POST TYPE

FEATURE

မလေးရှားကို ကယ်တင်ပါ
06-Dec-2016 tagged as မလေးရှား


၂ဝ၁၆ ခုနှစ် ဇွန်လတွင် မလေးရှားနိုင်ငံ၌ မလေးရှားကို ကယ်တင်ကြ (Save Malaysia) ဆိုသည့် လှုပ်ရှားမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ယခင် မလေးရှား နိုင်ငံခေါင်းဆောင်ဟောင်း (ဝန်ကြီးချုပ်ဟောင်း) မဟာသီယာ မိုဟာမတ် ကိုယ်တိုင်က လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

မဟာသီယာက မလေးရှား နိုင်ငံကို အကျင့်ပျက်သူ တစ်ဦးကြောင့် အခြေအနေများ ယခင်ကထက် ပိုပြီး ဆိုးရွားလာကြောင်းကို ဖော်ကျူးသည့်အနေနှင့် မလေးရှားကို “Will go to the dog”ဟုလည်း ခိုင်းနှိုင်း ပြောဆိုကာ ပြစ်တင် ဝေဖန် လိုက်ပါတော့သည်။

အကျင့်ပျက် ခြစားနေသည့် ခေါင်းဆောင် ဝန်ကြီးချုပ် နာဂျစ်ကြောင့် အရှက်ရစရာ ကောင်းနေသည့် မလေးရှားနိုင်ငံ၏ အခြေအနေကို ကယ်တင်ရန် အလို့ငှာ “Save Malaysia” ဆိုသည့် လှုပ်ရှားမှုများ လူထုကြားတွင် ပေါ်ပေါက်လာခဲ့ရသည်။

လက်ရှိ ဝန်ကြီးချုပ် နာဂျစ်သည် စီးပွားရေး စီမံခန့်ခွဲမှုများ လွဲချော်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်များအပေါ် ဖိနှိပ်ခြင်း၊ တရားမဝင် ဒေါ်လာ သန်းရာချီပြီး လာဘ်စားမှုများကို ပြုလုပ်နေခြင်းကြောင့် နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း နာဂျစ်က ငြင်းဆိုထားသည်။

“မလေးရှားကို ကယ်တင်ပါ”ဆိုသည့် လှုပ်ရှားမှုကို မဟာသီယာက ဦးဆောင်ကာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ အတိုက်အခံ ခေါင်းဆောင်များကလည်း မဟာသီယာနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ သူတို့ နာဂျစ်ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေသည့် အကြောင်းမှာ နာဂျစ်၏ ဘဏ်ငွေ စာရင်းထဲတွင် ဒေါ်လာသန်း ၇ဝဝ ခန့်ကို တွေ့ခဲ့ခြင်းက စသည်။ ထိုငွေများသည် မလေးရှားနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ထားရှိသော ရန်ပုံငွေများထဲက ဖြတ်ပြီး ဗုန်းထားခြင်း ဖြစ်သည်။ သို့သော် နာဂျစ်က ထိုငွေများသည် ဆော်ဒီ အာရေးဗီးယားနိုင်ငံက လှူဒါန်းထားသည့် ငွေများဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာသည် မလေးရှားနိုင်ငံကို ၂၂ နှစ်တိုင် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ သူက နာဂျစ်ကို “ထွက်သွား”ဟု ပြတ်သားစွာ ဝေဖန် ပြောဆိုခဲ့သည်။ သူ၏ အကြောင်းပြချက်မှာ “ခေါင်းဆောင်မှု ညံ့ဖျင်းလွန်းတယ်”ဟူ၍ဖြစ်သည်။ မဟာသီယာက “ဒီလူ ထွက်သင့်ပြီ။ တကယ့် အမှားတွေကို ကျူးလွန်ခဲ့တယ်။ သူလုပ်လို့ တိုင်းပြည်က ဆိုးဆိုးရွားရွား ဖြစ်သွားရပြီ”ဟုလည်း ထောက်ပြ ဝေဖန်ခဲ့သည်။ ထို့ကြောင့်လည်း မဟာသီယာက “နာဂျစ်ဆက်ရှိနေရင် တိုင်းပြည် ဒုက္ခရောက်တော့မယ်”ဟု ပြတ်သားစွာ ဝေဖန်ပြီး နာဂျစ်ကို ထွက်ခိုင်းသည့် လှုပ်ရှားမှုများကို ဦးဆောင်လုပ်ခဲ့သည်။

