘိုးဘွားများ အစဉ်အဆက် နေထိုင်ခဲ့ကြသည့် အိမ်ကြီးကိုသာ သံယောဇဉ် တွယ်သည်။

အိမ်ကြီးသည် ခေတ်အဆက်ဆက် ငလျင်ဒဏ်ကိုလည်း ခံခဲ့ပြီ။ လေဒဏ် မိုးဒဏ်ကိုလည်း အံတုခဲ့ပြီ။ သူငယ်စဉ် မီးကြီးလောင်စဉ်ကလည်း ပါမသွားခဲ့။ မီးကွင်းသည်ဟုပင် ရွာတွင် နာမည်ကျော်သည်။

မုံရွေးတွင် ကင်းဝန်မင်းကြီး ဦးကောင်း၏ အိမ်ဟောင်းတစ်လုံး ရှိခဲ့ဖူးသည်။ အလုံ မြို့ဝန်ဘဝက အလုံတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် ယင်းရွာသို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါအိမ်မှာ စစ်အတွင်းက မီးလောင်ပျက်စီးခဲ့ပြီဖြစ်သည်။ ယခုအိမ်ကြီးကတော့ ဗုံးဒဏ်ကိုလည်း မမှုခဲ့။

“မင်းနှယ် လေတွေများ တိုက်ချင်တိုင်းတိုက်၊ ငါတို့က ကြောက်ပေါင်။ အခန်းပိတ်ပြီးတော့ အသာအောင်းနေလိုက် ပြီးရော၊ သူများအိမ်တွေ ဝုန်းဒိုင်း အမိုးတွေ လန်၊ တို့အိမ်က ဘာမှမဖြစ်ဘူး”

ယခုတော့ အိမ်ကြီးမှာ ဇရာထောင်း၍ သွားကျိုး ခါးကုန်းနေပြီ။

အိမ်ကြီးနှင့်အတူ အိမ်၏တောင်ဘက်တွင် စပါးကျီတစ်ဆောင်လည်း ဆောက်လုပ်ခဲ့သေးရာ ယင်းကျီလည်း အိမ်ကြီးနှင့်အပြိုင် ဟောင်းနွမ်းခဲ့ပြီ။ ကျီဆိုသော်လည်း ယခုတွင် စပါး မထည့်တော့ပါ။ ဒေါ်ညွန့်ညွန့်၏ အစ်ကိုကြီးဖြစ်သူက သူ့မိသားစုနှင့် အဆိုပါကျီတွင် နေထိုင်နေခြင်းဖြစ်သည်။ 

ကျီကြီးသည်လည်း ကျွန်းတိုင်လုံးပေါင်း ၄၀ ကျော်ပါရှိသည့် အဆောက်အအုံကြီးဖြစ်ပြီး မူလ အုပ်ကြွပ်အမိုးများကိုမူ သွပ်များဖြင့် အစားထိုး ပြုပြင်ထားခြင်း၊ အခန်းအချို့ ဖြုတ်ပစ်လိုက်ခြင်းတို့ကြောင့် ရှေးမူတို့ ပျက်ယွင်းသွားပြီဖြစ်သည်။

ယင်းသို့ ရှေးလက်ရာများကို ပုံစံဖျက်ကာ ပြုပြင်လိုက်ခြင်းနှင့် ပတ်သက်၍ ယင်းအိမ်ကြီးသို့ မကြာခဏ လာရောက် လေ့လာခဲ့သည့် ဗိသုကာ ပညာရှင်ဆရာမ တစ်ဦးက အပြစ်တင်ခဲ့သေးသည်ဟု ဆိုသည်။

“ရှေးမူပျက်ကုန်လို့တဲ့တော့်၊ တောင်ကျီပြင်တာ မကြိုက်ဘူး”ဟု  ဒေါ်ညွန့်ညွန့်က ဆိုသည်။

ခိုနှင့် ငှက်များ အမိုးတွင် လာရောက် အသိုက်ဖွဲ့ခြင်း၊ နားခြင်းများရှိရာ ရွာထဲမှ လူများက လေးခွများဖြင့် ပစ်ခတ်ခြင်းကြောင့် အမိုးများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း မြေးဖြစ်သူက ဆိုသည်။

သို့သော် လက်ရှိ နေထိုင်နေသူများရှိရာ အမိုးကို မပြုပြင်လို့မဖြစ်၊ သွပ်သာမိုးနိုင်သည်ဖြစ်၍ သွပ်ဖြင့်သာ အစားထိုးလိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“ဘက်ခွ (လေးခွ) နဲ့ပစ်ကြတော့ အုန်းဂွမ်းဆို ကွဲသွားတာကိုး။ ကွဲသွားတော့ မိုးက မလုံဘူး။ ဘယ်နား သွားနေမှာတုန်း သူတို့က”ဟု မြေးဖြစ်သူက မေးခွန်းထုတ်သည်။

