News

POST TYPE

FEATURE

မြို့တော်ထိပ်က ဘီလူးများ
01-Aug-2016

ရန်ကုန်မြို့သို့ သွားရောက်လျှင်ဖြစ်ဖြစ်၊ ရန်ကုန်မြို့တော်မှ နိုင်ငံတစ်ဝန်းရှိ မြို့များသို့ သွားရောက်လျှင်ပဲဖြစ်ဖြစ် အများပြည်သုံးသုံး ခရီးသည်တင် ယာဉ်များကို စီးနင်းလိုက်ပါမည် ဆိုပါက လူတိုင်းနီးပါးပင် ထိုဘီလူးတို့ကို ကြုံတွေ့ရမည် ဖြစ်သည်။

မြို့တော်အဝင် သို့မဟုတ် အထွက် ဂိတ်ပေါက်တွင် ဘီလူးကြီးနှစ်ကောင် ရှိလေသည်။

အောင်မင်္ဂလာနှင့် ဒဂုံ-ဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်း (အဝေးပြေး ယာဉ်ရပ်နားဝင်း) တို့ ဖြစ်သည်။

ကားဝင်းများအနီးသို့ ရောက်သည်နှင့် အနားသို့ အပြေးအလွှားကပ်ကာ နှုတ်မှ အလွတ်ရနေသည့် မြို့နာမည်များကို တရစပ် ပြောဆိုနေသူများကို ခရီးသည်အနေနှင့် ကြုံရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကိုယ်ထိလက်ရောက် ထိတို့ပုတ်ခတ်၊ ဆွဲရမ်းခြင်းများပင် ခံရလိမ့်မည်။

သူတို့သည် လူခေါ်ပွဲစားဟု လူသိများသည့် ခရီသည်များကို ယာဉ်လိုင်းဂိတ်များသို့ ပို့ဆောင်လမ်းညွှန်ပေးသူများ ဖြစ်သည်။

ပုဆိုးတိုတို၊ ဘောင်းဘီတိုတို ဝတ်ထားသူ ဆယ်ဦးဝန်းကျင်က ကားဝင်းသို့ ထိုးဆိုက်လာသည့် ဘက်စ်ကားများ၊ အငှားယာဉ်များကို တန်းစီစောင့်ဆိုင်းကာ ယာဉ်ပေါ်ပါလာသည့် ခရီးသည်ကို သူ့ထက်ငါ အလုအယက် ခေါ်ဆောင်ခြင်း ပြုကြသည်။

“တချို့ဂုဏ်သရေရှိ လူကြီးတွေက အဲဒီလိုလုပ်တာ မကြိုက်ဘူး” ဟု အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း နယ်မြေရဲကင်းမှူး ဖြစ်သူ ဒုရဲအုပ် ဟန်ကိုဦးက ဆိုသည်။

ဂုဏ်သရေရှိ လူကြီးလူကောင်းသာ မဟုတ်၊ သာမန်ခရီးသွား အများပြည်သူများ အတွက်လည်း ယင်းသို့ ခရီးသွားရခြင်းအပေါ် စိတ်ချမ်းမြေ့ကြည်သာမှုကို မခံစားစေပါ။ ထို့ထက်ကြီးစွာသော စိတ်အနှောင့်အယှက်သာ ဖြစ်စေသည်။

ရန်ကုန်မြို့တော် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားဝင်းသည် နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင် မြို့ကြီးများမှသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့ရှိ ခရီးသည်ပေါင်း နှစ်သောင်းခွဲဝန်းကျင် နေ့စဉ် ဝင်ထွက်သွားလာရာ နေရာဖြစ်သည်။

တစ်နည်းအားဖြင့် ယာဉ်လိုင်းပေါင်း ၂၀၀ ကျော်မှ ယာဉ်စီးရေ ၇၀၀ ဝန်းကျင်က နေ့စဉ် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ ခရီးသည်များနှင့် ယာဉ်လိုင်းများ အကြားတွင် လူခေါ်ပွဲစားများက ကျက်စားကြခြင်း ဖြစ်သည်။