သြဂုတ်လတွင် မလေးရှားနိုင်ငံ၏ မြို့တော် လမ်းမများပေါ်တွင် နာဂျစ်၏ အကျင့်ပျက် လာဘ်စား ကိုယ်ကျိုး ရှာထားမှုများကို ဆန့်ကျင်သော လူ ရာ ပေါင်းများစွာ ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ နိုင်ငံအုပ်ချုပ်သူ တစ်ဦး အနေနှင့် အရည်အချင်းမဲ့စွာ စီမံခန့်ခွဲမှုများအပြင် တိုင်းပြည် ဘဏ္ဍာထဲက မတရား ဗုန်းထားသည့် ငွေများကြောင့် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

နာဂျစ်ကို ဆန္ဒပြသူများသည် အမည်းရောင်နှင့် အဖြူရောင် ရှပ်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ ကွာလာလမ်ပူမြို့ လူစည်ကားရာ ဒေသတွင် တင်းကျပ်သည့် လုံခြုံရေး အစောင့်များ ချထားသည့်ကြားက သူတို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က သူတို့ကို တရားမဝင် ချီတက် ဆန္ဒပြခြင်းကြောင့် လူစု ခွဲရန် သတိပေးသော်လည်း သူတို့က ဆက်လက် ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ တစ်ဦးက -
“ကျွန်တော်တို့ ဆန္ဒပြနေတာ အစိုးရရဲ့ အကျင့်ပျက် ခြစားမှုကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တရားမျှတမှုကို လိုလားတယ်။ 1MDB ရန်ပုံငွေထဲက ခိုးထားတဲ့ ငွေတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ပေးဖို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်”ဟု  ဆိုသည်။

1MDB ရန်ပုံငွေ ဆိုသည်မှာ ၂ဝဝ၉ ခုနှစ် ကတည်းက မလေးရှား အစိုးရ အနေနှင့် အာရှနိုင်ငံများအတွင်း နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးရန် ဆောင်ရွက်ဆိုသည့် အကြောင်းပြချက်ဖြင့် ပရောဂျက် တစ်ခု အသွင် ထူထောင်မတည်ထားသော လုပ်ငန်း တစ်ခု ဖြစ်သည်။

လာမည့် လေးနှစ်တာ ကာလအတွင်း စင်ကာပူ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်နှင့် အမေရိကန် ပြည်ထောင်စုရှိ ဘဏ်များနှင့် ချိတ်ဆက်ကာ ဒေါ်လာ ဘီလီယံ သုံးသန်းခွဲခန့်ကို အသုံးပြုသွားရန် ရည်ရွယ်ထားသည်။ သို့သော် ဒေါ်လာ ၁ ဘီလီယံခန့်ကို အမေရိကန် ပြည်ထောင်စုတွင် ကိုယ်ကျိုးအတွက် တစ်ခုခုဆောင်ရွက် ထားကြောင်း အမေရိကန် တရားရေးဌာနက ဖော်ထုတ် လိုက်သဖြင့် မီးခိုးကြွက်လျှောက် လိုက်ရာမှ နာဂျစ် တစ်ယောက် ပြဿနာ တက်ခဲ့ရခြင်း ဖြစ်သည်။ 

1MDB ရန်ပုံငွေ ဆိုသော်လည်း သုံးစွဲထားသည့် ငွေကြေး ခေါင်းစဉ်များကို ကြည့်လိုက်သည့်အခါ အမေရိကနှင့် ဥရောပတွင် ဇိမ်ခံ အဆောက်အအုံများကို ဝယ်ထားခြင်း၊ လာ့စ် ဗီးဂက်စ် လောင်းကစားဝိုင်းတွင် လောင်းကစား ထားခြင်း၊ လန်ဒန်တွင် ဒေါ်လာ သန်း ၂ဝဝ ကျော်တန်သည့် ဗန်ဂိုးနှင့် မိုနေးတို့၏ ပန်းချီကားများကို ဝယ်ထားခြင်း၊ The Wolf of
Wall Street ဆိုသည့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုအတွက် ငွေထုတ် ပေးထားခြင်း စသည့် သုံးစွဲမှုများကို တွေ့နေရသည်။

ထိုလုပ်ငန်း အားလုံးကို လုပ်ဆောင်နေသူမှာ ဝန်ကြီးချုပ် ရာဂျစ်၏ မယားပါသား အဇစ်ဆိုသူ ဖြစ်နေသည်။ အဇစ်သည် Red Granite Pictures ဆိုသည့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း စတူဒီယိုကြီး တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး The Wolf of Wall Street ဆိုသည့် ရုပ်ရှင်ကို ထုတ်လုပ်ထားသူလည်း ဖြစ်နေသည်။

