News

POST TYPE

FEATURE

ယုံကြည်မှုများကို ချိတ်ဆွဲထားသူ
29-Jan-2017 tagged as


အစိုးရရုံးဌာနပေါင်းစုံ ကြီးစိုးရာလမ်း။ လမ်းတစ်လျှောက် အရိပ်ရ ကုက္ကိုပင်ကြီးများ တန်းစီနေသည့်လမ်း။ ထိုလမ်းမှာ အင်္ဂလိပ်ခေတ်အမည်က ရှပ်ဇရပ်ဇ်လမ်းဖြစ်ပြီး ယခုအခေါ်က ဘဏ်လမ်း။ ရုံးပိတ်ရက်တွင် သက်မဲ့ခြောက်သွေ့နေပြီး ရုံးဖွင့်ရက်တွင်မူ သူ မတူအောင် စည်ကားရှုပ်ထွေး ပွေလီနေသည်။

ကားတစ်စီးစာသာ သွားနိုင်သော ထိုလမ်းတွင် အဖြူရောင် အင်္ကျီလည်ကတုံး လက်ရှည်၊ ပုဆိုးအကွက် ဝတ်ဆင်ကာ  ဦးထုပ်အဝိုင်း ဆောင်းထားသူတစ်ဦး အလုပ် များလျက်ရှိသည်။ ဟွန်းသံ တတီတီပေး ကားရပ်နားရန် နေရာရှာရင်း စောင့်ဆိုင်းနေကြသော ကားရောင်စုံ သီတတန်းကို ထိုသူက မော်တော်ယာဉ်ထိန်းသဖွယ် ဝီစီမှုတ်ကာ လက်ဟန်ပြပြီး ကားများကို နေရာ အရွှေ့အပြောင်း လုပ်နေသည်။ သူ၏ ထူးခြားသော သွင်ပြင် အမှတ် လက္ခဏာမှာ ခါးပတ်ပတ်လည်တွင် ကားသော့များအပြည့် ထိုးချိတ်ထားခြင်းပင်။

သူ့အမည်က ဦးလှဝင်း ဖြစ်သော်လည်း ဘဏ်လမ်း၌မူ ကိုကွက်တိဟု ခေါ်ဝေါ် အမည်တွင်သည်။ သူသည် ကားပါကင် ထိုးရာတွင် ကျွမ်းကျင်သူ၊ ကားတစ်စီးနှင့် တစ်စီးကြား တစ်ပေကွာဟစေရန် တိကျစွာ တစ်နည်းအားဖြင့် ကွက်တိကျကျ ပါကင်ထိုးနိုင်သူအဖြစ် တွင်လာသောအမည်။  သူအထိုင်ချရာ နေရာတွင် ခုံတစ်လုံး၌ ဗင်နိုင်းဖြင့် စာလုံးရိုက် ချိတ်ဆွဲထားသည့် အမည်က ...

“ကွက်တိ (ဒါပဲလေ)”

တိကျမှုနှင့် ပိုင်နိုင်မှုကို ဖော်ပြနေသည့် အမည်ပင်။

ဦးလှဝင်း (ခေါ်) ကိုကွက်တိ (ဒါပဲလေ) သည် ရန်ကုန်မြို့လယ်ကောင်တွင် ခက်ခဲနေသော ကားပါကင် ပြဿနာကို နည်းလမ်း တစ်ဖုံဖြင့် ဖြေရှင်းပေးနေသူ ဖြစ်သည်။

အရှည်ပေ တစ်ထောင်ကျော်ရှိသော ဘဏ်လမ်းတွင် သူ့ပိုင်နက်က ဆူးလေဘုရား လမ်းထောင့်မှ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) အထိ အပိုင်း ဖြစ်သည်။ ကားပါကင် အလုပ်ကို ဆယ့်ငါးနှစ်ကျော်ကြာ လုပ်ကိုင်လာခဲ့သူဖြစ်ပြီး ကိုယ်တိုင် ကားပါကင်ထိုးရာတွင်ပါ ကျွမ်းကျင်လာသူ ဖြစ်သည်။

