News

POST TYPE

FEATURE

ကာမန်း ဖရန်ကို ပိုလို (Carmen Franco Polo)
02-Feb-2017 tagged as အာဏာရှင်

၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စပိန်အာဏာရှင် ဖရန်ကို ကွယ်လွန်သွားခဲ့သည်။ သူ၏ မိသားစုအတွက် အာဏာစွန့်လွှတ်ခဲ့ရသည်မှာ အဓိက မဟုတ်တော့။ ပိုင်ဆိုင်သည့် ချမ်းသာမှုများ ဆုံးရှုံးရတော့မည်မှာ ပြဿနာ ဖြစ်နေသည်။ 

စပိန်တစ်နိုင်ငံလုံးတွင် ပြည်သူတို့ ပေါက်ကွဲနေကြသည်။ အထူးသဖြင့် အာဏာရှင်ကြီး သေဆုံးသွားသော်လည်း မိသားစုက ချုပ်ကိုင်ထားဆဲဖြစ်သည့် ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး ပြည်သူတို့ မကျေမနပ် ဖြစ်နေကြသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် တိုင်းပြည်ကို ၁၉၃၆ ခုနှစ်ခန့် ကတည်း စစ်အာဏာရှင်အသွင်ဖြင့် စိုးမိုးအုပ်ချုပ်ခဲ့ပြီး ၁၉၇၅ ခုနှစ် ကွယ်လွန်ပြီးချိန်တွင် တိုင်းပြည်၌ သူ၏ မိသားစုသည် အချမ်းသာဆုံး စာရင်းဝင် ဖြစ်နေခဲ့ရသည်မှာ ပြည်သူများအတွက် စိတ်ပျက်စရာလည်း ဖြစ်ခဲ့ရသည်။

ဖရန်ကို ကွယ်လွန်ပြီးချိန်တွင် သူအုပ်ချုပ်စိုးမိုးခဲ့ချိန်က ခေတ်ကောင်းခဲ့သော အသိုက်အဝန်း၊ ဆွေမျိုးနှင့် မိသားစု အားလုံးသည် အပယ်ခံများဘဝ ရောက်ခဲ့ကြရသည်။ စပိန်နိုင်ငံသည် ဖရန်ကို ကွယ်လွန်ပြီးသည့်နောက်တွင် ဒီမိုကရေစီဆိုသည့် စကားသံများ ခေတ်စားလာသည်။ သို့သော် အပယ်ခံတို့၏ အာဏာအရှိန်အဝါကို မဖယ်ရှားနိုင်ကြသေး။

နှစ်ပေါင်း ၃၀ ကျော် အာဏာရှင်ဘဝနှင့် စိုးမိုးအုပ်ချုပ်ခွင့် ရခဲ့သည့် ကာလများ၏ အရှိန်က မသေသေးပေ။ အာဏာရှင်၏ ကျန်ခဲ့သော မိသားစုက အရှိန်အဝါ ကောင်းနေဆဲ ဖြစ်သည်။။ တစ်နည်းအားဖြင့် ပြည်သူတွေက ဒီမိုကရေစီ တောင်းဆိုနေချိန်တွင် သူတို့က ဖရန်ကို ရှိစဉ်ကအတိုင်း ဥပဒေအထက်တွင် ရောက်နေသည့် အသွင် ဆောင်နေကြသည်။

