News

POST TYPE

FEATURE

တစ်ခန်းရပ် ဗူးဒူးဇာတ်လမ်း
29-Jan-2017 tagged as


“သင်တန်းပိတ်သွားလည်း ပညာကို ရအောင်သင်မှာ”

သူတို့မှာ ထိုအခန်းတွင် ဖွင့်လှစ်ခဲ့သော သင်တန်း၏ဆရာကို စောင့်ဆိုင်းနေသူများဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လူမှုကွန်ရက်တွင် လူပြောများလှသည့် အခြေခံအဆင့် အရှေ့တိုင်း၊ အနောက်တိုင်း ဗူးဒူးပညာကို သင်ကြားသည်ဆိုသော အင်းစိန်မြို့နယ် ပေါက်တောဝအနီး ဖန်ချက်စက် လမ်းအတွင်းရှိ မုဒိတာ အိမ်ရာ (၂) ၏ တိုက်ခန်း တစ်ခန်းရှေ့တွင်  သင်တန်းသားအချို့ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အချို့က လူငယ်အချို့က လူလတ်။ လူကြီးပိုင်း တစ်ယောက်စ နှစ်ယောက်စပင် တွေ့ရသည်။

ပတ်ဝန်းကျင်ရှိ နေအိမ်တိုက်ခန်းများမှ လူအချို့ကလည်း စူးစမ်းလိုဟန်နှင့် ခပ်လှမ်းလှမ်းမှ ကွက်ကြည့်ကွက်ကြည့်။ ထိုနေ့က သင်တန်းဆရာကို ရဲခေါ်သွားသည်ဟု သိနေသည့်တိုင် သင်တန်းသားအချို့မှာ ညနေ ၄ နာရီခန့်အထိ မပြန်သေး။ တက်ကြွစွာ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

သင်တန်းဆရာများကို ခေါ်ယူမေးမြန်း စစ်ဆေးခြင်းဟု ဆိုသော်လည်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာပင် Wizadry School of Myanmar ဟု အမည် ပေးထားသည့် အခြေခံအဆင့် အရှေ့တိုင်း အနောက်တိုင်း ဗူးဒူးပညာ သင်တန်းကို ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမင်းသိန်းက ပြောကြားသည်။

“အောက်လမ်းပညာနဲ့ ပြုစားတာတို့၊ အင်းတိုက်၊ စုန်းတိုက်၊ ကဝေတိုက်တွေဆိုတာ မကောင်းဘူးလေ။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း လက်မခံဘူး။ အခု အများပြည်သူ အထိတ်တလန့် ဖြစ်စေမှုနဲ့ ခြေချုပ်ထားတယ်”ဟု ရဲမှူးမင်းသိန်းက ပြောကြားသည်။

အရှေ့တိုင်း၊ အနောက်တိုင်း ဗူးဒူးပညာရပ်ကို အခကြေးငွေဖြင့် သင်တန်းဖွင့် သင်ကြားမည့်အကြောင်းကို ဒီဇင်ဘာလ  ၂၇ ရက်နေ့က လင်းညှို့တာရာ အကောင့်မှ လူမှုကွန်ရက် ဖေ့စ်ဘွခ်တွင် စတင်ဖြန့်ဝေခဲ့သည်။ စတင်ဖြန့်ဝေသည့်နေ့မှစ၍ လူမှုကွန်ရက်တွင် စိတ်ဝင်စားမှု တစ်ရှိန်ထိုး မြင့်တက်ခဲ့သည်။ ယခင်က အချို့အတွက် ကြားဖူးနားဝသာရှိရုံ၊ အချို့အတွက် စိတ်ဝင်စားဖွယ် မရှိသော ပညာရပ်မှာ လူမှုကွန်ရက်ပေါ်တွင် ပေါ်ပေါ်ထင်ထင် ကြော်ငြာလျက် သင်တန်းကျောင်းအဖြစ်နှင့်ပင် ပေါ်ပေါက်လာခြင်းပင်။

