News

POST TYPE

FEATURE

အိုင်ရှား ကဒါဖီ (Aisha Gaddafi)
09-Feb-2017 tagged as

ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးကဒါဖီ၏ သမီးတော် အိုင်ရှားကဒါဖီသည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ထွက်ပြေးသွားပြီး လုံခြုံသည့် နေရာတွင် ခိုလှုံနေသည်ဆိုသော သတင်းများ ပေါ်ထွက်လာသည်။ 

၂၀၁၁ ခုနှစ်တွင် သူ့ဖခင် အာဏာရှင်ဘဝဖြင့် ၄၂ နှစ်တိုင် အုပ်စိုးခဲ့သော လစ်ဗျားနိုင်ငံ၌ ဆူပူအုံကြွမှုကြီး ဖြစ်ပွားခဲ့သည်။ ထိုအုံကြွမှုကြီး နောက်ဆက်တွဲ အကျိုးတရားအဖြစ် ကဒါဖီသည် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီးနောက် အိုင်ရှားလည်း အယ်လ်ဂျီးရီးယားနိုင်ငံသို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

အိုင်ရှား ကဒါဖီကို ၁၉၇၆ ခုနှစ်တွင် မွေးဖွားသည်။ အီချားအယ်လ်ကဒါဖီ (Aicha Al-Kadhafi) ဟူ၍လည်း လူသိများသည်။ ယခင် လစ်ဗျားနိုင်ငံ သံတမန်အဖြစ် သူ့ဖခင်က တပ်မတော်တွင် တာဝန်ပေးအပ်ခြင်း ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။ ကုလသမဂ္ဂ သံတမန်တစ်ဦး ဖြစ်ခဲ့ရုံမက ရှေ့နေတစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ကဒါဖီနှင့် မိခင်ဆာဖီရာ ဖာကက်ရှ်တို့၏ သားသမီးငါးဦးအနက် တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ ဖခင်ခေတ်ကောင်းစဉ်က လစ်ဗျား တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့သည်။ 

အယ်လ်ဂျီးရီးယားနိုင်ငံတွင် ခိုလှုံရန် ရောက်ရှိနေသည့် အိုင်ရှား ကဒါဖီတွင် မိခင်ဖြစ်သူ ဆာဖီရာ ဖာကက်ရှ်၊ သမီးဖြစ်သူ ဆာဖီရာ (ဘွားအေနှင့် အမည်တူ)၊ မောင်များ ဖြစ်ကြသော မိုဟမ်မက်နှင့် ဟန်နီဘယ်တို့လည်း လိုက်ပါလာကြသည်။ 

အိုင်ရှား၏ ခင်ပွန်းသည်မှာ အာမက် အယ်လ် ကဒါဖီ အယ်လ်ကာစီ ဖြစ်ပြီး စစ်တပ်တွင် ဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်။ သူနှင့် အိုင်ရှားတွင် သားသမီးသုံးဦး ထွန်းကားခဲ့သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကဒါဖီ၏ အိမ်ဝင်းအတွင်း ဗုံးတစ်လုံးပေါက်သည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသည်။ နေတိုးအဖွဲ့က လေကြောင်းမှ တိုက်ခိုက်သည့်အတွက် ဗုံးဒဏ်ကြောင့် အိုင်ရှား၏ သားနှစ်ဦးလည်း ကွယ်လွန်သွားခဲ့ရသည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် လူခြောက်ယောက်စီး၊ မာစီဒီး ဘင့်ဇ် ဆီဒင်ကားတစ်စီးသည် လစ်ဗျားနိုင်ငံ အနောက်တောင်ဘက်၊ ဂါဒါမီ ဆိုသည့်မြို့မှ အယ်လ်ဂျီးရီးယားနိုင်ငံကို ဦးတည်မောင်းနှင်လာခဲ့သည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် အယ်လ်ဂျီးရီးယား အစိုးရက သူတို့နိုင်ငံသို့ ကဒါဖီ၏ မိသားစုဝင်များ ရောက်လာကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သူတို့သည် မာစီဒီးကားအပြင် ဘတ်စ်ကားတစ်စီးလည်း ပါလာသည်။ အယ်လ်ဂျီးရီးယား အစိုးရက သူတို့ကို လက်မခံသောကြောင့် ပါလာသည့် လက်နက်ကိုင်များနှင့် အချင်းများကြသေးသည်။ နောက်ဆုံး သူတို့ အိုမင်နိုင်ငံဘက်သို့ ထွက်သွားပြီး ထိုနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းကာ သွားရောက်နေထိုင်ကြသည်။ အိုမင်နိုင်ငံဘက် အရောက်တွင် အိုင်ရှားသည် ကိုယ်ဝန်အရင့်အမာ ဖြစ်နေသောကြောင့် သမီးမိန်းကလေး တစ်ဦးကို ဖွားမြင်ခဲ့သည်။ 