ဒေါ်ညွန့်ညွန့်၏ အကြီးဆုံးသားဖြစ်သူကမူ အိမ်ကြီးကို ပြုပြင်နိုင်ရန်အတွက် ဆုံးရှုံးသွားသည့် လယ်ယာမြေများကို ပြန်တမ်းတသည်။ ယခုမြေဈေးနှင့်တွက်လျှင် ယင်းမြေများသည် သိန်းပေါင်း ရာချီ၊ ထောင်ချီ တန်ကြေးရှိသည်။

မိဘ၊ ဘိုးဘွား အစဉ်အဆက် နေထိုင်ထိန်းသိမ်းခဲ့ပြီးမှ ယခုအခါမှ အိုဟောင်း ပျက်စီးရမည်ဆိုလျှင် နောက်မျိုးဆက်တို့အနေနှင့် တာဝန်မကင်းသလို  ခံစားနေကြသည်။ 

“လောလောဆယ် ဘာမှ မပြုပြင်နိုင်သေးဘူး။ မြေတွေကလည်း သူများ လက်ထဲမှာ”ဟု သားကြီးဖြစ်သူက ဆိုသည်။ ယင်းမြေများ ပြန်လည် ရရှိဖို့အရေး  တတ်စွမ်းသမျှ ကြိုးပမ်းခဲ့သေးသော်လည်း အရာမထင်ခဲ့ပေ။ လယ်ယာမြေ ဥပဒေများကြောင့် ယခုမူ ပြန်လည်ရရှိရန်လည်း အကြောင်းမမြင်တော့ဟု ၎င်းက ဆိုသည်။

“စဉ်းစားကြည့်ပေါ့၊ ဒီလောက် အဆောက်အအုံကြီး၊ ဘယ်သူမဆို ကိုယ့်အိမ်ကိုယ် ပြင်ချင်ကြတဲ့သူချည်းပဲ”

အကယ်၍ နိုင်ငံတော်၏ အထောက်အပံ့သာ ရမည်ဆိုလျှင် အိမ်ကြီးသည် အမြန်ပင် တင့်တယ်သွားမည်ဟု သူက မြင်သည်။ သို့သော် ယခုနေရာမှ ရွှေ့ပြောင်း မပေးရမှသာ အထောက်အပံ့ကို လက်ခံမည်ဟု ဆိုသည်။

အိမ်ကြီးကို ထိန်းသိမ်းရန် လုပ်ဆောင်မှုအနေနှင့် ရေနံချေး သုတ်လိမ်းခဲ့ခြင်းသာ။ ယင်းသည်ပင် နှစ်ပေါင်း အတော်ကြာခဲ့ပြီ၊။ အဘွား ဒေါ်ညွန့်ညွန့်၏ မိဘများ၊ အဒေါ်များလက်ထက်က ဖြစ်သည်။ 

ယခုမူ ရေနံရောင်လည်း လွင့်လေပြီ။

အိမ်တစ်လုံး၏ သက်တမ်းသည် မည်မျှနည်း။ အထူးသဖြင့် မြန်မာ့ရှေးခေတ်သုံး သစ်သားအိမ်တစ်လုံးသည် လောကဒဏ်ကို မည်မျှခံနိုင်သနည်း။

“ရွာမယ် အိမ်ကြီးဆိုရင် တို့အိမ် တစ်အိမ်ရှိတာ”ဟူသည့် အိမ်ကြီးရှင် ဒေါ်ညွန့်ညွန့်၏ ဂုဏ်ယူသည့် စကားသည်ရော မည်မျှခံမည်နည်း။

ယင်းအစား “ရွာမယ် အိမ်ကြီးဆိုလို့ တစ်အိမ်မှ မရှိတော့ဘူး”ဟူသည့်စကားမျိုး နှောင်းလူတို့က ပြောင်းလဲပြောဆိုရမည်လော။

အသက် ၂၇ နှစ်ရွယ် မြေးဖြစ်သူသည် သူ၏ဇနီးဖြစ်သူနှင့်အတူ မွေ့ယာများကို လက်ခစား ချုပ်လုပ်သည်။ ဇနီး၏ အပ်ချုပ်စက်မှ တဂျောင်းဂျောင်း မြည်သံက တစ်နေ့ခင်းလုံးတွင် တစ်အိမ်လုံးကို ဖုံးလွှမ်းခဲ့သည်။ အလုပ်အတွက် တစ်နေ့လျှင် ကျပ် တစ်သောင်းခွဲဝန်းကျင် ရတတ်သည်။ ယင်းဝင်ငွေ လက်ရှိ အိမ်ကြီးပေါ်က မိသားစုအတွက် လတ်တလော စားဝတ်နေရေး။ 

ညနေစောင်းတွင် ချုပ်စရာကုန်ပြီမို့ တစ်နေ့တာ အလုပ်ကို နားလိုက်ကြသည်။ မနက်ဖြန်မနက် နေပြန်ထွက်လျှင် လုပ်ငန်း ပြန်လည် စတင်ကြဦးမည်။

အိမ်ကြီးကလည်း သူအနေနှင့် ညနေစောင်းနေပြီဖြစ်ကြောင်း အသိပေးနေပါသည်။

အောင်မျိုးထက်

  • TAGS