အဆိုပါ သင်တန်းကျောင်း ကြော်ငြာကို တစ်ဆင့် ဖြန့်ဝေသည့် စာမျက်နှာအောက်တွင် သင်တန်းတက်မည်၊ သင်တန်း တက်ချင်သည်ဟု ဆိုသည့် မှတ်ချက်များ တွေ့ရသလို မကောင်းသည့် ပညာရပ်ကို သင်ပေးသည့်သင်တန်းအဖြစ် မှတ်ချက်ပြုသူများကလည်း အများအပြား။

ထို့နောက်တွင် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၃ နာရီမှ စတင် သင်ကြားခဲ့သည်။ စတင်ဖွင့်လှစ်မည်ဟု သတင်း ထွက်ပေါ်သည်မှ သင်တန်း ချိတ်ပိတ်ခံလိုက်ရသည့် အချိန်သည် ရက်သတ္တပတ် နှစ်ပတ်ကျော်သာ ကြာမြင့်ခဲ့ သည်။

အွန်လိုင်းပေါ်တွင် အကောင်းအဆိုး အမြင် နှစ်ခု ဒွန်တွဲ၍ စိတ်ဝင်စားမှုများ ရှိခဲ့သော ယင်းသင်တန်းကျောင်း ဖွင့်လှစ်ခြင်းကို ပတ်ဝန်းကျင်တွင် နေထိုင်သူများက မလိုလားကြ။ နေဝင်မိုးချုပ်အချိန်တွင် ခေါစာပစ်ခြင်း၊ နာနာဘဝများ အစာချခြင်း၊ မီးထွန်းခြင်းတို့ကို ပြုလုပ်သည့်အတွက်  ကြောက်ရွံ့မှုများ ရှိလာခဲ့ကြသည်။

“ပတ်ဝန်းကျင်ကို ရှုပ်ရှုပ်ယှက်ယှက်တွေ သိပ်ကြိုက်ပုံမရဘူး”ဟု ထိုနေရာသို့ အရောက် ပို့ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူက မှတ်ချက်ပြုခဲ့သေးသည်။

လူအများ ကြောက်ရွံ့သည်ကလည်း မလွန်ပေ။ ထိုပညာရပ်ကို အောက်လမ်းပညာရပ်အဖြစ် လူသိများကြသည်။ သူတစ်ပါးကို မကောင်းကြံစည်ခြင်း၊ ဒုက္ခ ရောက်စေခြင်းတို့ကြောင့် ဖြစ်သည်။

ဗူးဒူးဟုခေါ်သော ပြုစားခြင်း အောက်လမ်းပညာများသည် မြန်မာနိုင်ငံ၌ နှစ်ပရိစ္ဆေဒ များစွာကတည်းကပင် ရှိခဲ့သည်။ သို့သော် လူပတ်ဝန်းကျင်တွင် ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ။ ယခုကဲ့သို့ လူသိထင်ရှား အလင်းရောင်ထဲထွက်ကာ သင်တန်းသားအဖြစ် လက်ခံ သင်ကြားပေးခြင်းသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

“သင်တန်းအနေနဲ့ လက်ခံသင်ပေးတာတော့ ဒါပထမဆုံးပဲ။ အရင်ကတော့  အွန်လိုင်းကနေ အချင်းချင်း သင်ပေးတာ ရှိတယ်။ အလျဉ်းသင့်သလို အခန်းငှားပြီး တစ်ယောက်စနှစ်ယောက်စ သင်ပေးတာလည်း ရှိတယ်”ဟု Wizadry School of Myanmar ၏ သင်တန်းဆရာ တစ်ဦးဖြစ်သူ လင်းညှို့တာရာက သင်တန်းချိတ်ပိတ်မခံရမီက ပြောကြားသည်။

အွန်လိုင်း စာမျက်နှာကနေတစ်ဆင့် လေးနှစ်ကြာ ပညာမျှဝေပေးခဲ့ပြီး ထိုကာလအတွင်း အခွင့်အရေး ပေးသည့်အခါတိုင်း ပြင်ပတွင် အခန်းငှားကာ ပညာ လက်ဆင့်ကမ်းပေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

