News

POST TYPE

FEATURE

မေတ္တာလောဘ ကျရှုံးရသောအခါ
07-Jan-2017

“ညီမလေးက သူ့သားစိတ်နဲ့ အိပ်ယာထဲ လဲနေတယ်”ဟူသည့်အသံမှာ စိတ်ထိခိုက်နေသည်ကို သိသာစွာ ဖော်ပြနေသည့် ဝမ်းနည်းသံစွက်သော တိုးလျလျအသံ။

ယင်းအသံပိုင်ရှင် ဦးထွန်းလင်းသည် ယခုပင် အသုဘရှုရာမှ ပြန်လာခြင်း ဖြစ်သည်။ တူဖြစ်သူ၏ ပုံမှန် မဟုတ်သည့် ရုတ်တရက် သေဆုံးမှုတွင် သေဆုံးသူ၏ မိခင်၊ သူ၏ညီမသည် စိတ်ရောကိုယ်ပါ ဗုန်းဗုန်းလဲသွားခဲ့ပြီ။ သူ၏တူဖြစ်သူသည်လည်း ငယ်ရွယ်သူ ကလေး တစ်ဦးအဖြစ်သာ ရှိသေးသည်။ 

၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး။

ထိုကလေးတစ်ဦး မည်သို့ သေဆုံးခဲ့ပါသနည်း။

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ရေပုန်းနယ်မြေတွင် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံး စီရင်ခဲ့သည့် သတင်းသည် ထိုနယ်မြေတစ်ဝိုက် ဟိုးဟိုးကျော်သွားခဲ့သည်။ လူကြီးများ၏ စီရင်မှုကိုသာ ကြားသိရမှု ပိုမိုများသော  ယင်းကဲ့သို့ အဆုံးစီရင်မှုကို ၁၂ အရွယ် ကလေးငယ် တစ်ဦးက ရွေးချယ်သွားခဲ့ခြင်းပင် ဖြစ်သည်။ ယခုလ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းပင်။

“စစ်ဆေးတွေ့ရှိချက်တွေအရတော့ လုပ်ကြံခံရတာ မဟုတ်ဘူး။ ကလေးက စိတ်ထိခိုက်မှု တစ်ခုခုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားတာ သေချာပါတယ်”ဟု သေမှုသေခင်း စစ်သည့် ရဲအရာရှိက ထိုအဖြစ်အပျက်ကို အတည်ပြု ပြောဆိုခဲ့ သည်။ 

ထိုကလေးကို စိတ်ထိခိုက်စေခဲ့သော နောက်ခံ အကြောင်းများက မည်သို့ ဖြစ်နိုင်၊ မည်မျှကြီးမားခဲ့ပါသနည်း...။ 

သားသမီးနှင့် မိဘအကြား နားလည်မှု လွဲခြင်းကလား၊ မေတ္တာလောဘကပဲလား ငယ်ရွယ်ဖူးစင်သည့် ကလေးငယ် တစ်ဦး၏  အသက်ကို လွယ်လွယ်ကူကူ အဆုံးအဖြတ် ပေးခဲ့သည်ဟု ဆိုရမည်။

ကလေးငယ် ယခုအရှုံးပေးသွားသည်မှာ ခုနစ်နှစ်တာ အရှုံး မရှိခဲ့သော ပညာရေး ခရီးကို ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူလက်မြှောက် အရှုံးပေးသွားခဲ့သည်။ 

သေဆုံးသူ မောင်ခင်မောင်ထွန်း (ခ) သားငယ်သည် စိတ်ကြီးသည်။ လိုချင်သည့်အရာကို ရအောင် ကြိုးစားယူတတ်သူဖြစ်သည်။ သို့သော် လူက နွဲ့နွဲ့ပျောင်းပျောင်း။ ငယ်ရွယ်စဉ်ကပင် ပင်ပန်းသည့်အလုပ်ကို မလုပ်နိုင်။ ထို့ကြောင့်ပင် ပညာကိုသာ သူ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ဟန်တူပါသည်။ 