အဆိုပါ လမ်းပတ်ပတ်လည် အနီးတွင်ရှိသော အစိုးရရုံးများကို အရေးကိစ္စမျိုးစုံဖြင့် လာသူများသည် ယင်းနေရာအရောက်တွင် ကိုကွတ်တိထံ သော့တန်းလန်းနှင့် ကားကို ရပ်ပေးခဲ့ရုံပင်။ ထို့နောက် သူက ကားပါကင် ကိုယ်တိုင် ထိုးပေးသည်။ ညစ်ပတ်နေသည့် ကားများကို ရေဆေးပေးလေ့ ရှိသည်ဟုလည်း ကိုကွက်တိက ဆိုသည်။

“သော့ပေးထားလို့ ကားမောင်း ပြေးသွားမှာလည်း မစိုးရိမ်ဘူး၊ သူ့ကို သိနေလို့၊ ယုံကြည်နေလို့”ဟု ဆိုသူမှာ ဘဏ်လမ်းရှိ လှိုင် Law Farm မှ ဦးခွန်ကျော်မြင့် ဖြစ်သည်။

အလုပ်ကိစ္စအတွက် အချိန် အတိမ်းအစောင်း မခံနိုင်သဖြင့် ကားပါကင်အတွက် နေရာရှာရန် မဖြစ်နိုင်ရာ ကားပါကင်ထိုးသည့် ကိုကွက်တိထံ ကားသော့ ပေးထားပြီး ရသည့်နေရာတွင် ရသလို ပြောင်းရွှေ့ ရပ်နားစေနိုင်သည်ဟု ၎င်းက ဆက်လက် ပြောပြသည်။

အချိန်က အရေးကြီးသလို ကား ပါကင်ထိုးရန် နေရာ လိုက်ရှာရေး ခက်ခဲသည့်အတွက်လည်း ယင်းကဲ့သို့ ကားသော့ ပေးထားပြီး အပ်နှံထားခြင်းက ပိုအဆင်ပြေသည်။ ယင်းအပြင် ည မည်သည့်အချိန် အထိဖြစ်စေ စောင့်ဆိုင်းပေးကြောင်းလည်း ၎င်းကဆိုသည်။

ယခင်က ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ပြီး ဈေးရောင်းသည့်အလုပ်ကို လုပ်ကိုင်ခဲ့သည့် ကိုကွက်တိက ယင်းနောက်ပိုင်း မိတ်ဆွေတစ်ဦးက မဟာဗန္ဓုလ ပန်းခြံထောင့်ရှိ ကားပါကင်တွင် ပိုက်ဆံကောက်ရန် ကမ်းလှမ်းလာသည့် အချိန်မှစပြီး အဆိုပါ ကားပါကင် လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၁၅ နှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာတွင် တစ်နှစ်ဝန်းကျင်ခန့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လစာ တစ်လ ၃၀ဝ ကျပ် ဝန်းကျင် ရရှိခဲ့သည်။

ယင်းမှ တစ်နှစ်အကြာ၊ မိမိ ဘာသာရပ်တည် လုပ်ကိုင်နိုင်ရေးအတွက် ဘဏ်လမ်းကားပါကင်နေရာကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကန်ထရိုက်ဆွဲသူမှ တစ်ဆင့်ပြန်ဆွဲရာ တစ်ရက်လျှင် ၈၀ဝ ကျပ်ပေးခဲ့ရပြီး ထိုစဉ်က တစ်ရက်လျှင် ကားပါကင်မှ ဝင်ငွေ ၁၅၀ဝ ကျပ်ရကြောင်း ဦးလှဝင်း (ခ) ကိုကွက်တိက ဆိုသည်။

လူဦးရေ သိပ်သည်းလာသည့်မြို့လယ်ကောင်တွင် ကားများ ပြည့်ကျပ်လာသည်။ ကားပါကင်အတွက် နေရာလည်း လိုအပ်လာပြီဖြစ်သည်။ ကားတင်သွင်းမှု မူဝါဒ ပြောင်းလိုက်သည့် ၂၀၁၀ ပြည့်နှစ် အလွန်ကစ၍ ကားတင်သွင်းမှု ပိုမိုများပြားလာသည်။ ရန်ကုန်မြို့တော်တွင် ကားပါကင် နေရာအတွက်မူ အဆင်သင့် ဖြစ်မနေခဲ့ပါ။

ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တွင်း လမ်းများကိုချဲ့ကာ ကားပါကင်နေရာအဖြစ် ပြုလုပ်ခဲ့သည်။ ထို့နောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကားပါကင် လေလံစနစ်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ရပ်နားလိုက်သည်။ ရန်ကုန်မြို့တွင်း နှစ်သက်သည့် နေရာတွင် ပါကင်ထိုး၍ရပြီး အခကြေးငွေ ပေးစရာ မလိုတော့ချေ။

မည်သို့ပင်ဖြစ်စေ ကားပါကင် အလုပ်ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ လုပ်လာသည့်အတွက် အဆိုပါလုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်လိုခဲ့သဖြင့် ဘဏ်လမ်းတွင်ပင် ဆက်လက် လုပ်ကိုင်နေခြင်းဖြစ်သည်။

သို့ရာတွင် သူ ပြောင်းလဲမှု တစ်ခုကို လုပ်ခဲ့သည်။ ပြောင်းလဲလိုက်သည့် အခြေအနေအပေါ် လိုက်လျောညီထွေဖြစ်မည့် ပညာကို သူဆက်လက် သင်ကြားသည်။ ထိုအရာကား ကားမောင်းသင်ခြင်းပင်ဖြစ်သည်။ မြင်ဆရာ၊ ကြားဆရာနှင့် သင်ဆရာများဖြင့် ကားမာင်း သင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ယုံကြည်လို့ ကျွန်တော့်ကို ကားသော့ အပ်သူတွေတွေ ရှိတယ်။ လိုအပ်ရင် ကျွန်တော် ရွှေ့ပေးနိုင်ဖို့အတွက် ကားမောင်း သင်လိုက်တာ ခဏလေး တတ်တယ်”ဟု ကိုကွက်တိက ဆိုသည်။

သို့သော်လည်း သူ့တွင် သင်မောင်း ယာဉ်လိုင်စင်သာ ရှိသေးသည်။ လိုင်စင် သွားဖြေရန် ပြင်ဆင်နေချိန် ၂ နှစ်ကြာပြီ ဖြစ်သော်လည်း လိုင်စင်ရုံးကို မရောက်သေးကြောင်း သူက ဆိုသည်။ ယာဉ်မောင်း လိုင်စင်ကို ရုံးဖွင့်ရက်များတွင်သာ ဖြေဆို ခွင့်ရှိရာ ယင်းကဲ့သို့ သွားဖြေပါက ဘဏ်လမ်း၌ ပါကင်ထိုးမည့် ကားကိုရှင်း၍ ရမည် မဟုတ်ဟု သူက ဆိုသည်။

ကိုကွတ်တိ ကားမောင်းတတ်ပြီး နောက်ပိုင်း သူ့ခါးတွင် ကားသော့ တစ်ချောင်း၊ နှစ်ချောင်း တွေ့သည်မှစကာ ကားသော့ ၁၀ဝ ခန့်အထိ သူ့ထံရောက်လာခြင်းဖြစ်သည်။ ထိုကားသော့များကို တစ်ချောင်း နှစ်ချောင်းကနေစကာ နေ့စဉ် သော့အချောင်း ၆၀ မှ ၁၀ဝ ကြား ထိန်းသိမ်းထားပြီး ကားများကို လိုအပ်သလို နေရာ အရွှေ့အပြောင်းများ ပြုလုပ်ပေးနေရသည်။

တကယ်တော့ သူ့ခါးကြားမှ ကားသော့များသည် ကားသော့မျှသာမဟုတ် ... ယုံကြည်မှုများလည်း ဖြစ်သည်။

သူ့ထံ အပ်နှံထားသော ယုံကြည်မှုများပင်ဖြစ်သည်။

“ယုံကြည်မှုနှင့် အလုပ် လုပ်တယ်။ မခိုးဘူး။ မဝှက်ဘူး။ ကျွန်တော် အတန်းပညာ လေးတန်းပဲ အောင်ပေမယ့် ကျွန်တော့်မိဘတွေ သင်ထားတာ။ ကျွန်တော် ငါးပါး သီလမြဲတယ်။ အခုတစ်ခုခုဖြစ်ရင် ကျွန်တော် သစ္စာဆိုရဲတယ်”ဟု ကိုကွက်တိက ဆိုသည်။