Wizadry School of Myanmar ကို မူလ သင်တန်းသားဟောင်းများအတွက် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ် သင်တန်းအဖြစ် ခေါ်ယူသည့်အခါ လူငယ် အများအပြား လာရောက်ခဲ့ကြသည်။ 

သင်တန်းတွင် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်နှင့် အနောက်တိုင်း  ဗူးဒူးပညာရပ် နှစ်မျိုးကို သင်ကြားပေးသည်။ အရှေ့တိုင်း ရုပ်သွင်းနာမ်ထား ပညာရပ်တွင် ရုပ်သွင်းနာမ်သွင်းပညာ၊ မြန်မာ့ရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာအချို့၊ မြန်မာ့အရုပ်ပညာ၊ အရုပ်အပ်စိုက်ပညာ၊  နာမ်သွင်း ဆေးအတတ်ပညာ၊ နာနာရုပ် အတတ်ပညာ၊ သပြေချိုး အပင်ခုတ်ပညာ၊ အကာကွယ်ပညာ၊ ပြုစားခြင်း အတတ်ပညာ စသော ပညာရပ်များ ပါဝင်သည်။ အရှေ့တိုင်း ရုပ်သွင်းနာမ်ထား ပညာရပ်ကို ဆရာ လပြည့်ဝန်း ဆိုသူက တာဝန်ယူ သင်ကြားပေးသည်။

အလားတူ အနောက်တိုင်းဗူးဒူး ပညာရပ်တွင် ရိုးရာအာဖရိကန် ဗူးဒူးသမိုင်းကြောင်း၊ ဗူးဒူးဆိုင်ရာ စိတ်ပညာ၊ ဗူးဒူးဆိုင်ရာ ဖယောင်းတိုင် မှော်ပညာ၊ ဗူးဒူးဆိုင်ရာ မန္တန်အတတ်ပညာ၊ ဗူးဒူးဆိုင်ရာ အင်းစမအတတ်ပညာ၊ ဗူးဒူးဆိုင်ရာ အတိုက်အခိုက် အနက်ရောင် မှော်ပညာ၊ ဗူဒူးဆိုင်ရာ ရုက္ခအပင် မှော်ပညာ၊ ဗူးဒူးဆိုင်ရာ ဝိညာဉ်လောက နာမ်ပညာ၊ ဗူးဒူးဆိုင်ရာ အနာဂတ်ဟောပညာ၊ ဗူးဒူးဆိုင်ရာ အဆောင်ပြုလုပ်ခြင်း အတတ်ပညာတို့ကို သင်တန်းဆရာ လင်းညှို့တာရာက သင်ကြားပေးသည်။

ပညာရပ် နှစ်ခုလုံးမှာမူ အောက်လမ်း ပညာများပင် ဖြစ်သည်။

ရှေးအစဉ်အဆက်က ရှိလာသော ပညာရပ်များ ဖြစ်သည့်တိုင် မြန်မာ့လူမှုဝန်းကျင်က လက်ခံရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်မျှ လက်သင့်မခံကြ၊ သို့သော် ထိုပညာရပ်ကို ယုံယုံကြည်ကြည်ဖြင့် အသုံးချနေသည့် သူများကလည်း ရှိနေဆဲဖြစ်သည်။

အချို့ကမူ ထိုပညာရပ်ကို သိလိုခြင်း ရည်ရွယ်ချက် သက်သက်ဖြင့်သာ တက်ရောက်ကြသည်ဟု ဆိုသည်။ 

“သင်ယူတယ်ဆိုတာက သူများကို  မကောင်းကြံဖို့ မဟုတ်ဘူး။ မကောင်းတဲ့ ပညာရပ်ဆိုရင်တောင် ကိုယ်အသုံးချမှ ဖြစ်တာ။ သိချင်တာလေ။ အဲဒါကြောင့် သင်တာ”ဟု အဆိုပါသင်တန်း တက်ရောက်ခဲ့သူ မအေးလှိုင် ( အမည်လွဲ) က ဆိုသည်။