ခရီးသည်တစ်ဦးကို ယာဉ်လိုင်းဂိတ် တစ်ခုသို့ ပို့ဆောင်ပေးပါက ကျပ် ၅၀၀ မှ ကျပ်နှစ်ထောင်အထိ ၎င်းတို့က ရရှိခြင်း ဖြစ်သည်။ ယင်းငွေကို ယာဉ်လိုင်းဂိတ်များက ပေးဆောင်ခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်း လုပ်ကိုင်သူ အရေအတွက် စာရင်းမရှိသော်လည်း ၈၅ ဧက ကျော် ကျယ်ဝန်းသည့် အောင်မင်္ဂလာ ယာဉ်ရပ်နားဝင်း တစ်ခုလုံးတွင် ၎င်းတို့ကို နေရာများစွာတွင် တွေ့နိုင်သည်။

သွားလိုသည့် ယာဉ်လိုင်းဂိတ်များသို့ ပို့ဆောင်ပေးသည် ဆိုသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ဂိတ်များသို့ သွားစေရန်သာ နည်းလမ်းအမျိုးမျိုးဖြင့် ဆွဲဆောင်ခေါ်ယူခြင်း ဖြစ်သည်။

ခရီးသည်တစ်ဦး၏ အနားသို့ ကပ်ကာ “မည်သည့်မြို့သို့ သွားရောက်မည်နည်း” ဟု မမေးဘဲ မည်သည့်မြို့သို့ သွားမည်လားဟူ၍ မေးမြန်းခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့သို့ သွားရောက်မည့်သူ အနေနှင့် မကွေး၊ အောင်လံ၊ ပြည် စသည့် မြို့များသို့ ပြေးဆွဲသည့် ဂိတ်များသို့ ခေါ်ဆောင်လမ်းပြသည်မျိုး ဖြစ်သည်။ လက်ဆွဲခရီးဆောင်အိတ်ကို ဆွဲလုယူငင်ခြင်းမျိုး အထိပင် ၎င်းတို့က ပြုမူတတ်သည်။

ခရီးသည်က တစ်စုံတစ်ရာ စကားပြန်မဖြေသည့် အခါမျိုးတွင် ဆဲရေးတတ်ကြောင်း ဒုရဲအုပ် ဟန်ကိုဦးက ဆိုသည်။
“တချို့ အရက်မူးပြီး ခေါ်တာမျိုး ရှိတယ်” ဟု ၎င်းက ဆိုသည်။

ခရီးသည်၏ ပစ္စည်းများကို လုယူထွက်ပြေးခြင်းများလည်း ဖြစ်ပွားတတ်ကြောင်း အဆိုပါ ရဲကင်းမှူးက ဆိုသည်။

ယင်းသို့သော အပြုအမူများက ဒဂုံ-ဧရာ အဝေးပြေးဝင်းတွင်လည်း အလားတူပင် ဖြစ်သည်။ ဒဂုံ-ဧရာ ယာဉ်ရပ်နားဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက အားထားရာ ဖြစ်သည်။ 

ယခုကဲ့သို့ မိုးတွင်းအခါတွင် ခရီးသည်ပေါင်း ခုနစ်ထောင် ဝန်းကျင်က ရန်ကုန်မြို့တော် ယင်းယာဉ်ရပ်နားဝင်းမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးသို့ နေ့စဉ် သွားရောက်လျက် ရှိသည်။ ပွင့်လင်းရာသီတွင် တစ်သောင်းဝန်းကျင် ရှိသည်။ အဆိုပါ အဝေးပြေးဝင်းတွင် ယာဉ်လိုင်းပေါင်း တစ်ရာကျော်က ယာဉ်စီးရေ ၂၅၀ ဖြင့် ပြေးဆွဲလျက် ရှိသည်။

ဒဂုံ-ဧရာ အဝေးပြေးဝင်း၏ မြို့တော်စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက လူခေါ်ပွဲစား ပြဿနာနှင့် ပတ်သက်၍ ယခုကဲ့သို့ ရှင်းပြသည်။
“အဓိကဂိတ်တွေက ပိုက်ဆံပေးနေတာ” ဟု ၎င်းက ဆိုသည်။

