News

POST TYPE

FEATURE

မာမီကွတ်
24-Dec-2016 tagged as


“သူတို့မျက်ရည်နဲ့ တံခါး လာခေါက်ရင် အစ်မ အမြဲတမ်း ဖွင့်ပေးမှာပဲ”

တာဝန်မဲ့ ယောက်ျားများကြောင့် မျက်ရည် ပင်လယ်ဝေကာ သောက ပွားနေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ကို မာမီကွတ်က ဤသို့ ဤနှယ် လက်ကမ်း ကြိုလိုက်သည်။

မာမီကွတ်ဟု ခေါ်တွင်သည့်တိုင် ထိုအမျိုးသမီးသည်က အသက် ၃၈ နှစ်ခန့်သာ ရှိသေးသည်။ အသက် ၂၀ ကျော် မိန်းမငယ်လေးများကဲ့သို့ နုပျို ဖျတ်လတ်ဆဲ။ တောက်ပသည့် မျက်ဝန်း၊ ဖျတ်လတ်သည့် လှုပ်ရှားမှုတို့ကို ပိုင်ဆိုင်သူ မာမီကွတ်သည် သုံးနှစ်အရွယ် မိန်းကလေး တစ်ဦး၏မိခင်။

မျက်ရည်၊ အရှက်တို့ဖြင့် ထုံမွှမ်းထားမည့် ကိုယ်ဝန်ကိုလွယ်ကာ မာမီကွတ်ထံ ရောက်ရှိခဲ့ဖူးသူတို့တွင် တက္ကသိုလ် ကျောင်းသူများ၊ အိမ်ထောင်ရှိ အမျိုးသားနှင့် ပတ်သက်မိကာ ကိုယ်ဝန်လွယ်ထားသူများ၊ ချစ်သူနှင့် လက်မထပ်မီ အတူနေထိုင်ရာက ကိုယ်ဝန်ရှိသွားသူများ၊ တရားဥပဒေအရ အသက် မပြည့်သေးသည့် အပျိုဖော်ဝင်စ မိန်းကလေးငယ်များ၊ မသန်စွမ်းသူ၊ အဓမ္မ ကျင့်ခံရသူ၊ ဆွေမျိုးရင်းခြာကြောင့် ကိုယ်ဝန် လွယ်လိုက်ရသူများ စသည်ဖြင့် အမျိုးသမီး အစုံစုံ။

အများသိလျှင် အရှက်ကွဲ၊ အကျိုးနည်းမည့် အမျိုးသမီးပေါင်း များစွာက လျှို့ဝှက်ထားချင်သည့် အတိတ်ဆိုးများကို  မာမီကွတ်သည်လည်း ကြိုးစား ကာကွယ် မေ့ပစ်ပေးခဲ့သည်သာ။

စာရင်းဇယားဖြင့် အတိအကျမှတ် မထားသည့် မာမီကွတ်ထံ ရောက်လာသည့် အပူမီးပေါင်းက ရှစ်ဆယ်ဝန်းကျင် ရှိပြီဟု ဆိုသည်။

“၇၀ ရာခိုင်နှုန်းလောက်က ပညာတတ်၊ ဘွဲ့ရ၊ တက္ကသိုလ် ကျောင်းသူတွေ”ဟု မာမီကွတ်က ပြောပြသည်။

မာမီကွတ်ထံ မျက်ရည်တို့ဖြင့် တံခါးခေါက် အကူအညီ တောင်းလာသူ ကိုယ်ဝန်ဆောင်တို့ကို ပြင်ဦးလွင်မြို့နှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ဆေးရုံတို့တွင် အလျဉ်းသင့်သလို မီးဖွားစေလျက် ကူညီစမြဲ။

“အဆင်ပြေတဲ့ နေရာမှာ အဆင်ပြေသလို တိတ်တဆိတ် မွေးပေးတယ်”ဟု မာမီကွတ်က ပြောပြသည်။

ထိုသို့ ကူညီဖြစ်ခဲ့သည်က ကိုယ်ချင်းစာတရားကြောင့်ဟုသာ။

ကလေး ချစ်တတ်သည့် ဗီဇ၊ ကလေးများအပေါ် ယုယ ကြင်နာသည့် သွေးစီးဆင်းခဲ့သည်မှာ ငယ်စဉ် ကျောင်းသူ ဘဝကတည်းကပင်။ အလယ်တန်းကျောင်းတက်ရင်း ဆွေမျိုးနှင့် ဘေးပတ်ဝန်းကျင်က မွေးဖွားသည့် ကလေးများကို ချီပိုးထိန်းကူရင်း စာကျက်မှတ်ခဲ့ရသည်။

