News

POST TYPE

FEATURE

ဇာတ်စနစ်နှင့် ခေတ်၏ ကျေးကျွန်များ ပပျောက်ရေး
13-Dec-2016 tagged as အိန္ဒိယ

မနက်စောစော စီတာ အိမ်ပြန်ရောက်ချိန်တွင် သူမ၏ ခင်ပွန်းသည် အိပ်ကောင်းတုန်း ဖြစ်သည်။  သူတစ်ညလုံး ဒေလီမြို့စွန် အဝေးပြေးကားဂိတ်တွင် အလုပ်လုပ်ခဲ့ရသည်။ သူ့အလုပ်က လိင်ကုန်ရောင်း အလုပ်ဖြစ်သည်။

ရေမိုးချိုး၊ အစားအစာများ ချက်ပြုတ်၊ ကလေးတွေနှိုး ကျောင်းသွားရန် ပြင်ဆင်ပေးပြီးနောက် သူတို့ ကျောင်းသွားမှ စီတာတစ်ယောက် အိပ်စက်အနားယူရတော့သည်။

ဒေလီမြို့စွန်ရှိ စီတာတို့ နေထိုင်သော ရပ်ကွက်လေးများတွင် သူ့လို လုပ်ကိုင်စားသောက်နေကြသည့် မိန်းကလေးပေါင်း များစွာ ရှိကြသည်။ သူတို့ဘဝတွေက လိင်ကုန်ရောင်းကြရသည့် အတွက် အထူးအဆန်းလည်း မဟုတ်တော့ပေ။ စီတာသည် ပါနာမျိုးနွယ်က ဖြစ်ပြီး သူတို့မျိုးနွယ်စုများ အတွင်း ဝိုင်းပယ်ခြင်း ခံထားရသည့် အုပ်စုထဲက ဖြစ်သည်။ သူတို့အုပ်စုထဲတွင် အိမ်ထောင်ကျ၊ ကလေးမွေးပြီးလျှင် နောက်တစ်ဆင့် အနေဖြင့် လိင်ကုန်ရောင်းကာ စီးပွားရှာပေးရုံကလွဲပြီး အခြားနည်းလမ်း မရှိသူများ ဖြစ်နေသည်။ 

“ကျွန်မ ပထမ သားဦးက မွေးမွေးပြီးချင်း သေသွားတယ်။ ဒုတိယသမီး တစ်နှစ်အရွယ်မှာ ကျွန်မ ဒီအလုပ်ကို စလုပ်တယ်” ဟု စီတာက ဆိုသည်။

သူမအနေဖြင့် လူငယ်ပိုင်း အရွယ်လောက် ကတည်းက လက်ထပ်လိုက်ရသည်။ သူတို့ လူမျိုးထုံးစံအရ တစ်ကြိမ်မှ မတွေ့ဆုံဖူးခဲ့သည့် ပါနာမျိုးနွယ် အမျိုးသားတစ်ဦးနှင့် လက်ထပ်လိုက်ရခြင်း ဖြစ်သည်။ မိသားစုအတွက် ဝင်ငွေကို လိင်ရောင်းပြီး ရှာပေးရစဉ်က သူမ၏ အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်။ 

ယခု အသက် ၂၀ ရှိနေပြီ ဖြစ်သည့် စီတာ တစ်ယောက် မြို့စွန်တွင်နေပြီး ညတိုင်း လိင်စီးပွား ရှာနေရသည်။ သူနှင့် အခြားအမျိုးသမီး အဖော်များသည် နေရာအတည်တကျ မရှိ။ 

ဘတ်စ်ကားမှတ်တိုင်၊ လမ်းဘေးကားရပ်သည့် နေရာများ၊ ပန်းခြံများတွင် လှည့်လည်ပြီး ဖောက်သည်ရှာကြရသည်။ သို့သော်  အိမ်နီးချင်းများနှင့် ရဲတွေကိုတော့ သူတို့ရှောင်ကြရသည်။ ပါနာအုပ်စုမှ အမျိုးသမီးများသည် အုပ်စုလိုက် သွားလာနေထိုင်ပြီး သင့်သလို လုပ်ကိုင်စားသောက်ကာ ညီအစ်မတွေလို အသက်မွေး နေထိုင်ကြသူများလည်း ဖြစ်သည်။ 