ဖရန်ကို နောက်ဆက်ခံသူ အယ်လ်ကော်ဒီလိုက ပြည်သူများကို ယခင် ဖရန်ကို မိသားစု နေထိုင်ခဲ့သည့် စပိန်နိုင်ငံ အနောက်မြောက်ဘက်ရှိ နွေရာသီနန်းတော်ကြီး ဂလေစီယာအတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။ အလွန်ခမ်းနားစွာဖြင့် ၁၈၃၉ ခုနှစ်ကတည်းက တည်ဆောက်ထားသည့် ပါဇိုဒီမီးရပ်စ် ရဲတိုက်ကြီးကိုလည်း ဖရန်ကို အာဏာရသည့် ၁၉၃၉ ခုနှစ်ကတည်းက ပြည်တွင်းစစ်ပွဲ အပြီးတွင် အထိမ်းအမှတ် အနေနှင့် လက်ဆောင်အဖြစ် သူ့ကို ပေးအပ်ထားပြီး ဖြစ်သည်။ ဖရန်ကို၏ သမီးတော် ကာမန်းဖရန်ကို ပိုလိုက ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဂလေစီယာ ရဲတိုက်ကြီးကို သူမပိုင်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာပိုင်များက စပိန်ပြည်သူများအတွက် ရဲတိုက်ကြီးကို လေ့လာရန် ဖွင့်ပေးလိုသည်။ တိုင်းပြည်ကို နှစ်ပေါင်း ၃၀ ကျော် သံတိုင်များအတွင်းထည့်ပြီး အုပ်ချုပ်သွားသည့် သူတစ်ဦးသည် ၁၉၇၅ ခုနှစ် ကွယ်လွန်သွားချိန်အထိ မည်မျှ စည်းစိမ်ချမ်းသာနှင့်ကျနစွာ နေထိုင်သွားခဲ့ကြောင်း ဖော်ထုတ်ပြလိုသည်။ ထို့ကြောင့် ၁၅ ဧကအကျယ် မြေကွက်ကြီးထဲတွင် ရှိသည့် နန်းတော်ကြီးကို ပြင်ဆင်ထိန်းသိမ်းရန် ကြိုးစားကြသော်လည်း သမီးတော် ကာမန်းက နောက်ဆုံးအချိန်အထိ ဥပဒေအတွင်းက မိမိတို့ မိသားစု ပိုင်ဆိုင်ကြောင်း ခုခံကာကွယ် တိုက်ခိုက်သွား မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ 

သမီး ကာမန်းဖရန်ကိုသည် ကွယ်လွန်သူ ဖခင်အတွက် နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း အထိမ်းအမှတ်ပွဲများ နန်းတော်အတွင်း၌ ကျင်းပတတ်သည်။ တစ်နှစ်တွင် ဖခင်အတွက် ပွဲလုပ်ရန်အလာ ရှေ့နေများကတားသည်။ ဤနေရာသည် ပြည်သူပိုင်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သောကြောင့် မစ္စဖရန်ကိုအား ဝင်ရောက်ကျူးကျော်လျှင် ဖမ်းဆီးမည်ဆိုသည့် ဖမ်းဝရမ်းများကို ပြရသည်အထိ အခြေအနေတို့က ရှုပ်ထွေးသွားသည်။ 

ဖရန်ကို မိသားစုသည် ခေတ်အဆက်ဆက် ပြည်သူများကြောက်ရွံ့ခဲ့ရသူများ ဖြစ်သည်။ အကယ်၍ သူတို့သည် နန်းတော်ကြီးကို နိုင်ငံတော်အား လွှဲအပ်ခြင်း မပြုပါက ဒဏ်ငွေအဖြစ် စတာလင်ပေါင် ၄၁၀၀၀ ကို ပေးရမည့် သဘောလည်း ရှိနေသည်။ အာဏာပိုင်များက ဤရဲတိုက်ကြီးသည် စပိန်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပြီး အများပြည်သူ ပိုင်ဆိုင်သင့်ကြောင်း ထုတ်ပြန်ထားသည်။ 

၁၉၇၅ ခုနှစ်တွင် ဖရန်ကို ကွယ်လွန်သွားသော်လည်း ၁၉ ရာစုခေတ် လောက်ကတည်းက ပိုင်ဆိုင်ထားခဲ့သည့် နန်းတော်ကြီးများကို မိသားစုက ဆက်လက်အသုံးပြုနေကြသည်။ အထူးသဖြင့် သမီးတော် ကာမန်းနှင့် ဖရန်ကို၏ မြေးတော်များ၏ နန်းတော်များကို ဆက်လက်သိမ်းပိုက်ထားခဲ့ကြသည်။

တစ်တိုင်းပြည်လုံးက ဒီမိုကရေစီ ထွန်းကားရေးကို ပြန်လည်ဖော်ဆောင်နေကြချိန်တွင် ဖရန်ကို အာဏာရှင်ခေတ်က လူပေါင်း သုံးသိန်းကျော် သတ်ဖြတ်ခဲ့ခြင်းအပေါ် အစပြန်ဖော်ပြီး မိသားစုအပေါ် မုန်းတီးစိတ်များ ဝင်လာကြသည်။ ဖရန်ကို မိသားစုက တိုင်းပြည်မှ ခိုးယူထားသော ငွေစုစုပေါင်းမှာ စတာလင်ပေါင် ၂၄၄ သန်းခန့် ဖြစ်သည်။ ထိုငွေများကို ဖရန်ကို၏ ဇနီးနှင့် သမီးကာမင်းတို့က လက်ဝါးကြီးအုပ် သိမ်းပိုက်ထားသည်။ မှတ်တမ်းများ တိကျစွာ ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း နိုင်ငံတကာ ခန့်မှန်းချက်က ထိုမိသားစု ကြွယ်ဝချမ်းသာသည့် ပမာဏမှာ စတာလင်ပေါင် သန်း ၄၀၀ ကျော်နိုင်သည်ဟု ဆိုကြသည်။