တက္ကသိုလ် ကျောင်းသူအရွယ်တွင်လည်း လုပ်ငန်းခွင် ဝင်နေသည့် မိခင် မေတ္တာ လိုအပ်နေသော ကလေးများကို ချီပိုးထိန်းကျောင်းမြဲ။

မာမီကွတ်က သူ့ငယ်ဘဝကို “ကလေးတစ်ယောက် မဟုတ် တစ်ယောက် ရှိနေတော့ မသိတဲ့သူတွေက ကလေးအမေလို့တောင် ထင်ကြတယ်”ဟု ဆိုသည်။

အများသူငှာကို မေတ္တာ ပေးခဲ့သည့် မာမီကွတ်ကတော့ မေတ္တာ ငတ်ခဲ့သူ။ 

လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလက ရန်ကုန်တိုင်း တရားရုံးချုပ်တွင် တရားဝင် လက်ထပ်ခဲ့သည့် ခင်ပွန်းက သမီးလေး ကိုယ်ဝန် ခုနစ်လ အရောက်တွင် မာမီကွတ်ကို သံသယတို့ဖြင့် စွန့်ပစ်ခဲ့သည်။

“သူ့ကလေး မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့။ ကျေနပ်ပြီး နေခဲ့ရတာတော့ မဟုတ်ဘူး။ နာကျင်ပြီး နေခဲ့ရတယ်။ ကလေးကို တစ်ယောက်တည်း မွေးခဲ့ရတယ်။ မေမြို့မှာ သွားမွေးခဲ့ပြီး တစ်လ အကြာမှာ ပြန်လာပြီး စင်ကာပူမှာ DNA စစ်တယ်။  သူ့သမီး ဆိုတာ ပေါ်သွားတယ်”ဟု နာကျည်းစရာ အတိတ်ဟောင်းကို မာမီကွတ် ပြန်၍ တူးဆွလိုက်သည်။ သက်သေ ပြနိုင်သော်ငြား ပြန်လည် တာဝန်ယူမှုဖြင့် မရှိပါပေ။

ထိုကာလ (၂၀၁၃ ခုနှစ်) က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားမှုတို့ အကြီးအကျယ် လှုပ်ရှားနေသည့်ကာလ တစ်ခု။ သို့သော် မာမီကွတ် အပါအဝင် မြန်မာ အမျိုးသမီးအချို့ ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့ တိတ်တဆိတ် ထိပါး စော်ကားခံရဆဲ။

သို့တိုင်အောင် မာမီကွတ်ကတော့ စိတ်မပျက်၊ အားမလျော့ခဲ့။ ဖခင်မရှိသည့်တိုင် သမီးလေးကို မာန်တင်း မွေး၍ အားတင်း ပြုစုခဲ့ပါသည်။ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ခြောက်လတွင်း ဝင်ရောက်လာပြီဖြစ်သော သမီးလေးအတွက် အာဟာရ ဖြည့်စွက်စာများကို စီမံဖန်တီး ကျွေးမွေးခဲ့သည်။ ထိုမှစ၍ အင်တာနက် လူမှုကွန်ရက် စာမျက်နှာထက်တွင် သမီးလေး အပါအဝင် အခြား ကလေးငယ်လေးများအတွက် အဆက်မပြတ် တင်ပြမိလာသည်။ 

ဤသည်မှစ၍ မာမီကွတ် (Mommy Cook)ဟု တွင်ခဲ့သည်။ မာမီကွတ်ကို ကလေးအမေတို့ ချစ်ကြသည်။ အားကိုးကြသည်။ အမျိုးသမီးငယ်တို့ ယုံကြည်လာကြပြီ။ ထိုသို့ဖြင့် မာမီကွတ်သည် ယောကျာ်းတို့ စွန့်ပယ်ခံ အမျိုးသမီးထု၏ ကောက်ရိုးတစ်မျှင် ဖြစ်မှန်းမသိ ဖြစ်၍ လာခဲ့ချေပြီ။

