News

POST TYPE

FEATURE

ကမ္ဘာကျော် သမီးတော်များ (လူစီယာ ပီနိုရှေး)
19-Jan-2017

ယခင် ချီလီနိုင်ငံ၏ အာဏာရှင်ကြီးတစ်ဦး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး သြဂတ်စ်တို ပီနိုရှေး (Augusto Pinochet) ၏ သမီးကြီး လူစီယာ ပီနိုရှေး (Lucia Pinochet) တစ်ယောက် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသဖြင့် ၂၀၀၆ ခုနှစ် ဇန်နဝါရီလက အမေရိကန် တာဝန်ရှိသူများ အလုပ်တွေ ရှုပ်ကုန်သည်။ ဝါရှင်တန်၊ ဒါးလက်စ် နိုင်ငံတကာလေဆိပ် ရောက်ချိန်၌ ချီလီနိုင်ငံမှ အခွန်ရှောင်မှုများဖြင့် ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သောကြောင့် သူမကို တာဝန်ရှိသူများက ထိန်းသိမ်းကာ စစ်ဆေးနေရခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာသည့် လူစီယာက သူ့ကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် တောင်းဆိုနေကြောင်း အမေရိကန် သံအမတ်ကြီး ကရစ်ကယ်လီထံက တစ်ဆင့် ချီလီပြည်ထဲရေးဝန်ကြီးထံ အကြောင်းကြားလိုက်သည်။ ချီလီမှ တာဝန်ရှိသူများက ပီနိုရှေး၏ သမီးတော် လူစီယာကို အခွန်များဆောင်ရန် ရှောင်တိမ်းမှု၊ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ကာ နိုင်ငံမှ ထွက်သွားမှုများဖြင့် အရေးယူရန် ပြင်ဆင်နေကြရာမှ တစ်ချိန်က အာဏာရှင် ပီနိုရှေး၏ အကြောင်းမှာ ပြန်လည်စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရသည်။

သြဂတ်စ်တို ပီနိုရှေးသည် ချီလီနိုင်ငံကို ၁၉၇၃ ခုနှစ်မှ ၁၉၉၀ တိုင်အောင် စစ်တပ်အသွင် အာဏာရှင်ပုံစံဖြင့် စိုးမိုးအုပ်ချုပ်သွားခဲ့သူ ဖြစ်သည်။ ၁၉၇၃ ခုနှစ်က ပီနိုရှေးသည် အမေရိကန်ပြည်ထောင်စု၏ ကျောထောက်နောက်ခံ အကူအညီပေးမှုဖြင့် ချီလီနိုင်ငံကို အာဏာသိမ်း အုပ်ချုပ်ခဲ့သူလည်း ဖြစ်သည်။ 

သူဖြုတ်ချခဲ့သည့် သမ္မတ အာယန်းဒေးသည် အရပ်သားအစိုးရ ဖြစ်သည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အစိုးရက အာဏာသိမ်းပြီး နှစ်ပေါင်း ၂၀ နီးပါး ချီလီနိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ် ထူထောင်ခဲ့သည်။

ပီနိုရှေး စိုးမိုးအုပ်ချုပ်စဉ်က ချီလီနိုင်ငံတွင် ပြည်သူပေါင်းများစွာသည် ဖမ်းဆီးစစ်ဆေးခြင်းများ ခံရသည်။ ပြည်သူပေါင်း ၃၀၀၀ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး လူ ၈၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပျောက်ဆုံးသွားသော လူဦးရေမှာ ၃၀၉၅ ဦးခန့် ရှိကြောင်း ချီလီအစိုးရက ထုတ်ပြန်ခဲ့သည်။

လူစီယာ ပီနိုရှေးသည် အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်သည်။ သူမအနေနှင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်လာရခြင်းမှာ အကြောင်းများစွာ ရှိသည့် အနက် အမေရိကန်ဘဏ်တစ်ခုတွင် သူ့ဖခင် စုဆောင်းထားသည် ဆိုသော ဒေါ်လာ ၂၈ သန်းနှင့်လည်း ပတ်သက်နေလိမ့်မည်ဟု ယူဆကြသည်။ 

သူသည် ချီလီနိုင်ငံမှ နယ်စပ်ကို ကားဖြင့် ကျော်ဖြတ်လာပြီး ဗြူနို့စ်အေရိစ်ကို ရောက်လာသည်။ ထိုမှတစ်ဆင့် ဘရာဇီးလ်နိုင်ငံသို့ ထွက်လာပြီး အမေရိကန်ပြည်ထောင်စုကို ထပ်ဆင့် ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူထွက်ပြေးသွားကြောင်း ချီလီအာဏာပိုင်များကသိပြီး အမေရိကသို့ လှမ်းအကြောင်း ကြားကာ ထိန်းသိမ်းထားလိုက်သည်။ 