လေးနှစ်ခန့် နိုင်ငံရေးလောကတွင် ငြိမ်သက်နေသည့် အိုင်ရှားတစ်ယောက် နိုင်ငံရေးလောကတွင် ဟုန်းခနဲ ပြန်လည်မီးတောက်သလို ပေါ်လာခဲ့သည်။ သူမကို လစ်ဗျားနိုင်ငံက “တော်လှန်ရေးခေါင်းဆောင်” တစ်ဦး အနေဖြင့် သတ်မှတ်ထားသည်ဆိုသော သတင်းများက လက်ရှိအစိုးရကို ခေါင်းခြောက်စေခဲ့သည်။ အိုင်ရှားတစ်ယောက် လျှို့ဝှက်အစိုးရ ဖွဲ့ထားသည် ဆိုသော သတင်းတွေလည်း ပေါ်ထွက်လာသည်။ လစ်ဗျားနိုင်ငံ ပြိုကွဲပြီး အခြေအနေများ မတည်ငြိမ်မှုကို ပြန်လည်ကယ်တင်ရန် လစ်ဗျားသို့ ကဒါဖီ၏ သမီး ပြန်ရောက်လာပြီ ဆိုသည့် သတင်းများက လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။

အိုင်ရှားပြန်လာသည့် အကြောင်းမှာ နေတိုးအဖွဲ့နှင့် အယ်လ်ကေဒါတို့၏ ၂၀၁၁ ခုနှစ်ကတည်းက စိုးမိုးခဲ့သော အနောက်တိုင်းသြဇာကို ချေဖျက်ရန်ဖြစ်သည်။ သူ့ကို နိုင်ငံတော် အကြီးအကဲ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ထားပြီး ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လာသည်။ 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက လစ်ဗျားနိုင်ငံအတွင်း နေတိုးအဖွဲ့က ဦးဆောင်ပြီး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုဆောင်ရွက်ချက်မှာ မအောင်မြင်ခဲ့ပေ။ မအောင်မြင်ရသည့် အကြောင်းတရားမှာ ကဒါဖီ၏ သားတော် သမီးတော်များသည် ဂျမားဟီရီယာအဖွဲ့နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဖခင်လက်ထက် ကတည်းက တန်ခိုးထွားခဲ့သော ထိုအဖွဲ့အစည်းကြီးကို သားတော်တစ်ဦး ဖြစ်သူက ဆက်လက်ဦးဆောင်နေပြီး သမီးတော် အိုင်ရှားကလည်း ထပ်ပြီး အင်အားဖြည့်လာသဖြင့် အစိုးရသစ်ဖွဲ့ရန် မအောင်မြင်ခဲ့ကြောင်း နေတိုးအဖွဲ့က ယူဆနေကြသည်။ 

နိုင်ငံခြားကို ထွက်ပြေးပြီး လေးနှစ်ခန့်ခြေရာ ဖျောက်နေခဲ့သော အိုင်ရှားက ထုတ်ပြန်လိုက်သည်ဆိုသော စာ လစ်ဗျားတွင် ပျံ့နှံ့လာသည်။ သူမသည် လစ်ဗျားနိုင်ငံကို ပြန်လာမည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံ စိုးမိုးခြယ်လှယ်နေမှုများကို ခုခံတိုက်ဖျက်သွားပြီး သူမ၏ ဖခင်ထူထောင်ခဲ့သော “အမိလစ်ဗျား နိုင်ငံတော်” ကို ဆက်လက်ထူထောင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့သည်။