ဂိတ်ပိုင်ရှင်များ၊ တာဝန်ရှိသူများကို အစည်းအဝေး ခေါ်ယူကာ ယင်းသို့ မလုပ်ဆောင်ရန် ညှိနှိုင်းပြောဆိုခဲ့သည်။ ဂိတ်တစ်ခုနှင့်တစ်ခု အကြား အချင်းချင်း စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်ဟု ၎င်းက ဆိုသည်။

ယာဉ်လိုင်းဂိတ်များက လူခေါ်ပွဲစားများကို ငွေကြေးပေးသည် ဆိုသော်လည်း ယင်းအတွက် ခရီးသည်ထံမှ ယာဉ်စီးခကို ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်က ခရီးသည်က ဂိတ်သို့ သွားရောက်ပြီး လက်မှတ်ဖြတ်စဉ် လူခေါ်ပွဲစားက နောက်မှ ထက်ကြပ်မကွာ လိုက်လာကာ ခရီးသည်ကို လိုက်ပါပို့ဆောင်သူအဖြစ် အသွင်ယူပြီး ဂိတ်ထံမှ ငွေကြေးတောင်းယူခြင်း ဖြစ်သည်။ ယင်းသို့သော အခါမျိုးတွင် ပုံမှန်ကျပ် ၁၂,၅၀၀ တန် ခရီးစဉ်အတွက် နှစ်ထောင်ဝန်းကျင်ကို လက်မှတ်ရောင်းသူက တိုးမြှင့်တောင်းခံတော့သည်။

ပြီးခဲ့သည့် နှစ်လအတွင်း ခရီးသည်ကို စိတ်အနှောင့်အယှက် ဖြစ်စေမှုဖြင့် လူနှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း နယ်မြေရဲကင်းမှူး ဒုရဲအုပ် ဟန်ကိုဦးက ဆိုသည်။

အဆိုပါ ဒုရဲအုပ်၏ အဆိုအရ မိမိငွေရလိုမှု တစ်ခုတည်းသာ ကြည့်ပြီး ခရီးသည်ကို  ဆိုးရွားရိုင်းပျစွာ ဆက်ဆံသည့် သူများကိုသာ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။
“ရလိုမှုတစ်ခုနဲ့ ကျန်တာတွေ မတွေးတဲ့ ပွဲစားတွေပဲ ဖမ်းတယ်။ လူတိုင်းကို မဖမ်းဘူး” ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို ရဲဥပဒေ ပုဒ်မ ၄၁/၁၆ ဖြင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းအမှုအတွက် တရားသူကြီးက ဒဏ်ငွေသာ ချမှတ်နိုင်သည်။ 

အဆိုပါ ယာဉ်ရပ်နား စခန်းများကို ၂၀၁၂ ခုနှစ် ၂၀၀၃ ခုနှစ် ဝန်းကျင်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်ရပ်နားစခန်းနှင့် ပတ်သက်၍ ခရီးသည်တင် ယာဉ်လိုင်းများ စည်းကမ်းကြပ်မတ် ထိန်းသိမ်းရေး၊ ဝင်းသန့်ရှင်းရေး၊ အများပြည်သူ လုံခြုံရေး၊ နိုင်ငံခြားခရီးသည်များကို ကူညီစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး စသည့် ကဏ္ဍများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး (အဝေးပြေး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စသည့် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သည်။

အဓိကအားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနက ယာဉ်ရပ်နားစခန်းနှင့် ပတ်သက်၍ ကိစ္စများစွာကို စီမံခန့်ခွဲခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ဒုတိယဌာနမှူး ဖြစ်သူကမူ လူခေါ်ပွဲစားများ ကိစ္စအတွက် ယာဉ်ရပ်နားစခန်း အတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်းသာ ပြန်လည်ဖြေဆိုသည်။

၂၄ နာရီ အသက်ဝင် လှုပ်ရှားနေတတ်သည့် ဝင်းကြီးအတွင်း မူးယစ်ရမ်းကားမှုများလည်း ရှိနေကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ပြောဆိုသည်။