အမေရိကန်ပြည်ထောင်စုက သူ့ကို ဝင်ငွေခွန်များ ရှောင်ရှားမှု၊ အခွန်ပေးဆောင်ရန် ဒေါ်လာတစ်သန်း ရှိနေမှုများအပြင်၊ ပြည်ဝင်ခွင့်အတွက် နာမည်ကို အတုပြုလုပ်မှု၊ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတို့ဖြင့် စွဲချက်တင်ရန်ရှိပြီး ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ် ကျခံရမည် ဖြစ်သည်။ 

အမေရိကန်အစိုးရကလည်း အချိန်ဆွဲပြီး သူ့ကို မစစ်တော့ပေ။ ဗီဇာကို ပယ်ဖျက်ပြီး ချက်ချင်း ချီလီကို ပြန်ပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ နိုင်ငံရေးခိုလှုံခွင့် တောင်းသော်လည်း ပယ်ဖျက်လိုက်သည်။ သူ့ကို အမေရိကန် အာဏာပိုင်များက ရွေးချယ်ခွင့် သုံးခု ပေးသည်။ အာဂျင်တီးနားကို ပြန်ပို့သည်ကို လက်ခံခြင်း၊ ချီလီနိုင်ငံသို့ မိမိသဘောဖြင့် ပြန်ကာ တရားရင်ဆိုင်ခြင်းနှင့် အာဂျင်တီးနားကို သူလာခဲ့သည့် လမ်းအတိုင်း ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ပြန်ခြင်း ဖြစ်သည်။ လူစီယာက ချီလီကို ပြန်ပို့ပေးသည့် လမ်းကြောင်းကို ရွေးချယ်လိုက်သည်။

လူစီယာ၏ ဖခင်ဖြစ်သူ ပီနိုရှေးသည် နှလုံးရောဂါဖြင့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီအချိန်အထိ ပြည်ပြေးဘဝဖြင့် လည်းကောင်း၊ နေအိမ်အကျယ်ချုပ်ဘဝဖြင့် လည်းကောင်း သူအာဏာရစဉ်က ဆိုးခဲ့သမျှသော အပြစ်များကို ခံစားသွားခဲ့ရသည်။ ဖခင်ဖြစ်သူ မကွယ်လွန်ချိန်အထိ ငြိမ်နေခဲ့သော တရားရေးဌာနသည် ကွယ်လွန်သွားသည့် အခါတွင် သမီးကြီး လူစီယာနှင့် အသက် ၈၄ နှစ်အရွယ် ဇနီးအပါအဝင်၊ သားသမီးငါးဦး၊ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ သူတို့၏ မိသားစုရှေ့နေ အပါအဝင် ဗိုလ်ချုပ်ပေါင်းများစွာကို အရေးယူရန် တရားစွဲဆိုလိုက်တော့သည်။

တရားသူကြီး ကာလို့စ် ဆာဒါက အာဏာရှင် ပီနိုရှေး ခေတ်ကောင်းစဉ် ၁၉၇၃ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် ကာလများအတွင်း သူတို့အားလုံးသည် တိုင်းပြည်ဘဏ္ဍာငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ရာတွင် ပါဝင်ကူညီခဲ့သူများအဖြစ် စွဲချက်တင်ပြီး တရားစီရင်ခြင်းခံရန် လုပ်ဆောင်တော့သည်။

ချီလီတရားရုံးက စွဲချက်တင်ခဲ့ရသည့် ကိစ္စတွင် အမေရိကန် အစိုးရကပါ သံသယရှိနေသည့် ဒေါ်လာ ၂၈ သန်းကို ဝါရှင်တန် ရစ်ခ်ျဘဏ်ကြီးတွင် သိမ်းဆည်းသိုမှီးထားသည် ဆိုသော ကိစ္စလည်း ပါဝင်ပတ်သက်နေသည်။ အမေရိကန် ဆီးနိတ်လွှတ်တော်က ၂၀၀၄ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့ရာ၌ ပီနိုရှေးသည် ထိုဘဏ်ကြီး ထဲတွင် ဆွေမျိုးနှင့် မိသားစု အမည်များဖြင့် ငွေစာရင်းများ ဖွင့်ထားကြောင်း တွေ့ရှိခဲ့ကြရသည်။

ပီနိုရှေး၏ ဇနီးဖြစ်သူကို ဆန်တီယာဂိုရှိ စစ်ဆေးရုံကြီးကို ပို့လိုက်ကြရသည်။ သွေးတိုးပြီး အခြေအနေ ဆိုးလာသောကြောင့် ဖြစ်ကြောင်း သူတို့၏ မိသားစုရှေ့နေ ပါဘလို ရော့ဒရီဂတ်က ထုတ်ပြန်ကြေညာခဲ့သည်။ သူလည်း အစိုးရက စွဲချက်တင်ခြင်း ခံထားရသူ ဖြစ်သည်။

