POST TYPE

FEATURE

သူတို့ထောက်ခံခဲ့သော သမ္မတ
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြရသည်။ ထိုအထဲတွင် ဘက်ချီဆာဗေးဒါး တစ်ယောက်လည်း ပါဝင်သည်။ သူ့ယောက်ျားအလှည့် ဘယ်တော့ကျလာလိမ့်မလဲဟု ထိတ်လန့်စိုးရိမ်နေခဲ့ရသည်မှာ ကြာခဲ့ပြီ။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဒူတာတေး တက်လာပြီးကတည်းက မူးယစ်စစ်ပွဲဟု ကြေညာကာ ပြည်သူတွေကို တိုက်ပွဲဆင်ခဲ့သည်။ ပြည်တွင်းထုတ် သတင်းစာများတွင်လည်း နေ့တိုင်း ‘သေဆုံးစာရင်း’ များကို ထုတ်ပြရသည့် နေရာတစ်ရာက အမြဲယူထားသည်။  မူးယစ်ဆေးရောင်းသူ၊ သုံးစွဲနေသူများကို ရဲတွေက ပစ်သတ်သည်က တစ်မျိုး၊ မည်သူမှန်း မသိလိုက်ရသော သေနတ်သမားတွေက ပစ်သတ်လိုက်ပြန်ပြီဆိုသည့် သတင်းကတစ်နည်း သတင်းတွေ နေ့စဉ်တက်နေသည်။ လမ်းဘေးတွင် ပိုးစိုးပက်စက် လဲကျနေသူများ၏ ရင်ဘတ်ပေါ်တွင်လည်း ‘ကျွန်တော် ဆေးသမားပါ။ ကျွန်တော့်လို မဖြစ်ကြပါစေနဲ့’ ဆိုသည့် စာတန်းတွေ တင်ထားသည်။

ပစ်ပြီ၊ သေပြီဆိုသည့် သတင်းထွက်ပေါ်လာတိုင်း ဘက်ချီတစ်ယောက် သူ့ယောက်ျား မဟုတ်ပါစေနှင့် ဆုတောင်းနေရသည်။ သူနှင့် ဆယ်နှစ်ကျော် ပေါင်းသင်းလာခဲ့သည့် ယောက်ျားဖြစ်သူနှင့် ကလေး သုံးယောက် ရထားပြီ။ သူမစိုးရိမ်နေသည်မှာ ယောက်ျားဖြစ်သူက ဆေးသမား၊ ဆေးစွဲနေသောကြောင့် ဖြစ်သည်။ 

“ကျွန်မ သူ့ကို အမြဲပြောတယ်။ ညဘက်အပြင် မထွက်ပါနဲ့လို့”

သူမ၏ ခင်ပွန်းဖြစ်သူ မာဆဲလိုကလည်း-
“မစိုးရိမ်ပါနဲ့ မိန်းမရာ။ ငါပြန်လာမှာပါ။ အိုကေပါတယ်” ဟု အမြဲပြန်ပြောတတ်သည်။

မာဆဲလိုက တက္ကစီကားမောင်းသည်။ ကားသမားဆိုသည့်အတိုင်း ညဘက်အိပ်မငိုက်ရန် ကြံဆောင်ရင်းက သူတို့ဒေသအခေါ် ရှာဘူးဆေးစွဲတော့သည်။ သူနှင့် အပေါင်းအပါ ကားသမားများအခေါ် ရှာဘူးဆိုသည့် မက်သမ်ဖက်တမင်း ဆေးပြားများ သုံးကာ သူကားမောင်းနေခဲ့သည်မှာ ၂ နှစ်ကျော် ကြာခဲ့ပြီ။ 

သမ္မတအဖြစ် စည်းရုံးလှုပ်ရှားစဉ် ကာလများတွင် ဒူတာတေးက မူးယစ်ဆေးသည် နိုင်ငံတော်အတွက် သေရေး၊ ရှင်ရေး ကိစ္စတစ်ခုလို ဖြစ်နေပြီး နိုင်ငံတော်ကို ခြိမ်းခြောက်နေပြီဟု စည်းရုံးပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆယ်စုတစ်စုအတွင်း အကျင့်ပျက်ခြစားမှုများ၊ ရာဇဝတ်မှုများကို ထိတ်လန့်စွာ ခံစားနေကြရသဖြင့် သူ့အပြောကို မိန်းမောသွားခဲ့ကြသည်။ 