ယာဉ်မောင်းသမားများ၊ လူခေါ်ပွဲစားများ ညဘက်တွင် သောက်စားကြရာမှ ရန်ပွဲများ ဖြစ်ပွားတတ်သည်ဟု ၎င်းက ဆိုသည်။

ယခင်က ဝင်းအတွင်း ညအိပ်မည် ဆိုပါက ဧည့်စာရင်း တိုင်ကြားရလေ့ ရှိသော်လည်း အစိုးရသစ် လက်ထက်တွင် ဧည့်စာရင်း ဥပဒေကို လွှတ်တော်က ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ယာဉ်စည်းကမ်း မလိုက်နာမှုမှအစ လူခေါ်ပွဲစားများကို ဖမ်းဆီးအရေးယူခြင်းများ ရှိခဲ့သော်လည်း ယခုမူ ဒီအတိုင်းကြည့်နေရကြောင်း ၎င်းက ဆိုသည်။
“တိုင်းပြည်က အခြေအနေတစ်မျိုး ဖြစ်လာနေလို့” ဟု ၎င်းက ဆိုသည်။ 

အခြေအနေတစ်မျိုး ဆိုခြင်းကား လက်ရှိ အဆိုပါ ယာဉ်ရပ်နားကွင်း နယ်မြေ၏ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူက လူခေါ်ပွဲစားများကို အတင်းအဓမ္မ ဖမ်းဆီးခြင်း မပြုရန် ပြောဆိုခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ဦးသန်းရွှေသည် ၂၀၀၂ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်အထိ ယင်းနယ်မြေအတွက် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ယာဉ်ရပ်နားစခန်း စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ အစိုးရ သုံးခု ပြောင်းလဲခဲ့သော်လည်း စခန်းအတွင်းရှိ အနေအထားသည် အပြောင်းအလဲ မဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ရှိရာ မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ၎င်းတို့၏ စားဝတ်နေရေးကို ထည့်သွင်းစဉ်းစားကာ ငဲ့ညှာနေသူ ဖြစ်သည်။ သူတို့သည် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းကြောင့် ယင်းအလုပ်ကို လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“လူခေါ်ပွဲစား ပပျောက်ရေး ဆိုတာမျိုး ကျွန်တော်တို့ရဲ့ မူဝါဒ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယာဉ်ရပ်နားစခန်းအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ လူသတ်မှု၊ ပြည့်တန်ဆာမှုများ ဖြစ်ပွားလေ့ ရှိသော်လည်း အများစုမှာ ပစ္စည်းပျောက်မှုများ ဖြစ်ကြောင်း ရဲကင်းမှူးက ဆိုလေသည်။

ခရီးသည်များ၏ ပစ္စည်းများ ပျောက်ဆုံးခြင်းမှသည် ယာဉ်လိုင်းဂိတ်များရှိ အားသွင်းထားသည့် လက်ကိုင်ဖုန်းများအထိ ခိုးယူခံရတတ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အဝေးပြေး ယာဉ်ရပ်နားစခန်း ဖြစ်သော်လည်း အင်္ဂါရပ်ကမူ ယင်းဂုဏ်ဒြပ်နှင့် မလိုက်ဖက်စွာ။

ယာဉ်လိုင်းဂိတ်များ၊ စားသောက်ဆိုင်တန်းများ အနီးတွင် အမှိုက်များ၊ ရေဆိုးများ ရှိနေသည့်အပြင် လမ်းများမှာလည်း ကျင်းများ၊ ချိုင့်များဖြင့် မိုးရွာသွန်းချိန်ဆိုလျှင် ရွှံ့ဗွက်များဖြင့် ပြည့်နေတတ်သည်။

လမ်းဘေးဈေးသည်များ၊ ရွေ့လျား (လက်ပွေ့) ဈေးသည်များကလည်း ခရီးသည်များကို အနှောင့်အယှက် ဖြစ်စေတတ်သေးသည်။