“ကျွန်မတို့က ကိစ္စတစ်ခုကို မြန်မြန်ပြီးအောင် လုပ်ရတယ်။ ကားပေါ်ဖြစ်ဖြစ်၊ ချောင်ကြိုချောင်ကြား ဖြစ်ဖြစ် ကိစ္စပြီးလိုက်ကြတာပဲ။ တစ်ယောက်က တစ်နေရာမှာ အလုပ်ဖြစ်ရင် နောက်တစ်ယောက်က သူတို့နဲ့ တစ်ခေါ်လောက် အကွာမှာ စောင့်ပေးကြတယ်။ ဖောက်သည် တစ်ယောက်ဆီက ရတာမှ ရူပီး ၂၀၀ နဲ့ ၃၀၀ လောက် (၃ ဒေါ်လာ မှ ၄ ဒေါ်လာခွဲ) ပဲ ရတာ။ ကျွန်မတို့ တစ်ယောက်ကို တစ်ည ရူပီး ၁၀၀၀ (၁၄ ဒသမ ၆၀ ဒေါ်လာ) လောက် ရတယ်” ဟု စီတာက ဆိုသည်။ 

ဆင်းရဲစွာ မွေးဖွားခဲ့ရခြင်း

လီလာ ဆိုသူကလည်း အသက် ၃၀ ခန့်ရှိကာ ကလေးလေးယောက် မိခင်ဖြစ်သည်။ သူမ ဤအလုပ်ကို လုပ်ကိုင်ခဲ့သည်မှာ ငယ်ငယ်လေး ကတည်းက ဖြစ်ကြောင်း ပြောရှာသည်။ သူနှင့် စီတာ မတူသည့် အချက်မှာ မုဆိုးမ ဖြစ်သွားပြီးမှ ရွာကိုပြန်လာပြီး ဤအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ 

ရွာရောက်တော့လည်း အလုပ်အကိုင် ရှာဖွေခဲ့ရသည်။ သူမ၏ မိခင်ကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားသည်။ အဒေါ်ဖြစ်သူကလည်း ဤအလုပ်ကိုပင် လုပ်ကိုင်စားနေသူ ဖြစ်သည်။ 

သူတို့ရွာက ယောက်ျားများသည် ဆိတ်ကျောင်းပြီး အလုပ်ကောင်းကောင်း လုပ်ကိုင်နေထိုင်ကြသူများ မဟုတ်ကြပေ။ 

“သူတို့ ဘာကြောင့် အလုပ်မလုပ်ကြတာလဲ ဆိုတာ ကျွန်မတော့ နားမလည်ဘူး။ ဒီမှာက အစဉ်အလာလို ဖြစ်နေပြီ။ မိန်းမတွေ ဒီအလုပ်လုပ်လို့လည်း ပြဿနာ မရှိဘူး။ သူတို့ နားလည်ပြီးသား” ဟု လီလာက ရှင်းပြသည်။ 

“ပါနာက အမျိုးသမီးတစ်ယောက်ဟာ မွေးကတည်းက ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့ကြရတာ။ ဇာတ်မျိုးနွယ်အရလည်း အမျိုးသမီးတွေဆိုတာ အနှိမ်ခံတွေ ဖြစ်နေကြရတယ် မဟုတ်လား” ဟု Apne Aap အဖွဲ့ကို ထူထောင်သူ ရူချီရာ ဂုပတားက ဆိုသည်။ သူတို့အဖွဲ့သည် NGO အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အမျိုးသမီးများ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နာဂျက်ဖ်ဂါ ပူနာရွာအုပ်စုတွင် အလုပ်လုပ်ပေးနေသည်။ 

“ဒီမှာက အရွယ်လေး ရောက်လာပြီ ဆိုတာနဲ့ လက်ထပ်ကြရတယ်။ ပထမကလေး မွေးဖွားပြီးရင် ယောက်ျားကိုယ်တိုင်က မိန်းမကို ဆွယ်ပေးတော့တာပဲ။ မိန်းမတွေကလည်း ငြင်းခွင့် မရှိဘူး။ သူတို့ ကိုယ်တိုင်က ဒီမှာ လူလာဖြစ်နေကြရတာ မဟုတ်လား။ သူတို့မှ ဒီဘဝက လွတ်မြောက်ဖို့ ရှောင်လွှဲနိုင်စရာ လမ်းမရှိဘူး။ ၈ နှစ်နဲ့ ၁၀ နှစ်လောက်တော့ အနည်းဆုံး လုပ်ကျွေးနေကြရမှာပဲ။ နောက် သမီးဖြစ်သူ အရွယ်ရောက်လာရင်လည်း သူ့လိုဘဝ ရောက်အောင် တောင်းဆိုခြင်း ခံရမှာပဲ”

လိင်ကုန်ရောင်းရန် ငြင်းဆန်သူသည် သူတို့ဓလေ့အရ ရိုက်နှက်ဆုံးမခြင်း ခံရမည် ဖြစ်သည်။ သူတို့တွင် သားယောက်ျားလေး မွေးဖွားလာလျှင်လည်း ချွေးမသည် ဤလုပ်ငန်းကို မဖြစ်မနေ လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးရမည်သာ ဖြစ်သည်။ လီလာ၏ သမီးကိုယ်တိုင်ပင် သူ့အမေနှင့်အတူ အချိန်ပိုင်းအလုပ် လိုက်ဆင်းစ ပြုနေပြီ ဖြစ်သည်။