ဒူတာတေး အစိုးရ တက်လာပြီးနောက် ၂၀၀၄ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေး သုံးစွဲသူပေါင်း ၆ ဒသမ ၇ သန်း ရှိခဲ့ရာမှ မိမိအစိုးရ လက်ထက်တွင် ၁ ဒသမ ၇ သန်းအထိ ကျဆင်းသွားပြီး ဖြစ်ကြောင်း ဂုဏ်ယူစွာ ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေး သုံးစွဲနေသည့် ဦးရေမှာ အစိုးရ ထုတ်ပြန် ချက်အရ ၂ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ထိုနှုန်းသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် သြစတြေးလျနိုင်ငံတို့နှင့် နှိုင်းယှဉ်လိုက်မည် ဆိုလျှင် မပြောပလောက်သည့် အရေအတွက် ဖြစ်သည်။ အာရှရှိ ထိုင်း၊ ကမ္ဘောဒီးယားတို့နှင့် ယှဉ်လျှင်ပင် မဆိုစလောက် အရေအတွက် ဖြစ်သွားသည်။

ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးကြောင့် ချောက်ထဲကျလုလု အနေအထားဖြစ်နေပြီ ဆိုသည့် ဒူတာတေး၏ ပြောစကားသည် လက်ရှိအနေအထားတွင် စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေသေးသလော တွေးစရာ ဖြစ်လာသည်။

ဒူတာတေးသည် မူးယစ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဒါဗာအိုမြို့တွင် မြို့တော်ဝန်ဘဝဖြင့် တာဝန်ထမ်းဆောင်စဉ် ကတည်းက လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဒါဗာအိုမြို့တော်ဝန် ဘဝက သူ့ကိုယ်သူ ရဲတပ်ဖွဲ့၏ အကြီးအကဲတစ်ယောက် အသွင်ဖြင့် ဟာလေ ဒေးဗစ်ဆန်ကားကြီးကို စီးပြီး ရာဇဝတ်မှုများကို နှိမ်နင်းခဲ့သူလည်း ဖြစ်သည်။ သူ့ကိုယ်သူလည်း “ဒူတာတေး ဟာရီ” ဟု လည်းကောင်း၊ “ပြစ်ဒဏ်ပေးသူ” ဟုလည်းကောင်း ဂုဏ်ယူစွာ အမည်ပြောင်ပေးပြီး သူအုပ်ချုပ်ခဲ့သည့် ဒါဗာအိုတွင် ကြမ်းရမ်းစွာ စီရင်စိုးမိုးခဲ့သူတစ်ဦး ဖြစ်သည်။

ဒါဗာအိုတွင် သူအုပ်ချုပ်ခဲ့စဉ်က မြို့တွင်းကို ဆိုင်ကယ်စီးသူများနှင့် လှည့်လည်ပြီး “ဒါဗာအို သေမင်းတပ်” ဟုဆိုကာ ထိတ်လန့်အောင် လှုပ်ရှားခဲ့ဖူးသည်။ သူ၏ သေမင်းတပ်ကြောင့် ဒါဗာအိုမြို့တွင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရသည်။ 

ဒူတာတေးက အသံကျယ်ကျယ် ထုတ်ဖော်ပြောဆိုတတ်သည်။ သူပြောသည်ကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မီဒီယာတွေကလည်း ကိုးကားပြီး အကြီးအကျယ် ဖြစ်အောင် ထုတ်ဖော်ပေးတတ်သည်။ သူက ရဲတွေကို မူးယစ်ဆေးဖြင့် သံသယ ရှိသူများကို ကိုယ့်မှာ သေနတ်ရှိလျှင် ကိုယ်တိုင်စီရင်ပစ်လိုက်ဟု လှုံ့ဆော်နှိုးဆွပေးသည်။ 