ဗူးဒူးပညာရပ်ကို လူသိထင်ရှား သင်တန်းဖွင့်လှစ် သင်ကြားပေးသည့်အပေါ်တွင် အမြင်အမျိုးမျိုး ရှိကြသော်လည်း ကိုယ်တိုင် ဟောခန်းဖွင့်ထားသူများကပါ အရှေ့တိုင်း၊ အနောက်တိုင်း ဗူးဒူး ပညာရပ်ကို တက်ရောက် လေ့လာရန် ဆန္ဒရှိခဲ့ကြသည်။ ၎င်းတို့ကမူ ကောင်းသည့် ရည်ရွယ်ချက်ဖြင့် သင်ယူခြင်း ဖြစ်သည်ဟု ဆိုကြသည်။

“မြန်မာတွေက ရှေးရိုးစွဲတဲ့ စိတ်ရှိတယ်။ ဒီခေတ်မှာ ဒီပညာရပ်ကို မကောင်းဘူး ဆိုပြီး ပိတ်တာတော့ စိတ်မကောင်းဘူး၊ ဟိုးအရင်တည်းက လက်ဆင့်ကမ်း သင်ယူနေသူတွေ ရှိတာပဲလေ။ ပေါ်တင်သင်လည်း ဒီပညာပဲ၊ မပေါ်မတင်သင်လည်း ဒီပညာပဲ”ဟု ရွှေပြည်သာမြို့ နယ် သာဓုကန်ဘုရားတွင် ဗေဒင်ဟောသူ ဆရာ ဝိဇ္ဇာလင်းက ဆိုသည်။

မြန်မာ့ လူမှုနယ်ပယ်တွင် လူအများစု လက်ခံရန် ခက်ခဲလှသည့် အဆိုပါ အောက်လမ်း ပညာရပ်ကို ယင်းပညာနယ်ပယ်မှ လူအများက အသိအမှတ် ပြုစေကာမူ လူအများစု အဖို့မူ မထိတွေ့အပ်သည့် ပညာရပ်အဖြစ်သာ။

“စဉ်းစားကြည့်လေ အောက်လမ်းပညာက ဘယ်မှာ ကောင်းကျိုး ရှိမှာလဲ။ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်မယ့် ပညာတွေပဲ။ ရှိရင်တောင် မသင်အပ်တဲ့ အရာတွေပဲ။ ဘာသာတရား အရလည်း ဒါက မကောင်းဘူးလေ”ဟု ယင်းသင်တန်းကို မကြိုက်နှစ်သက်သူ တစ်ဦးဖြစ်သည့် အငြိမ်းစား အစိုးရဝန်ထမ်း တစ်ဦးဖြစ်သူ ဒေါ်အေးအေးမာက ပြောဆိုသည်။

သူတစ်ပါးအား ပြုစားခြင်း၊ ဝေဒနာ ခံစားရစေခြင်း၊ ဒုက္ခရောက်စေခြင်း ပညာရပ်သည် အဘယ်မှာ ကောင်းသည့် ရည်ရွယ်ချက် ဖြစ်မည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထိုအချက်ကို ညီမဖြစ်သူ ကျောင်းဆရာမ အပြုစားခံရ၍ ရူးသွားခဲ့သည်ဟု ယုံကြည်နေသူ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက သူ့အတွေ့အကြုံနှင့်ယှဉ်ကာ စက်ဆုပ်ဖွယ် ပညာရပ် တစ်ခုအဖြစ် ပြောဆိုခဲ့ဖူးသည်။

၎င်း၏ညီမဖြစ်သူမှာ တာဝန်ကျသည့် ကျေးရွာတွင် အထည်များ လကုန်ပေး ကြွေးချ ရောင်းချရင်းမှ စကား ကတောက်ကဆ ဖြစ်ကာ အပြုစားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“အစကတည်းက သင်ကို မသင်သင့်တဲ့ပညာကို အပိတ်ခံလိုက်ရတာတောင် နည်းသေးတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ရှေးအစဉ်အဆက်က ရှိလာသော ပညာရပ်များဖြစ်သည့်တိုင် မြန်မာ့လူမှုဝန်းကျင်က လက်ခံရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်မျှ လက်သင့်မခံကြ။ သို့သော် ထိုပညာရပ်ကို ယုံယုံကြည်ကြည်ဖြင့် အသုံးချနေသည့် သူများကလည်း ရှိနေဆဲဖြစ်သည်။

