News

POST TYPE

FEATURE

သောကမြေကို ခုထိုင်နေသူများ
01-Aug-2016

စာရွက်တစ်ရွက်ကို ကိုင်ထားသည့် ခြံသမားကြီးတစ်ဦးဖြစ်သူ ဦးဆန်းအောင်၏ စကားသံတို့ ပြောရင်းက ရပ်တန့်သွားကာ နဖူးကစီးကျလာသောချွေးကို ဘယ်ဘက်လက်ဖြင့် သုတ်လိုက်လေသည်။ သူပြောသည်က....
“ညှိနှိုင်းလို့မရရင် တရားစွဲတော့မယ်လို့ စာပို့တယ်”
 
ချွေးပြန်နေသော ဦးဆန်းအောင် ရပ်နေရာ မြေဒေသတွင် ရာသီဥတုကဖြင့် ပူမနေပါ။ စကားဆက်မပြောတော့သော သူ၏ဟန်နှင့် မျက်လုံးအရောင်တို့က ဆို့နင့်နေပုံ အထင်းသား။ စကားပြောပြီးပြီးချင်း လက်ပိုက် အနေအထား ပြန်ပြောင်းလိုက်ပုံက ရိုးသားလွန်းပုံ ပေါ်လွင်နေသည်။ 

ထိုအခိုက်အတန့်သည် ရှေ့နေကတစ်ဆင့် ပို့လာသည့် နို့တစ်စာကို လက်ခံရရှိထားသူ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်းရှိ ပယရွာသား ဦးဆန်းအောင်၏ သူစိုက်ပျိုးထားသည့် သူ့သီးပင်စားပင်များအတွက် သူထိုက်ထိုက်တန်တန် ခံစားခွင့်ရှိ မရှိ မသေချာ မရေရာလှသော အခြေအနေ အခိုက်အတန့်ပင် ဖြစ်သည်။ 

တစ်နည်းအားဖြင့် ဆွေစဉ်မျိုးဆက် လုပ်ကိုင်စားသောက်ခဲ့ရာမြေကို ဖဲ့ထုတ်မည့်သူမှာ ပုဂ္ဂလိကလော၊ အစိုးရလောပင် မကွဲပြားဘဲ အလိုမတူ ဆုတ်ခွာပေးရတော့မည့်  ခြံသမားကြီးတစ်ဦး၏ အခြေအနေ။ 

ညှိနှိုင်းထားသည့် ဈေးကို ဇူလိုင်လကုန်အထိ လက်မခံပါက သတ္တုမြေကို ကျူးကျော်နေထိုင်သူများ အဖြစ် တရားစွဲဆိုမည် ဖြစ်ကြောင်း ဒယ်ကို ကုမ္ပဏီ တာဝန်ရှိသူများက အကျိုးဆောင်ရှေ့နေမှ တစ်ဆင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် အကြောင်းကြားစာ ပို့ခဲ့ခြင်း ဖြစ်သည်။ 

ပြဿနာက ဒယ်ကို (Delco) ကုမ္ပဏီ ၏ ခဲမဖြူ၊ အဖြိုက်နက် တူးဖော်ရေး စီမံကိန်းမှ စွန့်ပစ်မြေစာများ အနီးရှိ ရွာသားများ၏ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်လာခဲ့ခြင်းက စသည်။ 

ဥယျာဉ်ခြံမြေတွင်း စွန့်ပစ်မြေများ ရောက်ရှိလာခြင်းကြောင့် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဧပြီလတွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နှစ်လအကြာတွင် ကုမ္ပဏီက ဂရုဏာကြေးပေးရန် ခေါ်ယူညှိနှိုင်းခဲ့သည်။ သူတို့ ညှိနှိုင်းလာသည့်ဈေးက သီးပင်တစ်ပင်အတွက် ကာလပေါက်ဈေး၏ လေးပုံတစ်ပုံခန့်သာ ရှိနေသည်။ ချွေးကိုရင်း၍ စိုက်ပျိုးခဲ့သည့် ဥယျာဉ်ခြံမြေသည် တရားဥပဒေ၏  နင်းခြေမှုကို ခံရတော့မည်လော..။