ထိုရုပ်ရှင်လုပ်ငန်း ကုမ္ပဏီကတစ်ဆင့် ငွေပေါင်း ဒေါ်လာ ၆၄ သန်းခန့် လွှဲပြောင်းပေးထားမှုများကို စစ်ဆေး တွေ့ရှိရသည်။ ယင်းအထဲတွင် ရုပ်ရှင်ဇာတ်ကားထဲမှ နာမည်ကျော် မင်းသား လီယိုနာဒို ဒီကာပရီယိုကို ပေးထားသော ငွေများလည်း ပါဝင်နေသည်။ 

နာဂျစ်သည် 1MDB (1 Malaysia Development Berhad) ရန်ပုံငွေ ပရောဂျက်တွင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသူဖြစ်သည်။ နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး တစ်ခုအနေနှင့် နာဂျစ် ကိုယ်တိုင် နိုင်ငံတော် ဖွံ့ဖြိုးရေးကို ဦးဆောင်ကာ လုပ်ဆောင်နေသည် ဆိုသော်လည်း မလေးရှား ရင်းဂစ် ၄၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ) ခန့် အကြွေး တင်နေသည်။ ၆ နှစ်တာ ကာလ နာဂျစ် စီမံခန့်ခွဲလိုက်သည်မှာ သူ့ဘဏ်စာရင်းထဲ ဒေါ်လာ သန်း ၇ဝဝ ရောက်၊ မယားပါသားက သူဌေးဘွဲ့ခံပြီး တိုင်းပြည်က စီးပွားရေး အနုတ် ပြသွားတော့သည်။

နာဂျစ်၏ ကိုယ်ကျိုးရှာ ဘဏ်ထဲတွင် ဗုန်းထားသည့် ငွေအကြောင်း ပထမဆုံး ထုတ်ဖော်လိုက်သူမှာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် The Wall Street Journal သတင်းစာတွင် ဖြစ်သည်။ 1MDB ရန်ပုံငွေထဲမှ နာဂျစ်၏ ဘဏ်ငွေစာရင်းထဲကို မလေးရှား ရင်းဂစ် ၂ ဒသမ ၆၇၂ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇ဝဝ) ကို တရားမဝင် လွှဲပြောင်းပေးထားကြောင်း ဖော်ထုတ်ထားသည်။ ထိုသတင်းက နာဂျစ်တစ်ယောက် ဒုက္ခ ရောက်စေမည့် နိဒါန်းပိုင်း ဖြစ်လာသည်။ 

နာဂျစ်က သတင်းစာ၏ ဝေဖန်ထောက်ပြချက်များကို ငြင်းဆိုပြီးနောက် သူ့ကို မဟုတ်မမှန် အသရေ ဖျက်သည်ဆိုကာ တရားစွဲမည်ဟု ခြိမ်းခြောက်လိုက်သည်။ ဇူလိုင် ၇ ရက်နေ့တွင် The Wall Street
Journal က ထပ်ပြီး နာဂျစ်သည် သူ့ငွေစာရင်းထဲသို့ 1MBD ရန်ပုံငွေမှ မည်သို့ လွှဲပြောင်းခဲ့ကြောင်း အသေးစိတ် ထပ်ဖော်ပြခဲ့ပြန်သည်။ နာဂျစ်သည် ငွေများကို တရားမဝင် လွှဲပြောင်းပြီး သူ့ဘဏ်စာရင်းထဲ ထည့်နေသည်မှာ ၂ဝ၁၃ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် ဖြစ်ကြောင်းလည်း အသေးစိတ် ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင် ၁ဝ ရက်နေ့တွင် Am Bank Islamic ဘဏ်ကို ပိတ်ပြီး စစ်ဆေးခဲ့ရာ သတင်းစာက ပြောသည့်အတိုင်း ဘဏ်စာရင်းတွင် နာဂျစ်ငွေစာရင်းက နှစ်ခုဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး ငွေဘီလီယံနှင့်ချီကာ လွှဲပြောင်းထားမှုများလည်း တွေ့ခဲ့ကြရသည်။ ထို့ပြင် အခြား ဖော်ထုတ်စစ်ဆေးရန် လိုသည့် စာရင်း သေအပ်ငွေ ၆ ခုကိုလည်း တရားမဝင် တွေ့ရာ စစ်ဆေးနေဆဲဖြစ်သည်။