မေလ ၇ ရက်နေ့ နောက်ဆုံး သမ္မတစည်းရုံး လှုံ့ဆော်ပွဲတွင် သူက-
“ခင်ဗျားတို့ထဲမှာ မူးယစ်ဆေး သုံးနေတဲ့သူတွေ ရှိနေရင် ခွေးမသားတွေလို့ ပြောချင်တယ်။ ခင်ဗျားတို့ကို ကျုပ်ကိုယ်တိုင်သတ်မယ်။ သည်းမခံဘူး။ ကျုပ်မှာ ခွင့်လွှတ်ပေးဖို့ မရှိဘူး” ဟု ရိုင်းစိုင်းစွာ စပြောခဲ့သည်။ 

ဇွန်လ ၃၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တွင်လည်း မူးယစ်ဆေး စစ်ဆင်ရေးကို သူပြောထားသည့်အတိုင်း စတင် လုပ်ဆောင်တော့သည်။ သူက စစ်ဆင်ရေးကို “နှစ်လုံးပြူး” ဟု အမည်ပေးပြီး စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ 

ရဲတွေက သံသယရှိပြီး စောင့်ကြည့်နေရသည့် စာရင်းတွေ ထုတ်ပြန်ပေးထားသည်။ ထိုအထဲတွင် သုံးစွဲသူတွေ၊ ရောင်းသူတွေလည်း ပါသည်။ လုံခြုံရေး စစ်သားတွေ တစ်အိမ်တက်ဆင်း စီးနင်းတိုက်ခိုက် ရှာဖွေမှုတွေ စတင်တွေ့မြင်လာရသည်။ 

ဗာဂီလန်တီသည် အလုပ်သွားရာမှ အိမ်ပြန်ရောက်မလာတော့။ မာဆဲလိုအိမ် အနီးတွင် ဆိုက်ကားသမား လင်မယားနှစ်ယောက် သေဆုံးနေကြသည်။ နောက်တစ်နေ့တွင် လူတစ်ယောက်က လည်ပင်းပြတ်လျက် သေနေပြန်သည်။ သူ့ကိုယ်ပေါ်တွင် ကျွန်တော် မူးယစ်ဆေး စွဲနေသည့် သူခိုးပါဆိုသော စာတန်းကို တွေ့လိုက်ကြရသည်။

မာဆဲလို မိသားစုသည် နေ့တိုင်း ပစ်သံခတ်သံ သေနတ်သံနှင့် လူသေများကြားတွင် နေထိုင်ရသည်ကို ကြောက်လာသည်။ သူကိုယ်တိုင်က သုံးဘီးမောင်းသမား ဖြစ်သည်။ သုံးဘီး တက္ကစီဆွဲပြီး သူ့သားနှစ်ယောက်နှင့် မွေးကင်းစကလေး တစ်ယောက်တို့ကို ပြုစုပျိုးထောင်နေရသည်။ သူ့မိခင်ကလည်း သူ့ကို မူးယစ်ဆေး မသုံးပါနှင့်ဟု စိုးရိမ်ကြီးစွာ နေ့စဉ် တိုက်တွန်းနေရှာသည်။ 

မာဆဲလိုသည် မူးယစ်ဆေးဖြတ်မည်ဟု ကတိပေးထားသည်။ မဖြတ်လျှင်လည်း သူ့လည်ပင်း လာဖြတ်မည့် သူတွေက ဝိုင်းနေပြီ ဖြစ်သည်။ သူက မိန်းမဖြစ်သူ ဘက်ချီကိုလည်း
“မစိုးရိမ်ပါနဲ့တော့ကွာ။ ခုဆို ငါသုံးမှ မသုံးတော့တာ” ဟု ပြောသည်။