သမီးတော် ကာမန်း ဆက်လက်သိမ်းပိုက်ထားသည်မှာ မက်ဒရစ်မြို့ပြင်ရှိ အကျယ်စတုရန်းမီတာ ၂၀၀၀ ပတ်လည်၌ တည်ဆောက်ထားသော ၁၈ ရာစုခေတ် ကော်နယ်ဒီရဲတိုက်ကြီးလည်း ပါဝင်သေးသည်။ ကာမန်း မိသားစုသည် ဖရန်ကို ရှိစဉ်ကတည်းက စပိန်နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ကန်ထရိုက်ရပြီး ထားစရာ မရှိအောင် ကြွယ်ဝချမ်းသာ နေကြသူများ ဖြစ်သည်။ 

ဖရန်ကို သေဆုံးပြီးနောက် နောက်တက်သည့် အစိုးရများသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည် ဆိုသော်လည်း ဖရန်ကို မိသားစုအား တို့ထိနိုင်ခြင်း မရှိခဲ့ကြပေ။ ကာမန်းတစ်ယောက် ဖခင်ကွယ်လွန်ပြီး အသက် ၈၃ နှစ် ရောက်သည့်တိုင်အောင် တစ်ထီးတစ်နန်းနှင့် စိုးမိုးနေထိုင်နိုင်ခြင်းကလည်း ထူးဆန်းသည်ဟု ဆိုရမည်သာ။

ကာမန်း ဖရန်ကိုသည် စပိန်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းစုကြီးနှင့် အိုးအိမ်လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ပြီး ဘုရင်မကြီးသဖွယ် စိုးမိုးချုပ်ကိုင်ထားနိုင်ခဲ့သည်။ မက်ဒရစ်တွင်ရှိသည့် ကိုယ်ပိုင်အိမ်ကို ရုံးခန်းများနှင့် ဖွဲ့စည်းထားပြီး ကုမ္ပဏီကြီးတစ်ခု ထူထောင်ထားသည်။ စပိန်နိုင်ငံ အတွင်းရှိ အိုးအိမ်အဆောက်အအုံများ၊ ကားရပ်နားခွင့်နေရာများ၊ ငွေကြေးလွှဲပြောင်းသည့် လုပ်ငန်းများ အားလုံးကို သူတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီများက ချုပ်ကိုင်ထားသည်။ တစ်နည်းပြောရလျှင် ဖရန်ကိုမိသားစု၏ အကြီးအကဲလို ဖြစ်နေသော သမီးတော် ကာမန်းနှင့် လွတ်သည့် လုပ်ငန်းမှာ စပိန်တွင် မရှိသလောက် ဖြစ်နေသည်။