သားငယ် မွေးစအရွယ်ဘဝကပင် ဖခင်နှင့် မိခင်က အိမ်ထောင်ရေး ပြိုကွဲခဲ့သည်။ ထို့အတွက်လည်း မိခင်ဖြစ်သူက တစ်ဦးတည်းသော သားအပေါ်တွင် မေတ္တာ လောဘ ကြီးမားခဲ့သည်။ မိမိဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသော ပညာကို သားဖြစ်သူကို ဆုံးခန်းတိုင်စေချင်ခဲ့သည်။ တစ်ဦးတည်းသော သားငယ်ကို ပင်ပင်ပန်းပန်း မလုပ်စေချင်ခဲ့။ ပညာ မတတ်လျှင် ပင်ပန်းဆင်းရဲစွာ အလုပ် လုပ်ရမည်ဟု သားဖြစ်သူ ငယ်စဉ်ကတည်းကပင် ထိုအသိကို ရိုက်သွင်းပေးသည်။ ထို့အတွက် ပညာရေးနှင့် ပတ်သက်လာသည့်အခါတိုင်း စည်းကမ်း တင်းကျပ်ခဲ့သည်။

“သားငယ်ဆုံးမှ စာမေးပွဲ ရလဒ်ကို သိရတာ။ ခုလို စာမေးပွဲကျတော့ အမေနဲ့ သူငယ်ချင်းတွေကို ရင်မဆိုင်ရဲတော့တာ နေမယ်။ အမေကိုလည်း အပြစ် မတင်ချင်ဘူး။ မိဘ ဖြစ်နေတာကိုး”ဟု တစ်အိမ်တည်း အတူနေ ဦးလေးဖြစ်သူ ကိုမျိုးမင်းထွန်းက ဝမ်းနည်းစကား ဆိုသည်။

ဒုတိယအကြိမ် လပတ်စာမေးပွဲ  မဖြေဆိုခင်ကပင် မိခင်ဖြစ်သူကို အကောင်းဆုံးရလဒ် ထွက်ရမည်ဟု ကတိပေး ပြောကြားထားသော်လည်း မျှော်မှန်းထားသည့် ရလဒ်မျိုး မထွက်လာသည့်အခါ အရှုံးကို ရင်မဆိုင်နိုင်သည့် သားငယ်တစ်ယောက် ရွေးချယ်သွားသည့်လမ်းသည် တမလွန် ဖြစ်နေသည်။ 

သားငယ်က ကြံတောမူလွန်ကျောင်းတွင် ဆဋ္ဌမတန်း ရောက်သည်အထိ စာမေးပွဲ ကျရှုံးခဲ့ဖူးခြင်း မရှိချေ။ ယခု လပတ်ဖြေဆိုရာတွင် သင်္ချာတစ်ဘာသာတွင် ကျရှုံးခဲ့သည့်အတွက် အဆုံးစီရင်ခဲ့ခြင်းအပေါ်တွင် လိမ္မာရေးခြား ရှိသည့် တပည့် တစ်ယောက် ဆုံးရှုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ကြံတောရွာ မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီခိုင်က ဆိုသည်။

အလားတူ ဖြစ်ရပ်မျိုးကို တွံတေးမြို့နယ် တလုပ်ထော်ကျေးရွာတွင်လည်း ဖြစ်ခဲ့ဖူးသည်။ ဒသမတန်းကျောင်းသား တစ်ဦးသည် လပတ် စာမေးပွဲ ကျရှုံးရသည့်အတွက် ပိုးသတ်ဆေး သောက်သုံးကာ သေဆုံးခဲ့သည့် ဖြစ်စဉ်ပင်။ 

ထိုအဖြစ်အပျက်များသည် အခြေခံ ပညာရေးတွင် သာမက တက္ကသိုလ်အဆင့် ကျောင်းသားအချို့တွင်လည်း ဖြစ်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်၊ ကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆,၅၀၀ ကျော်ဖြေဆိုခဲ့ရာ စာမေးပွဲကျသူ ၁၆,၀၀၀ ကျော် (၂၀ ရာခိုင်နှုန်းကျော်) ထဲ၌ မှော်ဘီ နည်းပညာ တက္ကသိုလ်နှင့် စစ်တွေ နည်းပညာ တက္ကသိုလ်တို့တွင် ပညာသင်ကြားနေသူ ကျောင်းသား နှစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် စာမေးပွဲကျသည့်အတွက် အဆုံးစီရင်သွားခဲ့သည်။ ယင်းတို့ နှစ်ဦးအနက် တစ်ဦးမှာ မျှော်လင့်ချက် ကြီးမားသော မိခင်ဖြစ်သူဆန္ဒကို မဖြည့်ဆည်းနိုင်သည့်အတွက်ဆိုသော စာကိုပင် ရေးသားထားခဲ့သည်။
 
ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး အရည်အချင်း မတူညီသည့်အပေါ်တွင် မိဘများက သားသမီး၏ အားသာချက်ကို မြင်တတ်ရမည်ဖြစ်ပါသည်။ သားသမီး၏ အားသာချက် အားနည်းချက်ကို သိထားမှသာ စနစ်တကျ ပြုစုပျိုးထောင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

“ကျောင်းစာမှာ ညံ့တာနဲ့ ကလေးဘဝ တစ်ခုလုံး သုံးစားလို့ မရတော့ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ ဒီလို ထင်နေရင် ကိုယ့်ကလေးကို ကိုယ်ပဲ သတ်ရာကျတယ်။ ကိုယ်မျှော်မှန်းသလောက် ဖြစ်မလာရင် ကလေးတွေကို ဖိအား မပေးပါနဲ့။ ဒါက ကလေးမှာ စိတ်ဒဏ်ရာ ရသွားနိုင်တယ်”ဟု သာကေတမြို့နယ် အထက (၂) ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးရီက ပြောဆိုသည်။ 

၂၀၁၆ ခုနှစ်မှ စတင် ပြောင်းလဲလိုက်သည့် ပညာသင်ကြားရေး စနစ်သစ်တွင် ကလေးငယ်များ စာမေးပွဲ ဖြေဆိုထားသည့် အမှတ်စာရင်းကို အတိအကျ ထုတ်ပြန်ပေးခြင်း မရှိတော့ဘဲ  A, B,C,D အဆင့် သတ်မှတ်ချက်ဖြင့်သာ ထုတ်ပြန်ပေးသည်။ A အဆင့်သည် အမှတ် ၈၀ ကျော်များအဖြစ် ယေဘုသျ သတ်မှတ်ထားပြီး အဆင့်အလိုက် သတ်မှတ် ထုတ်ပြန်ပေးသည်။ သို့ဖြစ်ရာ တစ်မှတ်ချင်း ကွာခြားမှုအတွက်  ကလေးတို့ ဖိစီးရန် မလိုတော့ပေ။

သို့ရာတွင် ထိုအချက်ကို အချို့မိဘများကမူ မကြိုက်ကြ။ မိဘချင်း ပြိုင်ဆိုင်မှု၊ ကလေးချင်း ပြိုင်ဆိုင်မှု၊ ရမှတ်ချင်း ပြိုင်ဆိုင်မှုတို့ဖြင့် ပညာ သင်ကြားရခြင်းရည် ရွယ်ချက်သည်ပင် ပြိုင်ဆိုင်မှု တစ်ခုကဲ့သို့ မှတ်ယူနေဆဲ ဖြစ်သည်။

ဗိုလ်တထောင် အ.ထ.က ( ၄ ) တွင် တက်ရောက်နေသည့်ကျောင်းသူ တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးဆွေက “အမှတ်နဲ့ ထုတ်ပေးတုန်းက အမှတ်အနည်း အများကို စစ်လို့ရတယ်။ အခုက A, B,C,D ဆိုပြီး ပေးတော့ ရသွားတာနဲ့ အမှတ် ဘယ်လောက် ကျသွားတယ် ကိုယ် မသိရဘူး။ အဆင့်ကျသွားလည်း ကလေးကို မဆူဘူး၊ နားလည်အောင်တော့ ပြောရတာပေါ့”ဟု ပြောပြသည်။ 

ကလေး၏ ဖြစ်ချင်သည့် ဆန္ဒအပေါ်တွင်သာ အဓိကထား ပံ့ပိုးပေးနိုင်ခြင်းသည်သာ ပညာသင်ကြားရေးအတွက် အကောင်းဆုံးသော အထောက်အပံ့ဖြစ်သည်။