“ကျွန်မထက် ပိုဆိုးတဲ့ အမျိုးသမီးတွေ၊ ယောကျာ်း မရှိ၊ ပိုက်ဆံ မရှိ၊ တစ်ယောက်တည်း ကလေး မွေးရမယ့် ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကို ကူညီပေးတာ”ဟု မာမီကွတ်က ပြောပြသည်။

အရှက်ကွဲမည့် ဖြစ်ရပ်ဆိုးများကို ဖုံးဖိပေးကာ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ကလေး မွေးဖွားပြီးသည်အထိ စားဝတ်နေရေး အလုံးစုံ ကူညီဖြည့်ဆည်း ပေးသည်။ ထိုသတင်းက အကူအညီ လိုသူတို့ကြား တောမီးပမာ။ တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့သည်သာ။

“For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေး”ဟု လူမှုကွန်ရက် စာမျက်နှာ တစ်ခု ထောင်ခဲ့ရသည်အထိ။

မာမီကွတ်က “ယောကျာ်းလည်း မရှိဘူး။ ကလေးလည်း တစ်ယောက်တည်း မွေးရမယ်ဆိုတဲ့ ဒုက္ခသည်တွေကို အစ်မ  ကူညီခဲ့တာ”

မျိုးဆက်ပွား လိင်ပညာပေးခြင်းက မြန်မာနိုင်ငံ၌ ယခုထက်တိုင် ဆင်ဆာဖြတ် အဆင့်တွင်သာ ရှိနေဆဲ။ ထိုနှင့် အပြိုင် တစ်ဖက်တွင်လည်း မျိုးဆက်ပွား နောက်ဆက်တွဲ ပြဿနာတို့က တောင်ပုံယာပုံ။ 

ထို့ကြောင့် မာမီကွတ်ကတော့ သန္နိဋ္ဌာန် ချထားသည်သာ။

“လိင်ပညာ ဘယ်လောက်ပေးပေး မိုက်ချင်တဲ့သူက မိုက်ဦးမှာပဲ။ ဗိုက်ထဲက ကလေးက မွေးကို မွေးရမှာ ဖြစ်တဲ့အတွက်  ဒုက္ခ ရောက်နေတဲ့ မိခင်တွေကို ကူညီမယ်။ ကလေးတွေ လမ်းဘေး မရောက်အောင် ကူညီမယ်” 

၂၀၁၆ ခုနှစ် မိုးကုန်စ ရက်တစ်ရက်တွင် မာမီကွတ်ထံ ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်လာခဲ့သည်။

ဝင်လာသည့် ဖုန်းက နေပြည်တော်ရှိ ဆေးရုံ တစ်ရုံတွင် မွေးဖွားသည့် ကိုယ်အလေးချိန် သုံးပေါင်သာရှိသည့် ကလေးငယ်ကို မိခင်အရင်းက ပစ်ပြေးတော့မည်ဖြစ်၍ မာမီကွတ်က လာခေါ်ပေးရန်ပင်။

ပေါင်မပြည့်၍ ဆေးရုံ တက်နေရသည့် ကလေးငယ်လေးကို မာမီကွတ် ယူသွား၍ မရ။ တစ်ဖက်တွင်လည်း ကလေးကို ပစ်ပြေးမည့် မိခင်ကို ဖြောင်းဖြရဖြင့် မာမီကွတ် စိတ်မောခဲ့ရသည်။

မိခင်ဖြစ်သူက သူ၏ကလေးကို ရန်ကုန် ကလေးဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူမည်ဟုဆိုကာ နေပြည်တော် ဆေးရုံတွင် ခွင့်တောင်းပြီး ကလေးငယ်လေးကို ရန်ကုန်အထိ ခေါ်ယူခဲ့ရသည်။ 

ကလေးလာယူရန် စတင် ဆက်သွယ်ချိန်က မွန်းလွဲ ၃ နာရီ။ မာမီကွတ်ထံ ကလေး ရောက်လာချိန်က ည ၁၁ နာရီ။