ယခင် အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းကြီး ပီနိုရှေး ကွယ်လွန်မှ လက်ရှိအစိုးရသည် မိသားစုနှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများအပေါ် စွဲချက်တင်နေခြင်းမှာ ဝိုင်းဝန်းဝေဖန်စရာ ဖြစ်လာသည်။ ယခင်စစ်တပ်မှ အရာရှိပေါင်း ၅၀၀ ကျော်နှင့် လုံခြုံရေးအရာရှိများ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ သူတို့ ဝဋ်လည်ပြီဟု ဆိုရမည်။ တစ်ချိန်က ပြည်သူတွေကို ပီနိုရှေးအမိန့်ဖြင့် ဖမ်းဆီးသတ်ဖြတ် အရေးယူမှုများအတွက် သူတို့အား မည်သို့ စီရင်မည်နည်းဟု စောင့်စားနေကြရသည်။

လူစီယာကို အမေရိကမှ ချီလီသို့ ပြန်ပို့သည့် ခရီးတွင် သူမက မိမိအနေနှင့် စွဲဆိုထားသော အမှုများကို ရဲဝံ့စွာ ရင်ဆိုင်မည်ဟု သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။ 

“ဥပဒေဆိုတာ လူတစ်ယောက်အတွက် တစ်မျိုး၊ အခြားတစ်ယောက်အတွက် တစ်မျိုး လုပ်လို့မရပါဘူး” ဟု လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။ ထို့ပြင် သူမကို အမေရိကန် အာဏာပိုင်များ ဆက်ဆံမှုသည် အတော်လေး ညံ့ဖျင်းကြောင်း၊ သူ့ကို လက်ထိတ်ခတ်သည့်အပြင် အဝတ်များကို ချွတ်ပြီး အခြားသတ်မှတ်ထားသည့် ယူနီဖောင်းကို ဝတ်ဆင်စေခဲ့ကြောင်း မကျေမနပ်ဖြင့် ပြောကြားခဲ့သည်။ 

လူစီယာနှင့် သားဖြစ်သူ စီးလာသည့် လေယာဉ်ပျံကြီးသည် ဆန်တီယာဂိုလေဆိပ်သို့ ဆင်းသက်လိုက်ချိန်တွင် ချီလီရဲအရာရှိနှစ်ဦးက လေယာဉ်ဆီသို့ ရောက်လာပြီး ချီလီတွင် ရင်ဆိုင်ရမည့် သူ့အပေါ်စွဲဆို ထားသော စွဲချက်များကို ဖတ်ပြခဲ့ပြီးနောက် သူတို့နှင့် လိုက်ခဲ့ရန် ခေါ်သွားတော့သည်။

တရားသူကြီး ကာလို့စ်သည် ပီနိုရှေး၏ ဇနီး ဟေးရီးရက်နှင့် သူ၏ သားသမီး လေးဦးကို အခွန်များ ရှောင်တိမ်းမှုဖြင့် တရားစွဲသည်။ ယင်းအထဲတွင် သမီးကြီး လူစီယာလည်း ထိပ်ဆုံးက ပါသည်။ အမှုရင်ဆိုင်ရမည့် ကာလတွင် မိသားစုအားလုံး အချုပ်ဖြင့် နေစေရန် တရားသူကြီးက အမိန့်ချလိုက်ပြီးနောက် မိခင်ဖြစ်သူ ဟေးရီးရက်မှာ သွေးတိုးဖြင့် ဆေးရုံတင်လိုက်ရသည်။ ဟေးရီးရက်ကို ချီလီဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံ အခွန်ပေးဆောင်ရန်အပြင် နိုင်ငံကူးလက်မှတ် အတုပြုလုပ်မှုဖြင့် တရားစွဲဆိုထားသည်။

ပီနိုရှေးမိသားစုသည် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နှင့် ပနားမားနိုင်ငံတို့တွင် ချီလီဒေါ်လာ ၃၅ ဒသမ ၉ သန်းကျော် စုဆောင်းသိမ်းဆည်းထားကြောင်း သံသယများ ရှိနေကြသည်။ ချီလီနိုင်ငံသို့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်းများစွာမှ လှူဒါန်းထားသည့် ငွေကြေးများကို သူတို့မိသားစုက ငွေစာရင်း ခေါင်းစဉ်အမျိုးမျိုးပြပြီး သူတို့ပိုင်နာမည်များဖြင့် နိုင်ငံခြားဘဏ်များတွင် လွှဲပြောင်းသိမ်းဆည်းထားကြခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ လူစီယာ ရောက်လာသည့် အကြောင်းများစွာထဲတွင် ဝါရှင်တန်ရှိ ရစ်ခ်ျဘဏ်ကြီးနှင့် ပတ်သက်နေသည်ဟု တာဝန်ရှိသူများက ယူဆခဲ့ကြသည်။ ထိုဘဏ်သည် သံတမန်များကို အများဆုံး ဝန်ဆောင်မှု ပေးနေသော ဘဏ်ကြီးဖြစ်ပြီး အမေရိကန်ဆီးနိတ်က ဝင်စစ်မှ အဖြစ်မှန်တွေ ပေါ်ကုန်သည်။