ကားပါကင်တွင် စနစ်တကျ ဖြစ်စေရန် ကားသော့အပ်ခဲ့သည့်ကားများကို လိုအပ်သလို နေရာရွှေ့ကာ စနစ်တကျ ဖြစ်အောင် ရွှေ့ပြောင်း နေရာချပေးသည်။

“ကျွန်မ သူ့ကိုသော့ပေးထားတာ ၂ နှစ်လောက်ရှိပြီ။ သူက တကယ် ယုံကြည် စိတ်ချရတယ်။ ဖုန်းနံပါတ် ထားခဲ့ရင်တော့ ရပါတယ်။ ကျွန်မတို့ အလုပ်များတော့ ခဏခဏ ကားမရွှေ့ပေးနိုင်ဘူး”ဟု အကောက်ခွန်ရုံးကို လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် အမြဲလာရလေ့ရှိသူ ဒေါ်မိုးမိုးက ဆိုသည်။

“မှတ်မှတ်ရရ ကားသော့တစ်ခါ ပြုတ်ကျလို့ ပိုက်ဆံ တစ်သိန်းခွဲ လျော်ပေးလိုက်ရတယ်။ နောက်တော့ ကားတစ်စီး အောက်ကနေ ပျောက်တဲ့ ကားသော့ကို ရှာတွေ့တယ်”ဟု ကိုကွတ်တိက ဆိုသည်။

အဆိုပါ ဘဏ်လမ်းပတ်ပတ်လည်တွင် မြန်မာ့စီးပွားရေးဘဏ်၊ တရားရုံး၊ အကောက်ခွန်ရုံးများ ရှိသည်။ ထိုအထဲတွင် အကောက်ခွန်ရုံးကို လာသည့်ကားများက အများဆုံး ဖြစ်သည်။ ယင်းကြောင့် ထိုရုံးကို လာမည့်သူများက ကိုကွတ်တိထံ ဖုန်းကြိုဆက်ကာ ကားပါကင်နေရာ ချန်ထားခိုင်းမှုများ ရှိလာသည်။

“ကျွန်တော်က ယုံကြည်မှုနဲ့ အလုပ် လုပ်တာ။ ကားသော့ ပေးထားလို့ ကားထဲက ပစ္စည်းတစ်ခုမှ မပျောက်စေရဘူး။ အကျင့်စာရိတ္တနဲ့ အလုပ်လုပ်တာ”ဟု ကိုကွက်တိက အခိုင်အမာ ဆိုသည်။

ကားပါ ကင်ထိုးပေးခများကို တရားဝင် တောင်းခွင့် မရှိသည့်အချိန်တွင် မေတ္တာဖြင့်ပေးသည့် ပိုက်ဆံကိုသာ ယူသည်။ ပေးသလောက် ပိုက်ဆံကိုယူသည်။ နည်းသည်၊ များသည် စိတ်ထဲမထား။ သူ ကျွမ်းကျင်ရာကို ပိုင်နိုင်စွာ လုပ်ဆောင်သည်။ လိုအပ်သည်ကိုလည်း ဖြည့်ဆည်း ဦးမည့်အကြောင်း ယခုလို ဆိုသည်။

“ကားတွေ မောင်းပြီး နေရာရွှေ့ပေးနေပေမယ့် ကျွန်တော့်မှာ သင်မောင်းယာဉ် လိုင်စင်ပဲ ရှိသေးတယ်။ ကျွန်တော်လိုင်စင် သွားဖြေမလို့ လုပ်နေတာ ၂ နှစ်ရှိပြီ၊ လိုင်စင်ရုံးကို မရောက်သေးဘူး။ ကျွန်တော် သွားတော့ဖြေမှာပါ”

ကျွမ်းကျင်ရာကို အမှီပြုပြီး အမည်တွင်လာသူ ကိုကွက်တိသည် ကားသော့ပေါင်း များစွာကို ချိတ်ဆွဲလျက် ဆက်လက်၍လည်း ကျွမ်းကျင်ရာကို လုပ်ဆောင်နေဦးမည်။

ထိုချိတ်ဆွဲထားသော ကားသော့များသည် တစ်နည်းအားဖြင့် ယုံကြည်မှုများလည်း ဖြစ်သည်။

ခိုင်ခိုင်

  • TAGS