ကလေးကို မပစ်ရက်သည်က တစ်ကြောင်း၊ ဆေးဆက်လက် ကုသပေးရန် လိုအပ်နေသည်က တစ်ကြောင်းကြောင့်  အသိသက်သေများ ရှေ့တွင် လက်မှတ်ထိုးစေကာ ကလေး အုပ်ထိန်းခွင့်ကို ရယူခဲ့သည်။

ဤသည်မှစ၍ မာမီကွတ်သည် အဖမဲ့ သားတို့၏ ကောက်ရိုး တစ်မျှင် တိုး၍ ဖြစ်ရပြန်ပြီ။

ထိုတစ်လအရွယ် နီတာရဲ ကလေးကို ရန်ကင်း ကလေးဆေးရုံတွင် သုံးလ ဆေးရုံတက် ကုသပေးခဲ့ရသည့်အပြင် ခွဲစိတ်မှုများလည်း လုပ်ပေးခဲ့ရမည့်ကိန်း ဆိုက်နေချိန်တွင် မာမီကွတ်ပေ့ခ်ျမှတစ်ဆင့် ကိုယ်ဝန် ပျက်ကျ၍ ဝမ်းနည်းနေသည့် မိန်းကလေး တစ်ဦးက ယင်းကလေးကို မြင်တွေ့ကာ ဆေးရုံစောင့် လုပ်ပေးပါရစေဟု ခွင့်တောင်းခဲ့သည်။

“မိခင်အရင်းလို ကလေးကို သုံးလ နေ့မအိပ် ညမအိပ် လူနာစောင့် လုပ်ပေးတယ်။ သုံးလထိန်းခဲ့တဲ့ သံယောဇဉ်နဲ့ သူတို့ ချစ်ခြင်းကို အစ်မ မခွဲရက်လို့ အခု ကလေးက သူနဲ့နေတယ်။ အစ်မက ကလေးအတွက် နို့မှုန့်၊ ကျန်းမာရေးစရိတ် အစစ အရာရာ ကူညီတယ်”ဟု ပထမဆုံး အုပ်ထိန်းမှု ရခဲ့သည့် ကလေး၏ လတ်တလော အခြေအနေကို မာမီကွတ်က ပြောပြသည်။

တစ်စတစ်စ တိုးလာသည့် ကူညီမှုများနောက်တွင် ငွေကြေးတို့က အဟန့်အတားသဖွယ် ဖြစ်လာသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလခန့်မှစ၍ ပြင်ပ အကူအညီကို ရယူခဲ့ရသည်။ ပင်မ ထောက်တိုင်က သဘာဝ တရားရိပ်သာ ဆရာတော်ပင်။ လိုအပ်သည့် အကူအညီ လိုအပ်သလို ကူညီပံ့ပိုးခဲ့သည်သာ။ မိသားစု၊ အသိုင်းအဝိုင်းနှင့် ရင်းနှီး ဆက်နွှယ်ရာ သူငယ်ချင်းများပါမကျန် မာမီကွတ်ကို ပံ့ပိုးကြပြီ။

လက်ရှိတွင် မာမီကွတ်တွင် အသက် တစ်လမှ ရှစ်လကြားရှိ ကလေးငယ် ရှစ်ဦးကို တာဝန်ယူထားရသည်။ ယင်းကလေးများတွင် ပြန်လည် အခြေကျမှ ကလေးပြန်လာခေါ်မည်ဟုဆိုကာ အပ်နှံခဲ့သည့် ကလေး ငါးဦးနှင့် အပြီး ပေးခဲ့သည့်ကလေး သုံးဦး ရှိသည်။

မာမီကွတ်ထံ ကလေး လက်လွှဲထားသူတို့ကို မာမီကွတ်က တစ်ခုသာ တောင်းဆိုပါသည်။ ကလေးတို့၏ ကျန်းမာရေး အခြေအနေကြောင့် မိဘ အရင်းတို့၏ ဆုံးဖြတ်ချက်လိုသည့် အခါမျိုးတွင် ကလေးထံသို့ လာပေးပါရန် ဖြစ်သည်။