မော်တော်ဆိုင်ကယ်၊ အနှေးယာဉ် ဆိုက်ကား၊ လက်တွန်းလှည်း စသည်များကို ဝင်ရောက်ခွင့် မပြုကြောင်း ဝင်းအဝင်ဝတွင် စာရေးသား သတိပေးထားသော်လည်း ယင်းစာတန်းအနီးမှပင် ဆိုင်ကယ်၊ ဆိုက်ကားများစွာ ဖြတ်သန်းဝင်ရောက်လျက် ရှိသည်မှာ ဒဂုံ-ဧရာရော အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဖြစ်သည်။

မြို့တွင်းသို့ သယ်ယူပို့ဆောင်ပေးသည့် ခရီးသည်တင် အငှားယာဉ် (Taxi) များ အနေနှင့် ခရီးသည်များကို ပူးတွဲတင်ဆောင်ခြင်း၊ ယာဉ်စီးကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်း မပြုရန် တားမြစ်ထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ယင်း နေရာများသို့ သွားရောက်ကြည့်ရှုက တွေ့နိုင်ပေလိမ့်မည်။

အဝေးပြေးယာဉ်တစ်စီး ထိုးဆိုက်လာပါက ယာဉ်တံခါးဝတွင် စောင့်ဆိုင်းလျက် ခရီးသည်ကို အလုအယက် ခေါ်ငင်နေမှုများသည် နေ့စဉ်လိုပင် ရှိနေတတ်သည်။

ရပ်နားစခန်းမရောက်မီ ဓာတ်ဆီဆိုင်ကဲ့သို့သော နေရာများအထိပင် အငှားယာဉ်မောင်းသမားများက တန်းစီနေတတ်သည်။

အငှားယာဉ်မောင်းက ခရီးသည်ထံမှ လုယက်ခြင်း၊ ခရီးသည်က ယာဉ်မောင်းထံမှ  လုယက်ခြင်းများသည်လည်း အဝေးပြေး ယာဉ်ရပ်နားစခန်းကို အခြေတည်ကာ  ဖြစ်ပွားခဲ့သည်များလည်း ရှိသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ အဝေးပြေးဝင်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော်လည်း ယာဉ်ရပ်နားစခန်း တာဝန်ခံများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သလို ၎င်းတို့ထံမှ ဖြေရှင်းချက်များလည်း မရရှိခဲ့ပါ။ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အောင်မင်္ဂလာ အဝေးပြေး တာဝန်ခံမှာ ဆက်သွယ်၍ မရသလို ဒဂုံ-ဧရာ အဝေးပြေးမှ တာဝန်ခံသည်လည်း အချိန်မီ ပြန်လည်ဖြေကြားခြင်း  မပြုခဲ့ပေ။

ရန်ကုန်မြို့သို့ သွားရောက်လျှင်ဖြစ်ဖြစ်၊ ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းရှိ မြို့များသို့ သွားရောက်လျှင်ပဲဖြစ်ဖြစ် အများပြည်သူသုံး ခရီးသည်တင်ယာဉ်များကို စီးနင်းလိုက်ပါမည် ဆိုပါက လူတိုင်းနီးပါးပင် ဘီလူးသဘက်တို့ကို မြင်တွေ့ရသည့်နှယ် ခရီးသွားရခြင်းအတွက် စိတ်ပျက်ရမှုများ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်သည်။

နေ့စဉ် လူပေါင်းသုံးသောင်းကျော်တို့ အနေနှင့် ထိုဘီလူးတို့ကို ရင်ဆိုင်နေရပါလိမ့်မည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အတွက် တာဝန်ယူထားသူများ အနေနှင့် တာဝန်ကျေပွန်ခြင်း မရှိခြင်းကြောင့် အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတိုင်းကြားထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။
“ဥပဒေကြောင်းအရ ချိုးဖောက်တာတွေ ရှိတယ်၊ တာဝန်လည်း ပျက်ကွက်တာ ဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ကျွန်တော်တို့ ဘက်ကတော့ ရှိစေချင်တယ်” ဟု ၎င်းက ဆိုသည်။ 

အောင်မျိုးထက်

ABOUT AUTHOR

(အောင်မျိုးထက်)