နာဂျစ်၏ အလွဲသုံးစား ဗုန်းထားသည့် ပြဿနာမှာ ဖုံးမနိုင် ဖိမရ ဖြစ်လာသည်။ ယခင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာနှင့် ဒုတိယ ဝန်ကြီးချုပ် မူယီဒင် ယာဆင်တို့ကလည်း ခေါင်းထောင်ထလာပြီး ကန့်ကွက်သံများ ဆူညံ သွားခဲ့ရသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင် နာဂျစ်က ယာဆင်ကို ရာထူး ချလိုက်သည်။ ထို့ပြင် သူ့ကို ဝေဖန်သည့် ဝန်ကြီးများကိုလည်း နာဂျစ်က ပြင်းထန်စွာ သတိပေးလိုက်သည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် မလေးရှားနိုင်ငံ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ နာဂျစ်၏ ကိုယ်ပိုင် ဘဏ်ငွေ စာရင်းထဲသို့ မလေးရှား ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံ ရောက်လာသည်မှာ မှန်သည်။ သို့သော် ထိုငွေများသည် အလှူရှင်များထံမှ အလှူငွေအဖြစ် ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဇူလိုင်လ ၂ ရက်နေ့ကတည်းက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး သြဂုတ်လ ၃ ရက်နေ့မှ ထိုကြေညာချက်ကို ကောက်ထုတ်ရခြင်းမှာ ရိုးသားမှု ရှိပါသလားဟု ထောက်ပြ ဝေဖန်မှုများကို ခံရပြန်သည်။ 

နာဂျစ် ထိုငွေများကို အဘယ်ကြောင့် ဆော်ဒီ အာရေး ဗီးယားမှရသနည်းဆိုသော် ISIS အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက် ပေးသောကြောင့် ထောက်ပံ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပြန်သည်။ နောက်ပိုင်းမှ နာဂျစ်က ထိုငွေများကို မိမိတစ်ဦးတည်း ရသည် မဟုတ်။ ဖိလစ်ပိုင်နိုင်ငံ မွတ်ဆလင် အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ အဖွဲ့အစည်းများလည်း ရရှိခဲ့သည်ဟု ဆိုပြန်သည်။ မည်သို့ဆိုစေ လှူဒါန်းငွေများကိုလည်း မိမိ ဘဏ်စာရင်းထဲ ထည့်ထားခြင်းက အတိုးငွေများကို မည်သူ ခံစားရသနည်းဟု မေးခွန်းများ ထုတ်ခဲ့ကြပြန်သည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် New York Times သတင်းစာကြီးတွင်လည်း အမေရိကန် စုံစမ်း စစ်ဆေးရေးဌာနက နာဂျစ်အပြင် လာဘ်စားမှုများတွင် သူ၏ အနီးကပ် လူများပါ ပတ်သက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် စုံစမ်း စစ်ဆေးရေး ဌာန၏ ထုတ်ပြန်ချက်တွင် အမေရိကန် ပြည်ထောင်စုမှ အဆောက်အအုံများ ဝယ်ယူနေမှုကို မယားပါသား ဝယ်ယူနေခြင်းမှာ ရေနံကုမ္ပဏီများကတစ်ဆင့် ဖြစ်နေကြောင်း တွေ့ရသည်။ ထိုကုမ္ပဏီများကိုလည်း မယားပါသား ရီဇာအဇစ်နှင့် သူတို့ မိသားစု၏ အနီးစပ်ဆုံး မိတ်ဆွေများက ပိုင်ဆိုင်ထားကြောင်း တွေ့ရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ တရားသူကြီးချုပ် မိုဟာမက် အပန်ဒီ အလီက ဒေါ်လာ ၆၈၁ သန်းကို စုံစမ်း စစ်ဆေးပြီးနောက် ထိုဘဏ်စာရင်းကို ပိတ်လိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အကျင့်ပျက် ခြစားမှုများ စုံစမ်းရေး အဖွဲ့ကို ဦးဆောင်နေသည့် အပန်ဒီကလည်း အမှုကို ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်သည်။ အပန်ဒီသည် နာဂျစ် ကိုယ်တိုင် ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် တရားသူကြီးချုပ်အဖြစ် ခန့်ထားခဲ့သူ ဖြစ်သည်။ 

E01
(Ref: New York Times, The Wall Street Journal, The Nation)