နှစ်ပေါင်း ၃၆ နှစ်ကျော်ကြာ စပိန်နိုင်ငံတွင် လုပ်ငန်းပေါင်းစုံကို သိမ်းပိုက်ချုပ်ကိုင် လုပ်ဆောင်နိုင်ခဲ့သဖြင့် စီးပွားရေးလောကတွင် တိုင်ကွန်းသူဌေးကြီးများ ဘဝသို့ ရောက်ရှိကုန်ကြခြင်းလည်း ဖြစ်သည်။ ၂၀၀၃ ခုနှစ် ကတည်းက ဆောက်ခဲ့သည့် Learning by Doing အိမ်ရာစီမံကိန်းကြီး တစ်ခုလုံးကလည်း ဖရန်ကို မိသားစုပိုင် ဖြစ်သည်။ ထိုအဆောက်အအုံကြီးတစ်ခု လုံးကို လူနေဆောင်၊ ရုံးခန်း၊ ဆိုင်ခန်းများအဖြစ် ခွဲရောင်းပြီး ရသမျှ ဝင်ငွေအားလုံးကလည်း ကာမန်းတို့ မိသားစုထံ စီးဝင်သွားခဲ့ရသည်သာ ဖြစ်သည်။ သူမ၏ ဖခင် ဖရန်ကို ကိုယ်တိုင်က ၁၉၈၉ ခုနှစ်တွင် ထိုမြေကွက်ကြီးကို “တစ်နေ့မှာ နွားမကြီးက နို့မထွက်တော့တဲ့ အချိန်ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သမီးလေးက နွားကိုဖျက်ပြီး အမဲသားရောင်းဖို့” ဆိုကာ ပေးခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် စပိန်နိုင်ငံ၏ အာဏာရှင်လက်က လွတ်မြောက်သော ပထမနှစ်တွင် ကာမန်း၏ သားတော်လေး အဖမ်းခံလိုက်ရသည်။ ချီလီနိုင်ငံကို သွားရောက်ပြီး လာဘ်ပေးလာဘ်ယူ ကိစ္စများ သွားရောက်လုပ်ဆောင်မှုဖြင့် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ နောက်ထပ် သားတော်တစ်ယောက်ကလည်း လေဆိပ်တွင် ပြဿနာရှာသည်။ သားတော် ဂျိုဆေးက ဘရာဂျားစ်လေဆိပ်ကို ယူနီဖောင်းအတုဝတ်ပြီး ရွှေဒင်္ဂါးပြားများကို ယူဆောင်လာသည်။ ကာမန်းတစ်ယောက် လိုက်ရှင်းလိုက်ရပြန်သည်။ ထိုရွှေဒင်္ဂါးများကို သားတော်လေးက ဆွစ်ဘဏ်ကို ယူဆောင်ပြီး သွားအပ်ရန် ဖြစ်သည်။ ဒေါ်လာ ၆ ဒသမ ၈ သန်းကျော် တန်ဖိုး ရှိသည့် ရွှေဒင်္ဂါးပြားများကို မှောင်ခိုသယ်ထုတ်မှုဖြင့် တရားရုံးက ဒဏ်ရိုက်လိုက်သည်။

ကာမန်း၏ အကြီးဆုံး သမီးကလည်း စပိန်ကျော် ဖြစ်သည်။ မီဒီယာ မဂ္ဂဇင်းပေါင်းစုံတွင် သူ့ပုံတွေ အမြဲတွေ့ရသည်။ ပထမအိမ်ထောင်နှင့် ကလေးနှစ်ယောက်ကို ထားခဲ့ပြီး ဒုတိယယောက်ျားရှိရာ ပြင်သစ်နိုင်ငံသား ရော်စီထံ လိုက်သွားသည်။ ရော်စီနှင့် ကလေးတစ်ဦး ထပ်ရသည်။ နောက်ထပ် စပိန်တစ်ယောက်နှင့် ထပ်ပြီး အိမ်ထောင်ပြုပြန်သည်။ သူ့ဘဝ သူ့အကြောင်းများကို မီဒီယာများကို ကြေးကြီးကြီးနှင့် ရောင်းချပြီး ရပ်တည်နေခဲ့သည်။ 

ဂျာနယ်လစ်တစ်ဦးဖြစ်သူ မာရီယာနိုသည် ဖရန်ကို မိသားစုနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ သူမက ဖရန်ကို မိသားစုအကြောင်းကို စာအုပ်တစ်အုပ် ရေးဖူးသည်။ သူက ဖရန်ကို မိသားစု ပိုင်ဆိုင်မှု ငွေကြေးပမာဏမှာ ပီဆို သန်း ၁၀၀၀ ခန့် ရှိသည်ဟု ဆိုထားသည်။ သူထုတ်ဖော်ရေးသားချိန်မှာ ၁၉၇၅ ခုနှစ် အာဏာရှင် ဖရန်ကို ကွယ်လွန်ချိန်က ဖြစ်သည်။ ဖရန်ကို ကွယ်လွန်စဉ်က ပီဆို ဘီလီယံ ၆၀ မှ ၁၀၀ ဘီလီယံ အတွင်း ထားခဲ့လိမ့်မည်ဟုလည်း ယူဆနေကြသည်။ အမေရိကန်ဒေါ်လာဖြင့် တွက်လျှင် ဒေါ်လာ သန်း ၅၀၀ မှ သန်း ၈၀၀ ခန့်ဖြစ်သည်။ ထိုပိုင်ဆိုင်မှုများတွင် နန်းတော်များ၊ ရဲတိုက်ကြီးများနှင့် သမီးတော်ကာမန်း၏ ဆောက်လုပ်ရေး လုပ်ငန်းကြီးများ မပါသေးပေ။ 