“တစ်နေ့ကျရင် အမေက သားကို အမေ့ကို ပေးခဲ့တယ်၊ သမီးကို အမေ့ကို ပေးခဲ့တယ်၊ အမေ မွေးစားထားတာလို့ အမှန်အတိုင်း ပြောပြမယ်။ သူတို့ ဘဝကို သူတို့ လက်ခံရမယ်။ အစ်မ လိမ်မထားချင်ဘူး”ဟု မာမီကွတ်က ဆိုသည်။

မိဘမဲ့ ကလေးငယ်တို့၏ အရေး၊ အမျိုးသမီးငယ်တို့၏ ကိုယ်ဝန်ဆောင်မှ မီးဖွားသည်အထိ နိစ္စဓူဝ စားဝတ်နေရေးတို့နှင့် မီးဖွားပြီး နေရပ်ပြန် အမျိုးသမီးငယ်တို့ ပြဿနာ ကြီးငယ် အရေးတို့က မာမီကွတ်ကို ဝန်းရံ ပိတ်ဆို့ကြလျက်။ မာမီကွတ်တွင် စိတ်ထွက်ပေါက်တို့ မရှိ။ ပိတ်လှောင် မွန်းကျပ်နေသည့်တိုင် ရုန်းထွက်နိုင်စွမ်း မရှိ။ မေတ္တာ အသိုက်အမြုံ တစ်ခု ရေရှည် ထူမတ် ရပ်တည်နိုင်ရေးက ငွေကြေးဆိုသည့် အရာပေါ်တွင်လည်း များစွာ မူတည်နေသောအခါ မာမီကွတ် ပင်ပန်းနေခဲ့သည်က အမှန်။ လောလောဆယ် မိသားစုနှင့် မိတ်ဆွေများ၏ ထောက်ပံ့ ကူညီမှုဖြင့် ရပ်တည်လျက် ရှိသည်။

ညစဉ် အမိမဲ့သားတို့၏ တအီအီ ငိုသံတို့ကလည်း မာမီကွတ် ရင်ကို နာကျင်စေခဲ့ပြန်သည်။ အမျှင် မပြတ်သည့် သံသရာ စက်ဝိုင်းကို ကျင်လည်ရမည်က မာမီကွတ် တစ်ယောက် ကြောက်တတ်ခဲ့ပြီ။

“ကိုယ့်ကိုယ်နှိပ်တဲ့ လောကကြီးကို ကြောက်နေပြီ။ ကလေးတွေ မွေးလာတာကို ကြည့်တယ်။ နီတာရဲလေးတွေကို  အမေတွေက စွန့်ပစ်သွားတာကို မြင်ရတယ်။ လူဖြစ်ရတဲ့ သံသရာ ဘဝကို ကြောက်တယ်။ သံယောဇဉ် အမျှင်တွေရဲ့ ပူလောင်မှုကိုလည်း အစ်မ ကြောက်တယ်။ အဲဒီ ကြောက်လန့်မှုတွေနဲ့ သေရမှာကို ကြောက်တယ်”ဟု မာမီကွတ်က ဆိုသည်။

ထို့ကြောင့်ပင် သန်လျင် သဘာဝ တရားရိပ်သာ ဆရာတော်၏ အဆုံးအမများနှင့်အညီ ယောဂီ ဝတ်ကာ ခန္ဓာဝန်ချရန်လည်း ကြံရွယ်ထားမိခဲ့သည်ပင်။ ယောဂီဝတ်သည့်တိုင် သံယောဇဉ်နှင့် မေတ္တာတရားတို့ကို မစွန့်ပယ်နိုင်သေး။ ဆက်၍ ကူညီနေဦးမည်ဟုပင်။ အမိမဲ့သားလေးတွေအတွက်၊ စွန့်ပယ်ခံ အမျိုးသမီးထုအတွက် မာမီကွတ်ကတော့ ဆက်ရှိနေမည်။

“အသက် ရှင်နေသရွေ့ ကူညီမယ်။ ငွေရေးကြေးရေးနဲ့ မကူညီနိုင်တော့ရင် ကူညီနိုင်တဲ့ သူတွေဆီက အကူအညီ တောင်းမယ်။ အစ်မကတော့ တံတား တစ်ခုလို ဖြစ်ရင် ဖြစ်သွားမယ်”ဟူ၍။

ရလေး

  • TAGS