အစိုးရ ထုတ်ပြန်ချက်အရ မာဆဲလိုကဲ့သို့ မူးယစ်ဆေးဖြတ်ပါပြီဟု ပြောနေသူပေါင်း ဖိလစ်ပိုင်တွင် ၇ သန်းကျော် ရှိသည်။ ထိုသူများကို “အညံ့ခံသူများ” အဖြစ် သတ်မှတ်ထားသည်။ သူတို့က နောက်ဘယ်တော့မှ မူးယစ်ဆေး မသုံးတော့ကြောင်း ဝန်ခံကတိပေးပြီး ကြောက်ကြောက်နှင့် နေထိုင်ကြရသည်။ မာဆဲလိုကလည်း သူ့ကို ဘယ်လိုပြောပြော အရှုံးပေး အညံ့ခံပါပြီဟု လက်နက်ချကာ ငြိမ်ဝပ်ပိပြားစွာ နေထိုင်ပြရသည်။

ထိုအချိန်တွင် သေဆုံးသူဦးရေကလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ ဒူတာတေး အာဏာရလာပြီးနောက် အစိုးရအဖြစ် တာဝန်ယူပြီးကတည်းက မူးယစ်ဆေး အကြောင်းပြပြီး သတ်ဖြတ်ခဲ့သူ ဦးရေမှာ ၁၅၇၈ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပျောက်သူတွေလည်း သေဖို့များသည်။ အစိုးရ တရားဝင် မထုတ်ပြန်သည့် အကြောင်းပြချက် မရှိဘဲ သေဆုံးခဲ့သူပေါင်း ၂၁၅၁ ဦးခန့် ရှိနေသေးသည်။ 

ရဲတပ်ဖွဲ့က ရာဇဝတ်မှုများ သိသိသာသာ လျော့ကျသွားကြောင်း ဝန်ခံသည်။ ဖိလစ်ပိုင်နိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်မှာ ဆယ်စုနှစ် တစ်စုနီးပါး ကြာခဲ့ပြီ။ သို့သော် ဒူတာတေး တက်လာပြီးမှ ကိုယ်တိုင်တရားစီရင်ပြီး သတ်ဖြတ်ကာ သေဒဏ်ပေးလိုက်ကြသည်မှာ တောင်ပုံရာပုံ ဖြစ်နေသည်။

သမ္မတကိုယ်တိုင်က မြှောက်ပေးသည်။ တရားလက်လွတ် သတ်ဖြတ်မှုတွေက အတင့်ရဲလာသည်။ ဥပဒေအတိုင်း အရေးယူမည်မဟုတ်။ မူးယစ်ဆေးနှင့် ပတ်သက်သူ မှန်သမျှ ပစ်သတ်ဆိုလိုက်သောကြောင့် မုန်းလျှင်လည်း မူးယစ်ဆေးကြောင့် ဖြစ်နေရသူတွေ များစွာဖြစ်လာကြောင်း လူ့အခွင့်အရေးအဖွဲ့မှ ဂျိုး လူးဝစ် မာတင်က ပြောကြားသည်။

စက်တင်ဘာ ၅ ရက်နေ့က မာဆဲလိုသည် သူ့တက္ကစီကို လမ်းဘေးဈေးဆိုင်တစ်ခု အနီးတွင် ရပ်ထားသည်။ မနက်ခင်းတွင် သူ့မိသားစု ကော်ဖီသောက်ရန် အစားအစာများ ဝယ်ရန်ဖြစ်သည်။ ဆိုင်၌အလုပ် လုပ်နေသော မာလ်ဗင် ဘာလင်ဂတန် ဆိုသူက မာဆဲလိုကို ပစ္စည်းတွေ လှမ်းပေးရင် ပိုက်ဆံအမ်းနေချိန် ဖြစ်သည်။ ထိုအချိန်တွင် သေနတ်သံတွေ ပေါ်ထွက်ာသည်။

သေနတ်ပစ်ခံရချိန်မှာ နံနက် ၁၀ နာရီ ၅ မိနစ် အချိန်တွင် ဖြစ်သည်။ မာဆဲလိုသည် ကြောက်လန့်ပြီး ၁၅ ကိုက်လောက အကွာကို ထွက်ပြေးသွားသည်။ သေနတ်သံတွေ ထပ်ပေါ်လာပြန်သည်။ သူလဲကျသွား သည်။ ဆိုင်ရှင်က လှဲချလိုက်သောကြောင့် လွတ်သွားသည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက်က မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်များဖြင့် ပစ်နေခြင်း ဖြစ်သည်။ သူတို့မျက်နှာများကို ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းကာ  ကာကွယ်ထားသည်။