အမှတ်ဖြင့် မဟုတ်ဘဲ အဆင့်သတ် မှတ်ချက်ဖြင့် ထုတ်ပေးသည့်အပေါ်တွင် အချို့သော မိဘများက မကြိုက်နှစ်သက်ကြကြောင်း ဆရာမ ဒေါ်ဌေးဌေးရီက ဆိုလာသည်။ 

“အမှတ်နဲ့တုန်းကလည်း အမှတ်ဆို အပြည့်မှ၊ အဆင့်နဲ့ ထုတ်တော့လည်း A အဆင့်မှ ကလေးမှာရှိတဲ့ ဉာဏ်ရည်နဲ့ အရည်အချင်းကို စာမေးပွဲ တစ်ခုတည်းမှာပဲ မထားစေချင်ဘူး။ သင်ကြားရေး စနစ်ထက် မိဘတွေရဲ့ ဖိအားတွေကို ကလေးတွေက ပိုခံနေရတယ်”ဟု ၎င်းက ရင်ဖွင့်သည်။ 

ကလေးငယ် တစ်ဦး အားထုတ်နိုင်သည့် အရည်အချင်းထက် ပို၍ ဖိအားပေးလာပါက ကလေးငယ်များသည် ငယ်ရွယ်စဉ်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းနှင့်အများ ရှိတတ်ကြပြီး မိမိကိုယ်ကိုယ် အဆုံး စီရင်သည်ထိ ပြုမူတတ်ကြကြောင်း ရန်ကုန် တက္ကသိုလ် စိတ်ပညာဌာနမှ တွဲဖက် ပါမောက္ခ ဦးသောင်းကြည်က သုံးသပ်သည်။ 

“မိသားစုနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ နာကျင်ခဲ့တဲ့ ငါးနှစ်အောက် ကလေးတွေက များသောအားဖြင့် အသက် ၁၈ နှစ်လောက်မှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်ခုခုကို ပြန်တွေ့ရတတ်တယ်။ တချို့လည်း ဒီထက် စောတယ်”ဟု ရန်ကုန် တက္ကသိုလ်စိတ်ပညာဌာနမှ တွဲဖက် ပါမောက္ခ ဦးသောင်းကြည်က ဆိုသည်။

မိဘနှင့် သားသမီးအကြား အရိုးစွဲနေသည့်  ပြုပြင်ခံယူခွင့်ဘဝနှင့် ပြန်လှန် ပြုပြင်ပေးလို့ မရသော အလေ့အထကို လောကသဘာဝ တစ်ခုသဖွယ် လက်ခံ ကျင့်သုံးကြသည့် မြန်မာ့လူမှုအဖွဲ့အစည်းတွင် ပညာသင်ကြားရေး၌ မိဘများ၏ အခန်းကဏ္ဍမှာ အရေးကြီးနေဆဲ ဖြစ်သည်။

ပညာသင်ကြားရေးစနစ် မည်မျှ ပြောင်းလဲစေကာမူ ကလေးများအပေါ် ထားသည့် မိဘများ၏ ပညာသင်ကြားခြင်း၏ အန္တိမ ရည်မှန်းချက် မပြောင်းလဲပါက သားငယ်ကဲ့သို့ အနာဂတ် ကလေးငယ်များ ကြွေနေဦးမည်ဖြစ်သည်။ 

မိဘတို့ ကောင်းစေချင်သော မေတ္တာ၏ လောဘသည် သားသမီးတို့၏ နောက်ခံ အကြောင်းအရာ၊ ခံနိုင်ရည်တို့ပေါ်တွင် မူတည်အောင်မြင်တတ်သည်ဖြစ်ရာ မေတ္တာလောဘတို့ မကျရှုံးရစေရန် မိဘတို့ကပင် သတိမူ ကိုင်တွယ်တတ်ရန်လိုသည်။

ယခု အဖြစ်အပျက်ကို ဆရာမ ဒေါ်ဌေးဌေးရီက ဤသို့ဆိုသည်။

“မိဘတွေက သားသမီး အနာဂတ်ကို မသတ်မိစေဖို့ အရေးကြီးတယ်”

ခိုင်ခိုင်


  • VIA