ထိုဘဏ်မှ မန်နေဂျာသည် ပီနိုရှေး မကွယ်လွန်မီက ဖုန်းအဆက်အသွယ် အမြဲရှိသည်။ ထိုဘဏ်တွင် ပီနိုရှေးလာထားသည့် ငွေမှာ အမေရိကန်ဒေါ်လာ ၈ သန်း ဖြစ်သည်။ ဘဏ်မန်နေဂျာလည်း တရားမဝင် ငွေကြေးကို လက်ခံထားမှုဖြင့် အမှုရင်ဆိုင်နေရသည်။ 

ပီနိုရှေး အစိုးရကို ဖြုတ်ချခဲ့သည့် အစိုးရသည် ပီနိုရှေး၏ ဇနီးနှင့်တကွ သားသမီးလေးဦးအပေါ် တရားစွဲဆိုထားသော်လည်း သူတို့က ရှေ့နေများစွာဖြင့် စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်ကြကာ သူတို့တွင် အပြစ်မရှိ ကြောင်း ငြင်းဆိုကြသည်။ မိမိတို့အပေါ် တရားစွဲဆိုပြီး လုပ်ဆောင်နေခြင်းမှာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ဖြစ်ကြောင်း လူစီယာကလည်း ဝေဖန်ပြောကြားခဲ့သည်။ သို့သော် ပြည်ထဲရေးဝန်ကြီးက တရားရုံးက အဆုံးအဖြတ် ပေးပါလိမ့်မည်ဟု ပြောကြားခဲ့သည်။

ချီလီနိုင်ငံတွင် အာဏာရှင်ကြီး ပီနိုရှေး စိုးမိုးစဉ်က နိုင်ငံရေးသမားပေါင်း ၃၀၀၀ ကျော်လောက် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။ သို့သော် ပီနိုရှေး အရှိန်အဝါက အလွန်ကောင်းသည်။ သူရာထူး ချခံရစဉ်ကလည်း အရေးယူ ဖမ်းဆီးခြင်းမခံရ၊ နိုင်ငံခြားကို တိမ်းရှောင်သွားစဉ်ကလည်း အရေးယူခြင်း မခံရ၊ သူ့တိုင်းပြည်ကို ပြန်လာပြီးနောက် ကွယ်လွန်ချိန်အထိ သူလုပ်ဆောင်ခဲ့ပါသည် ဆိုသော ပြစ်မှုများကို စွဲချက်တင်ခြင်း မခံခဲ့ရပေ။ သို့သော် သူကွယ်လွန်ချိန်မှ အရေးယူခြင်းများကို မိသားစုက ခံရမည်ဆိုခြင်းမှာ တရားရုံးတွင် ဆွေးနွေးဝေဖန်စရာများ ဖြစ်ခဲ့သည်။ 

လူစီယာသည် သူမအပေါ် တရားရုံးက စွဲဆိုထားသည့်ကြားမှ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်နယ်ပေါင်း ၂၃ ခုကို ကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ 

၂၀၀၈ ရွေးကောက်ပွဲ၌ သူမကို ဗီတာကူရာ
မြို့တော်ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သူ့ကို ထောက်ခံသူပေါင်း ၁၆ ရာခိုင်နှုန်းခန့် ရှိသည်။ ထိုအရေအတွက်ထက် အနည်းငယ် ပိုသွားလျှင် လွှတ်တော်ထဲကို ရောက်လာနိုင်သည်။ ယခု ဒုတိယနေရာတွင် မြို့တော်ကောင်စီဝင် အဖြစ်သာ ကျေနပ်လိုက်ရသည်။

ထိုအခြေအနေကိုကြည့်လျှင် အာဏာရှင် ပီနိုရှေး၏ သြဇာ မကုန်သေးကြောင်း သိသာသည်။ အာဏာရှင်ကြီး ကွယ်လွန်သွားသော်လည်း သူတို့ သားသမီးများ၊ တပည့်သားမြေးများကို အဘယ်ကြောင့် နောက်တက်သည့် အစိုးရများက ထိတ်လန့်စွာ ဖိနှိပ်အရေးယူနေရခြင်းများ ရှိနေကြောင်းကို ချီလီက သက်သေပြနိုင်ခဲ့မည် ထင်ရသည်။ 

(Ref: Pravda, ABC News, The Guardian, CNN, The Telegraph)

E01
ကျော်ဗလ