မာဆဲလို လဲကျသွားသည့် နေရာသည် အိမ်နှင့် ငါးမိနစ်ခန့် လမ်းလျှောက်သွားလျှင် ရောက်နိုင်သည့် နေရာဖြစ်သည်။ ဆိုင်ရှင်က သူ၏ ဇနီးဖြစ်သူထံ သတင်းသွားပို့သည်။ ကလေးတွေရောက်လာပြီး သူတို့အဖေကို မေးကြသည်။ မိသားစုတစ်စု ကမ္ဘာပျက်ခဲ့ရသည့် နေ့တစ်နေ့ ဖြစ်သွားသည်။ 

သူတို့လိုက်သွားချိန်တွင် မာဆဲလိုသည် သွေးအိုင်ထဲတွင် မှောက်လျက်သား လဲကျသေဆုံးနေပြီ ဖြစ်သည်။ သူ့လက်ထဲတွင် ရှာဘူဆေးပြားတွေကို တွေ့ရသည်။ အခင်းဖြစ်ချိန်က ကားထဲတွင် မာဆဲလို၏ ယောက္ခမဖြစ်သူ ရှိနေသည်။ သူ့သားလဲကျပြီး သေဆုံးနေချိန်တွင် လက်ထဲ၌ ဘာဆေးပြားမှ မရှိဟု ဆိုသည်။ နောက်မှ မာဆဲလို လက်ထဲကို ဘယ်သူတွေက ဆေးပြားတွေ ထည့်သွားမှန်း မည်သူမှ မသိကြပေ။

မာဆဲလို၏ ဇနီးဖြစ်သူသည် အကူအညီ အော်တောင်းနေသော်လည်း မည်သူမှ ထွက်မလာရဲကြ။ နောက်ပိုင်း ရဲတွေ ရောက်လာကြသည်။ သုံးရက်လုံးလုံး ဘက်ချီတစ်ယောက် ဝမ်းနည်းပြီး ငိုကြွေးနေမိတော့သည်။ 

“ကျွန်မ တစ်နေ့နေ့ ဒီလိုအဖြစ်မျိုး ဖြစ်လာတော့မယ် ဆိုတာ မျှော်လင့်ထားပြီးသားပါ။ ဆုတောင်းနေရုံက လွဲပြီးတော့ ဘာမှလည်း မတတ်နိုင်ပါဘူး” ဟု သူမက ဆိုလိုက်သည်။

အသုဘအိမ်ရှေ့တွင် မာဆဲလို၏ တက္ကစီကားလေး ရပ်ထားသည်။ ကားထဲတွင် လူမရှိ။ တိတ်ဆိတ်နေသည့် ဝန်းကျင်တွင် ထိတ်လန့်စရာ ကောင်းနေသည်။ ကားရှေ့ခန်း မီတာတံတွင် အနီရောင်နှင့် အပြာရောင် လက်ပတ်လေးတစ်ခုကို ချည်နှောင်ထားသည်။ ထိုလက်ပတ်သည် သမ္မတ ဒူတာတေး မတက်မီက ရွေးကောက်ပွဲအတွက် လှုံ့ဆော်စည်းရုံးရေး ဆင်းနေချိန်တွင် ဒူတာတေးကို ထောက်ခံသည့် အနေနှင့် သူကိုယ်တိုင် အမှတ်တရ ပတ်ထားသည့် လက်ပတ်လေးတစ်ခု ဖြစ်ပါသည်။

လက်ပတ်ပေါ်တွင် ထင်ရှားစွာ ရေးထားသည့် စာလုံးမှာ “ဒူတာတေး” ဟူ၍ ဖြစ်သည်။ 

(Ref : In Philippine drug war, a family struggles to stay safe, Todd Pitman, AP)

ကျော်ဗလ