ဗူဒူးပညာရပ်ကို ယုံယုံကြည်ကြည် ကိုးစားခဲ့သူများတွင် နိုင်ငံရေးသမား အချို့ ပင် ရှိခဲ့သည်ဟုဆိုသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီက လင်းညှို့တာရာထံ လာရောက်ခဲ့သူ နိုင်ငံရေးသမားအချို့ ရှိခဲ့ပြီး စီးပွားရေးသမားအချို့လည်း ပါဝင်သည်ဟု ၎င်းက ပြောပြသည်။

သို့သော် ဂမ္ဘီရမှော်ပညာ အမှန်တကယ် ရှိကြောင်းနှင့် အောက်လမ်းပညာဟု ဆိုသော်လည်း ကောင်းသည့်ဘက်တွင် အသုံးပြုနိုင်ကြောင်းကို သင်တန်းဆရာကမူ အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

“သင်ပေးတာတော့ မကောင်းတဲ့ အတိုက်အခိုက် ပညာကို လည်းသင်တယ်။ သူ့ရဲ့ ဆိုးကျိုးတွေပါ သင်ပေးတယ်။ ရှင်းပြတယ်။ ဒီပညာကို သင်သူတိုင်းက မကောင်းတဲ့နေရာမှာ အသုံးချခွင့် မရှိပါဘူး။ ပြန်ထိန်းချုပ်ထားတဲ့ စည်းတွေရှိတယ်”ဟု အနောက်တိုင်း ဗူးဒူးပညာရပ်ကို သင်ပေးသူ ဆရာ လင်းညှို့တာရာက ပြောကြားသည်။

သူတစ်ပါးက မိမိကို မကောင်းကြံစည်ခြင်းနှင့် သူတစ်ပါး၏ အခက်အခဲကို ကူညီ ဖြေရှင်းခြင်းတို့အတွက် အဆိုပါ ပညာရပ်ကို အသုံးချ၍ ဆောင်ရွက်နိုင်သည်ဟု ဆိုပြန်သည်။ သို့သော် မိမိကို အကြိမ် မည်မျှ ထိခိုက်ပျက်စီးစေသည် ဆိုသည့်အပေါ် အခြေခံကာ ပြန်လည် အသုံးချခွင့်မှာ ရှိပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်ဆီကို အကူညီတောင်းလို့ ကူညီခဲ့တာ အများကြီး ရှိတယ်။ စီးပွားရေးအရ အဆင်ပြေသွားတယ်။ လူမှုရေးကိစ္စ အဆင်ပြေသွားတာတွေ ရှိတယ်။ ကိုယ့်ကို ခုနစ်ကြိမ် အကောက်ကြံမှ ဒီပညာကို အသုံးချခွင့် ရှိတယ်”ဟု လင်းညှို့တာရာက ဆိုသည်။

ပြုစားခြင်း အောက်လမ်းပညာကို သင်ပေးသည့်တိုင် မူလဘူတ အခြေခံ အဆင့်ကိုသာ သင်ပေးခြင်းဖြစ်ပြီး မူလီဟု ခေါ်သော ပညာရှင်အဆင့် အစဉ်အဆက် သင်ယူခဲ့သည့် ပညာရပ်ကိုမူ လက်ဆင့် ကမ်းသင်ပေးခြင်း မဟုတ်ပေ။ မူလီအဆင့်မှာ ကိုယ်တိုင် ပြန်လည် အသုံးချသင်ယူရခြင်း ဖြစ်သည်။

လူမှုနယ်ပယ်တွင် အောက်လမ်းပညာ တတ်မြောက်သူ အများအပြား ရှိနိုင်ပါသည်။ သို့သော် ပေါ်ပေါ်ထင်ထင်တော့မဟုတ်။ သိုသိုသိပ်သိပ်သာ နေထိုင်ကြသည်။ ထိုပညာ တတ်မြောက်ကြောင်း သိပါကလည်း လူ့အသိုင်းဝိုင်း တစ်ခုလုံးက မဖယ်ကြဉ်သည့်တိုင် ခပ်ဝေးဝေးက ရှောင်သည်။ ကြောက်ကြသည်။