စီတာကို သူ့ခင်ပွန်းနှင့် ယောက္ခမတို့က လိင်ကုန်ရောင်းရန် ဖိအားပေးလာသည့် အခါတွင် သူမက လုပ်ချင်မှ လုပ်မည်ဟု စကားခံ ထားခဲ့ဖူးသည်။ သူ့ခင်ပွန်းဖြစ်သူက ကားမောင်းပြီး ယခုအခါ သူလုပ်သည့် အလုပ်က ရှာဖွေနိုင်သည့် ဝင်ငွေထက်တော့ နည်းသည်။ 

ဇနီးဖြစ်သူကို လိင်ကုန်ရောင်းရန် အတင်းအကျပ်မခိုင်းဟု ဆိုစေ သူတို့ လူ့ဘောင်တွင် အခြားရွေးချယ်စရာ လမ်းမရှိနိုင်လောက်အောင် ဖြစ်နေသည်။ သူတို့ဘဝကို မည်သူကမျှ အလေးထား ဂရုစိုက်ခြင်း မရှိကြသောကြောင့်လည်း လုပ်စားသည် ဖြစ်စေ၊ မလုပ်စားသည် ဖြစ်စေ သူတို့ဘဝတွေက တန်ဖိုးမဲ့သူများ ဖြစ်နေကြရသည်။

သမိုင်းနှင့်ချီခဲ့သော အပယ်ခံများ

အိန္ဒိယနိုင်ငံ မြို့တော်ကြီးများ၏ အစွန်အဖျားတွင် နေထိုင်ကြရသည့်သူများ ဘဝသည် အပယ်ခံများ ဘဝတွင် ရောက်နေကြရသေးသည်။ သူတို့ အပယ်ခံများဘဝ ရောက်နေခဲ့ကြရသည်မှာ ကိုလိုနီခေတ်လောက် ကတည်းက ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့က ရာဇဝတ်မှု ကျူးလွန်တတ်သည့် အုပ်စုများအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။ 

သမိုင်းနှင့်ချီ ကြည့်လျှင် အစွန်အဖျားနေ ပြည်သူများသည် ခြေသလုံးအိမ်တိုင် သွားလာနေထိုင်သူများ၊ ဇာတ်သမားများ၊ လက်မှုပညာသည်များ ဖြစ်သည်။ ရောမနှင့် ဥရောပတွင် နေထိုင်ကြသည့် ဂျစ်ပဆီတွေလို သူတို့ကို ခိုင်းနှိုင်းလေ့ ရှိကြသည်။ သူတို့ ကမ္ဘာအနှံ့တွင် ရှိနေကြသည်။ သူတို့ လူနေမှုဘဝနှင့် ဓလေ့စရိုက်တွေကြောင့်လည်း သူတို့ကို လက်ခံထားရသည့် အစိုးရများက အရေးယူရန် ခက်လှသည်။ 

အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် အပယ်ခံအဖြစ် သတ်မှတ်ထားသော ပါနာအုပ်စုကဲ့သို့ နေရာများ ရှိနေဆဲ ဖြစ်သည်။ ယခင်ကတည်းက ရာဇဝတ်မှု ကျူးလွန်တတ်သူများ၊ လူဆိုးများဟု သတ်မှတ်ထားခြင်း ခံထားရသည့် အုပ်စုများ ဖြစ်နေသောကြောင့် တည်ဆဲဥပဒေများနှင့်လည်း ကင်းကွာသယောင် ဖြစ်နေကြရသည်။ ထို့ကြောင့်လည်း သူတို့ဘဝ လူနေမှုတွင် အခွင့်အရေး ဆိုသည်မှာ ဘာမှန်းမသိလောက်အောင် ဖြစ်နေခဲ့ကြရရှာသည်။

အိန္ဒိယ အစိုးရပိုင်းကလည်း ထိုလူမျိုးနွယ်စုများ၏ ဘဝကို မြှင့်တင်ပေးနိုင်ရန် ကြိုးစားပါသည်။ သို့သော် ထိုလူမျိုးစုဝင်များ ကိုယ်တိုင်က အစိုးရကို ရှောင်ဖယ်ဖယ် လုပ်ကာ နေထိုင်ကြသည်က များသည်။ သူတို့ ကိုယ်တိုင်က အစိုးရကို အသိအမှတ် မပြုသလို နေထိုင်ကြသဖြင့် အစိုးရကလည်း သူတို့အုပ်စုများကို ပစ်ပယ်ထားသလို ဖြစ်နေရသည်။