လစ်ဗျားနိုင်ငံတွင် အကြီးဆုံး အဖွဲ့အစည်းကြီး ဖြစ်သည့် ဝါဖာလာအဖွဲ့သည် အိုင်ရှားထံတွင် သစ္စာခံကြသည်။ သူတို့အဖွဲ့ အနေဖြင့် ဂျာမားဟီရီယာအပေါ် ဆက်ပြီး သစ္စာရှိနေမည် ဖြစ်ကြောင်း ထုတ်ပြန်ကြညာခဲ့သည်။ သူ့ဖခင်ဖြစ်သူ မွမ်မာ ကဒါဖီအပေါ် မတရားသဖြင့် သေဒဏ်စီရင်ခဲ့ခြင်းအပေါ် အမှုမှန်အတိုင်း ဖြစ်စေရန် ပြန်လည်ဆောင်ရွက်သွားမည် ဆိုသည့် အိုင်ရှား၏ ထုတ်ပြန်ချက်များကလည်း နေတိုးအဖွဲ့ကြီးအပေါ် ထိတ်လန့်စရာ ဖြစ်စေခဲ့သည်။ နေတိုးအဖွဲ့က သွေးရူးသွေးတန်းဖြင့် နယ်သာလန်နိုင်ငံတွင် အရေးပေါ်အစည်းအဝေး ခေါ်ပြီး လစ်ဗျားအရေးကို ဆွေးနွေးကြရတော့သည်။

အိုင်ရှားတစ်ယောက် လစ်ဗျားတော်လှန်ရေးကို သူမကိုယ်တိုင် ခေါင်းဆောင်မည် ဆိုသည့် သတင်းများ အနောက်နိုင်ငံများဆီသို့ သတင်းတွေ ထုတ်လွှင့်နေမှု များမှာ စဉ်းစားစရာ ဖြစ်လာသည်။ သူသည် ကဒါဖီမျိုးဆက်တွင် တစ်ဦးတည်းသော သမီးဖြစ်သည်။ သားများထက် သမီး၏ အနေအထားက အနောက်အုပ်စုကို ပိုပြီး ထိတ်လန့်စရာ အနေအထားဖြစ်သည်။ ကဒါဖီတွင် သားသမီး ရှစ်ယောက်ရှိသည်။ ဖခင်လက်ထက်က မအောင်မြင်ခဲ့သည့် အမိလစ်ဗျားကို သမီး လစ်ဗျား အနေဖြင့် ပြန်လည်ထူထောင်ရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံ၊ ဆော်ဘွန်းတွင် အိုင်ရှားက လစ်ဗျားနိုင်ငံအတွက် သာမက နိုင်ငံရပ်ခြားတွင်ပါ သူမအနေဖြင့် လျှို့ဝှက်အစိုးရကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အနောက်အုပ်စုကလည်း သူမ၏ ဖခင်ကို အာဇာနည်တစ်ဦး အနေဖြင့် သတ်မှတ်ပြီး တရားစွဲရန် ပြင်ဆင်နေသည့် အိုင်ရှားအပေါ် အပြင်းအထန် ပြန်လည်ဝေဖန် တုံ့ပြန်ခဲ့သည်။ သူမအနေဖြင့် နေတိုးအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သားသေလင်ဆုံးခဲ့ရသဖြင့် တုံ့ပြန်နေခြင်းဟုသာ သူတို့က သဘောထားခဲ့ကြသည်။ 