အကျယ်အဝန်း ၂၀၀၀၀ မီတာ ပတ်လည် အကျယ်ရှိသည့် အယ်လ်ကန်တို ဒယ်လ် ပီကိုနန်းတော်သည် မက်ဒရစ်တွင် ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ် ဖြစ်သည်။ ထိုနန်းတော်ကြီးကို ကာမန်းသည် ၁၉၈၈ ခုနှစ် ကတည်းက ပီဆို သန်း ၃၂၀  (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်း) ဖြင့် ရောင်းချထားခဲ့ပြီး ဖြစ်သည်။

၁၈ ရာစုနှစ်က တည်ဆောက်ထားသည့် ကော်နီ ဒီနန်းတော်ကြီးမှာ မိသားစုပိုင်အဖြစ် သတ်မှတ်ထားသည်။ ၁၉၆၂ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနက ထိုနန်းတော်ကြီးကို ဝယ်လိုက်သည် ဆိုသော သတင်းများ ထွက်လာ သည်။ ထိုနန်းတော်ကြီးကိုလည်း ဖရန်ကိုက သူ့ဇနီးအမည်ဖြင့် မှတ်ပုံတင်ပေးခဲ့သည်။

တိုင်းပြည်မှ ဘဏ္ဍာများကို စိတ်ကြိုက်ယူ၊ အဆောက်အအုံများကို လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်နေသည့် မိသားစုသည် ဖရန် ကွယ်လွန်ပြီးနောက် ပင်စင်ငွေအဖြစ် တစ်နှစ်လျှင် ပီဆို ၁၂ ဒသမ ၅ သန်း (ဒေါ်လာတစ်သိန်း) ကို ခံစားကြသေးသည်။ ၁၉၈၈ ခုနှစ်တွင် ဖရန်ကို၏ ဇနီးဖြစ်သူ ကွယ်လွန်သွားချိန်အထိ သူတို့ပင်စင်ငွေများကို ထုတ်ယူသုံးစွဲနေခြင်း ဖြစ်သည်။

စာရေးဆရာမ မာရီယာနို ရေးသားသည့် Los Franco S.A. ဆိုသည့် စာအုပ်ထဲတွင် ကာမန်း ဆက်ခံထားသည့် ကုမ္ပဏီပေါင်းမှာ ၁၅၀ ကျော် ရှိသည်ဟု ဆိုထားသည်။ သူတို့မိသားစု ပိုင်ဆိုင်သမျှ ငွေကြေးများကို ဆွစ်ဇာလန်၊ ဖိလစ်ပိုင်နှင့် မီယာမီတို့တွင် ခွဲပြီး အပ်နှံထားသည်။ ၁၉၇၈ ခုနှစ်က ကာမန်းတစ်ယောက် ဆွစ်ဇာလန်သို့ ခရီးထွက်သည်။ စပိန်နိုင်ငံ မက်ဒရစ် လေဆိပ်တွင် ရှာဖွေရေး ကိရိယာရှေ့က ဖြတ်စဉ် အသံတွေ ပေါ်ထွက် လာသည်။ သူမ၏ အိတ်ထဲတွင် အဖိုးတန် ကျောက်မျက်ရတနာပေါင်း များစွာ ရှာဖွေတွေ့ရှိခဲ့ရသည်။ 

ယနေ့ခေတ် စပိန်နိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပြောင်းလဲနေပြီ ဆိုသော်လည်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ စပိန်နိုင်ငံတွင် စိုးမိုးနေဆဲဖြစ်သော အရိပ်မည်းကြီးကလည်း မပျောက်သေး။ ပြည်သူတွေကလည်း စိတ်ပျက်စွာဖြင့် အာဏာရှင် မိသားစုကို စောင့်ကြည့်နေကြသည်။ အသက် ၈၀ ကျော် ၉၀ နီးနေသည့် ဖရန်ကို၏ သမီးတော် ကာမန်း ဖရန်ကို ပိုလို၏ ငွေဂုဏ်နှင့် အာဏာဂုဏ်တို့က စပိန်ကို မည်မျှစိုးမိုးနိုင်မည်နည်း။

(Ref: Elpais; World Socialist Web Site; The Independent; The Telegraph)

ကျော်ဗလ