ပြောင်းလဲမှုအစ

အိန္ဒိယနိုင်ငံ အစွန်အဖျားနေ ဆာပီရာအုပ်စု မင်္ဂလာဆောင်များတွင် အကများ လိုက်ကသည့် မိန်းကလေးငယ်တစ်ဦး ရှိသည်။ သူက -
“အဲဒါ သူတို့ အလုပ်လို ဖြစ်နေတာ။ သူတို့မှာ အဲဒီအလုပ် မလုပ်လို့လည်း အခြားဝင်ငွေရစရာ ဘာအလုပ်မှ မရှိဘူး။ အခြားသူတွေကတော့ သူတို့ အဲဒီလို လုပ်ကိုင်စားသောက် နေရသူတွေကို အမှားတွေ လုပ်နေတယ် ထင်ကြတာပေါ့” ဟု ပြောပြသည်။

Apne Aap အဖွဲ့မှ ဝန်ထမ်းများကလည်း အိန္ဒိယနိုင်ငံတွင် ပါနာလူမျိုးစုဝင်များသည် ပစ်ပယ်ထားခြင်း ခံထားရသူများဟု ဆိုကြသည်။ အချို့ကိုဆိုလျှင် ဆိုင်များအတွင်း အဝင်မခံသည့်အထိ တားမြစ်ခြင်း ခံထားရသည်။ NGO အဖွဲ့အစည်းများကလည်း ထိုမျိုးနွယ်စုများက မွေးဖွားလာကြသည့် ကလေးများကို သူတို့မိဘများ၏ လမ်းကြောင်းနောက် မလိုက်စေရန် ကျောင်းထားပေးခြင်း၊ ပညာပေးခြင်းများဖြင့် ပြုစုပျိုးထောင်ပေးလျက် ရှိကြသည်။ 

ပြောင်းလဲမှုတစ်ခုကို ချက်ချင်းကြီး လုပ်ရန် မဖြစ်နိုင်သောကြောင့် NGO အဖွဲ့များ အနေဖြင့် ဖြည်းဖြည်းချင်း ကိုင်တွယ်ကာ ဖြေရှင်းနေကြရသည်။ သူတို့က ကလေးတွေကို ပညာတွေ သင်ပေးပြီး ပညာတတ်လေးများ ဖြစ်လာကြသော်လည်း အလုပ်အကိုင် ရှာဖွေမပေးနိုင်သေးခြင်းက ပြဿနာတစ်ခုလို ဖြစ်နေရသည်။ သူတို့က ပါနာလူမျိုးစုများထဲက သူတို့ မိခင်တို့၏ ဘဝမျိုးကို မရောက်သွားစေရန် ၁၀ ရာခိုင်နှုန်း လောက်ကိုသာ ကယ်တင်နိုင်ခဲ့ကြသော်လည်း၊ အမှန်တကယ် ဘဝလွတ်မြောက်နိုင်ခဲ့သူက ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဆိုသည်။ 

လီလာ၏ အငယ်ဆုံး သမီးလေး ဆိုလျှင် ယခုမှ အသက် ၁၄ နှစ်သာ ရှိသေးသည်။ သူ့ကို Apne Aap အဖွဲ့က ကျောင်းထားပေးသည်။ ပုဂ္ဂလိက ဘော်ဒါကျောင်းတွင် ထားပေးထားခြင်း ဖြစ်သည်။ သူ့အကြောင်း သူ့သူငယ်ချင်းတွေ ကောင်းကောင်းမသိ။ သူမသည် အင်္ဂလိပ်စကားလည်း မတောက်တခေါက် ပြောတတ်နေပြီ ဖြစ်သည်။

သူမ၏မိခင် လီလာသည် ကျောင်းကိုတက်ဖူးသူ မဟုတ်။ သူက မိခင်ဖြစ်သူကိုပင် ကတိတွေ ပေးနေသည်။ “သမီးကျောင်းပြီးလို့ အလုပ်ကောင်းကောင်းရရင် ဒီက ထွက်သွားကြမယ်” ဟူ၍ ဖြစ်သည်။ 

လီလာ၏ သမီးငယ်မှာ အနာဂတ် မျှော်လင့်ချက်တွေအပြည့် ဖြစ်နေသည်။ သို့သော် အသက် ၂၀ အရွယ် သူမ၏ လိုင်းနောက်ကို လိုက်စပြုနေသည့် သမီးတစ်ယောက်ကတော့ ပညာရေးထက် စားဝတ်နေရေးက ပိုပြီးအရေးကြီးသည်ဟု ခံယူထားသည်။ 

စီတာက -
“ကျွန်မတို့ ကလေးတွေကို ကျောင်းပို့ခွင့်ရလာပြီလေ။ ဒါ ပထမခြေလှမ်းပေါ့” ဟု ဆိုလိုက်သည်။

(Ref : The Indian caste where wives are forced into sex work, Maya Prabhu)

ကျော်ဗလ
E01