အိုင်ရှားသည် အနောက်တိုင်းသူဆန်ဆန် ချောမောလှပသူတစ်ဦး ဖြစ်သည်။ ဘယ်ဒူအင်မျိုးနွယ် ဖခင်ဖြစ်သူ၏ သွေးပါလာသောကြောင့် အနောက်တိုင်း သူရှုံးလောက်သည်။ ရုရှားတွင် ကဒါဖီထက် သူ့သမီးဖြစ်သူ အိုင်ရှားကို ပိုပြီး စိတ်ဝင်စားကြသည်။ အိုင်ရှား အသက်က ယခုမှ ၄၀ စွန်းစွန်းရှိသေးသည်။ လစ်ဗျားနိုင်ငံ မကျဆုံးမီ ကတည်းက ကဒါဖီ၏ အရိုက်အရာကို ဆက်ခံမည့်သူမှာ သမီးအိုင်ရှား ဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့သည်။ သို့သော် မွတ်ဆလင် ရှေးရိုးအယူစွဲရှိသူများအတွက် သူမကို ခေါင်းဆောင်နေရာ ပေးရန် မဖြစ်နိုင်ဟု ယူဆနေသူများလည်း ရှိကြသည်။

သူ့ကို ဖခင်ဖြစ်သူ ကဒါဖီသည် သားသမီးများ အားလုံးထဲတွင် အချစ်ဆုံးဖြစ်သည်။ တစ်နည်းပြောရလျှင် ဖခင်လက်ထက် ကတည်းက စိတ်ကူးဖြင့် ထူထောင်ခဲ့သော လစ်ဗျား အာရပ်ဆိုရှယ်လစ် ဂျမားဟီရီယား အဖွဲ့အစည်းကြီးကို ပြန်လည်အသက်သွင်းနိုင်မည့်သူမှာ အိုင်ရှားကလွဲပြီး အခြားအစားထိုးစရာ မမြင်သလောက် ဖြစ်နေသည်။ 

၂၀၁၁ ခုနှစ်ကတည်းက အိုင်ရှား၏ ရုပ်ပုံများတွင် ပြောင်းလဲမှုများစွာကို တွေ့မြင်ကြရသည်။ ဥရောပနိုင်ငံများအတွင်း လှည့်လည်သွားနေသော သူ့ကို မွတ်ဆလင် အမျိုးသမီးများ ဦးခေါင်းပေါ်တွင် အမြတ်တနိုး လွှမ်းခြုံထားလေ့ရှိသော ဟီဂျပ်နှင့် ဖြစ်နေသည်ကို တွေ့ကြရသည်။ ရောက်သည့်နေရာတွင် လစ်ဗျားအပေါ် အနောက်အုပ်စု လွှမ်းမိုးမှုများကို ဆန့်ကျင်ပြောဆိုသည်။ 

အိုင်ရှားပြန်လာပြီဆိုသည့် သတင်းများ လစ်ဗျားနိုင်ငံအတွင်း ပျံ့နှံ့သွားသည်။ နေတိုးအဖွဲ့ကို ဆန့်ကျင်မည့်အပြင် အခြားသော လစ်ဗျား အကြမ်းဖက်အုပ်စုများကိုလည်း ဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ သူမအနေဖြင့် တန်ပြန်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားသလို လျှို့ဝှက်အစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သူမအနေဖြင့် လျှို့ဝှက်ဖွဲ့စည်းထားသော အစိုးရအဖွဲ့က ထုတ်ပြန်မည်ဖြစ်ကြောင်း၊ မိမိတို့ အဖွဲ့အစည်းအတွင်း၌ နာမည်ကြီးသည့် လစ်ဗျားနိုင်ငံမှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း၊ အများစုမှာ ဖခင်ဖြစ်သူ ကဒါဖီအပေါ်တွင် ယနေ့တိုင် သစ္စာရှိနေသူများ ဖြစ်ကြောင်း၊ ထိုသူများသည် လစ်ဗျားတွင် ရှိနေသလို နိုင်ငံခြားသို့လည်း ရောက်နေကြကြောင်း အိုင်ရှားက ပြောကြားသည်။ သူက လက်ရှိစစ်တပ် အပေါ်တွင်လည်း “မင်းမဲ့စရိုက် လွှမ်းမိုးနေသော အရူးများနှင့် ဖွဲ့စည်းထားသည့် အရူးတပ်” ဟု စွပ်စွဲပြောဆိုခဲ့သည်။ သူတို့သည် မည်သူ့မျက်နှာကိုမှ ကြည့်မည့်သူများ မဟုတ်၊ သူတို့ကို ပိုက်ဆံများများပေးသည့် သူများကို တိုက်ခိုက်ပေးမည် သူများဟုလည်း ပြောဆိုဝေဖန်ခဲ့သည်။