ပညာသည်တို့မှာ လူသိမခံရကြောင်း၊ သိရှိပါက လူ့စည်းဝိုင်း အပြင်သို့ အလိုလို ရောက်ရှိသွားကြောင်း၊ အထုံပါလျှင် သင်တန်း မလိုဘဲ ခဏနှင့်တတ်မြောက်ကြောင်း အဆိုပါ ပညာတတ်မြောက်သူ အမျိုးသမီး တစ်ဦးက ၎င်းထံ ဗေဒင် လာရောက်မေးမြန်းသူ တစ်ဦးကို ပြောဆိုသည်။

၎င်းမှာ တတ်မြောက်ထားသော ပညာဖြင့် ခင်မင်ရင်းနှီးသည့် အတွင်းသိ မိတ်ဆွေများ၏ လူမှုရေး အခက်အခဲများကို အခကြေးငွေဖြင့် ကူညီဖြေရှင်း ပေးနေသူလည်းဖြစ်သည်။

“အိမ်က ယောက်ျားက နောက်ကောင်မလေး ရှိနေတော့ ကိုယ်က ကလေးငယ်လေးနဲ့မို့ ကြံရာမရဘဲ ဆရာမဆီ တစ်ဆင့်စကားနဲ့ သွားခဲ့တာ။ လိုအပ်ရင်  သူကိုယ်တိုင် အစီအမံကို သေချာလုပ်ပေးတယ်။ မှန်တာတော့ ကိုယ်တွေ့ပဲ။ ခုဆို ယောက်ျားက ကိုယ့်စကား တစ်ခွန်းပဲ”ဟု မီးခွက်ဈေး အနောက်ဘက်ရှိ ထိုပညာရပ်ကို အသုံးချ၍ အစီအရင်များ ဆောင်ရွက်နေသည့် ဆရာမတစ်ဦးထံ ကိုယ်တိုင် သွားရောက်ဖူးသူ မနွေးနွေးအောင် (အမည်လွဲ) က ဆိုသည်။

ထိုပညာရပ်များကို လက်ခံ အသုံးချနေသည့်သူများက ရှိနေဆဲဖြစ်ပြီး ပညာလက်ဆင့်ကမ်း အမွေခံသည့်သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ သုံးနှစ်သုံးမိုး သင်ယူခဲ့ရသည်များလည်းရှိပြီး မျိုးရိုး အဆက်ဆက် လက်ဆင့်ကမ်း ပညာအမွေ ယူခဲ့သူများလည်းရှိကြောင်း၊ ပညာရပ်ကို အဆင့်ဆင့် သယ်ဆောင် သင်ယူခြင်းသည် ထိုပညာရပ်နယ်ပယ်တွင် ပုံစံအမျိုးမျိုးဖြင့် ရှိနှင့်ခဲ့ပြီးဖြစ်ကြောင်း ယင်းပညာရပ်တို့ကို  အသုံးချနေသူတို့ထံမှ သိရှိရသည်။

Wizadry School of Myanmar သည် ဝေဖန်မှုများကြားမှ ပထမဆုံး သင်တန်းဖွင့်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တစ်ခန်းရပ်ခဲ့သည်။ အခြားနယ်ပယ် တစ်ခုတွင်ကား ထိုပညာရပ်ကို သင်ယူသူနှင့် မျှဝေသူများအကြား ကူးလူးဆက်သွယ်မှု တစ်နည်းတစ်ဖုံဖြင့် ဆက်လက်၍ ရှိကောင်း ရှိနေနိုင်သည်။

ယခုမူ လက်ခံသူ လက်မခံသူများအကြား သက်ဆိုင်ရာ၏ အရေးယူမှုဖြင့် သင်တန်းကျောင်းမှာ ချိတ်ပိတ်သွားပြီဖြစ်သည်။

သင်တန်းနှင့်အတူ ဆရာနှစ်ဦးလည်း လူမြင်ကွင်းက ပျောက်ကွယ်သွားသည်။

ခိုင်ခိုင်

  • TAGS