ထို့ပြင် လက်ရှိအစိုးရအ နေဖြင့် သူမဖခင် သုံးစွဲခဲ့သော ဂျမားဟီရီယား အစိမ်းရောင်အလံကို ဆက်လက်သုံးစွဲနေခြင်းအားလည်း ကန့်ကွက်ထားသည်။ လစ်ဗျားနိုင်ငံ စစ်တပ်အနေဖြင့် သူ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး ပေးပြီးနောက် သူမအား သစ္စာခံမှသာ ပြိုကွဲပျက်စီးနေသော လစ်ဗျားနိုင်ငံကြီးကို ပြန်လည်ထူထောင်နိုင်မည်ဟု ဆိုသည်။

“ကျွန်မ အမည်ဟာ တိုက်ပွဲကိုဆက်လက်ဖို့ တာဝန်တစ်ရပ် အနေနဲ့ ပေါ်ထွက်လာခဲ့တာပါ။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အတွက် ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်” ဟု သူက ဆိုလိုက်သည်။ နေတိုးအဖွဲ့၏ တိုက်ခိုက်မှုတွင် ခင်ပွန်းသည်နှင့် သားနှစ်ဦး ဆုံးရှုံးခဲ့ရပြီးနောက် ခံစားချက်အပြည့်နှင့် ရင်နင့်ဖွယ်ရာ ထုတ်ဖော်ပြောနေခြင်း ဖြစ်သည်။

ထို့ပြင် အိုင်ရှားက ၂၀၁၁ ခုနှစ်က သူမဖခင်ကို ဖြုတ်ချခဲ့သည့် အယ်လ်ကေဒါ အကြမ်းဖက်သမားများကိုလည်း သတိပေးလိုက်သည်။ သူက အယ်လ်ကေဒါအဖွဲ့က ပြိုကွဲသွားရုံမက ကမ္ဘာမြေပြင်ပေါ်ကပါ ပျောက်ကွယ်သွားစေရမည်ဟု ကတိပေးထားသည်။ အိုင်ရှားက လစ်ဗျားပြည်သူများသို့ ပေးသည့် စာတွင် -

“သူသေ ကိုယ်သေ တိုက်ခိုက်ဖို့ ကျွန်မတို့ အသင့်ဖြစ်နေပါပြီ” ဟု ရေးထားသည်။ သူမအနေဖြင့် စစ်မျက်နှာပြင် အသစ်ဖွင့်လှစ်လိုက်သည့် နိုင်ငံတစ်နိုင်ငံနှင့် အယ်လ်ကေဒါတို့ ရင်ဆိုင်ရတော့မည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ထိုစကားက စာ၏ နိဂုံးပိုင်းတွင် သူမက ရေးသားပြီး အခိုင်အမာ သစ္စာပြုထားခြင်း ဖြစ်သည်။

ယခုအခါ လစ်ဗျားနိုင်ငံတွင် အိုင်ရှားကဒါဖီ ရေးသားသည့် စာတွေက နေရာအနှံ့ ပျံ့နေပြီဖြစ်သည်။ စာတစ်စောင်သည် တော်လှန်ရေးကို ဖြစ်စေနိုင်သည်။ စာတစ်စောင်သည် တော်လှန်ပြုပြင်လိုသော သူများကို ခွန်အားဖြစ်သည်။ ကဒါဖီသမီးတော် အိုင်ရှားက လစ်ဗျားပြည်သူများကို ရေးသားလိုက်သည့် စာတစ်စောင်ကို သူ့ပြည်သူတွေက မည်သည့်အတိုင်းအတာအထိ လက်ခံ တုံ့ပြန်ထောက်ခံမည်ကို စောင့်ကြည့်ကြရပေမည်။

(Ref : Time, South Front, BBC News, Signs of the Times)

ကျော်ဗလ

  • TAGS