ယင်းသို့ တိုင်ကြားပြီးနောက် ဇွန်လတွင် ကုမ္ပဏီက ဂရုဏာကြေးအတွက် ခေါ်ယူညှိနှိုင်းခဲ့သည်ဟု ဦးဆန်းအောင်က ပြောပြသည်။ 
“သစ်ပင်တန်ဖိုးကို သူတို့ ဘယ်လိုဖြတ်သလဲ မသိဘူး။ ကျွန်တော့အပင်တွေက ရောင်းတန်းရောက်ပြီ၊ ကြက်မောက်ပင်ဆိုလည်း သီးနေပြီ။ မတန်ဈေးနဲ့ ဖြတ်ပြီး မြေခမပါဘူး၊ ကရုဏာကြေးလို့ ပြောတယ်” ဟုလည်း သူက ဆိုသည်။ 

၁၁ ဧကခန့် ကျယ်သည့် ဥယျာဉ်ခြံမြေ ပျက်စီးဆုံးရှုံးသွားမှုအတွက် နောက်ဆုံးအဆင့် ဦးဆန်းအောင် တောင်းဆိုသည်က လျော်ကြေး သိန်း ၄၅၀၊ ကုမ္ပဏီမှ ဂရုဏာကြေးအဖြစ် ပေးလိုသည်က ၁၃၅ သိန်း၊ ဦးဆန်းအောင်ကမူ ထိုဂရုဏာကြေးကို လက်မခံ။ အခြားသော ဒေသခံအချို့ကလည်း ဦးဆန်းအောင်နှင့် တစ်စိတ်တဝမ်းတည်း။ ဂရုဏာကြေးအဖြစ် ကုမ္ပဏီက တစ်ဖက်သတ် သတ်မှတ်ပေးသည့် ထိုငွေကို လက်မခံလိုကြ။ 

ညှိနှိုင်းမရတော့သည့်အဆုံး သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးဆန်းအောင်ကို ကုမ္ပဏီက တရားစွဲဆိုတော့မည် ဖြစ်ရာတွင် ဦးဆန်းအောင်နည်းတူ နောက်ထပ်သုံးဦးပါ ပါလာမည် ဖြစ်သည်။ ဒေသခံများ နစ်နာမှုအတွက် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့စဉ်က ဒေသခံမှာ ခုနစ်ဦး ဖြစ်သည်။ ကုမ္ပဏီက သီးသန့်ခေါ်ယူညှိနှိုင်း လက်မှတ်ထိုးခိုင်းရာတွင် အနာဂတ်အတွက် စိုးရိမ်စိတ်ဖြင့်  သုံးဦးမှာ ကုမ္ပဏီကပေးသည့် ဂရုဏာကြေးကို လက်ခံခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

ဦးဆန်းအောင် အပါအဝင် ကံပေါက်သားတို့ ယခုရင်ဆိုင်ရသော ပြဿနာနှင့်အတူ ယခင်က သိရှိမထားခဲ့သော အကြောင်းအရာသစ် တစ်ခုကိုပါ သိလိုက်ရသည်။ သိလိုက်ရချိန်သည် ကုမ္ပဏီက ကရုဏာကြေးအတွက် လာရောက်ညှိနှိုင်းချိန် ဖြစ်သည်။ ဦးဆန်းအောင် ဆက်ပြောလိုက်သော စကားက ဤသို့… 
“အဲဒိအချိန်မှ ကျွန်တော်တို့ဟာ စီမံကိန်းထဲ ကျူးကျော်နေသူတွေဆိုတာ သိရတယ်”
 
မည်သည့်အချိန်တွင် ကျူးကျော်သူအဖြစ် တရားစွဲခံရမည်မှန်း မသိသော မြေကို ကံပေါက်သားတို့ ဖက်တွယ်ခဲ့ကြသည်။ တန်ဖိုးထားခဲ့သည်။ သံယောဇဉ် ကြီးမားခဲ့ကြသည်။ ယခုအခါ ရာဘာ၊ ကြက်မောက်၊ ကွမ်းသီး၊ အုန်းပင်၊ သရက်၊ ဒူးရင်း၊ သီဟိုဠ် စသည့် သီးပင်များ၏ ကုမ္ပဏီ ဖြတ်ပေးသည့် တန်ဖိုးကို လက်ခံပါက မြေကိုပါ ထာဝရ စွန့်ခွာပေးရတော့မည် ဖြစ်သည်။ 

ကံပေါက်ဒေသသည် သတ္တုတွင်းကို အမှီပြု၍ ဖြစ်ပေါ်လာသော ရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ယခုအခါ နယ်မြို့လေးတစ်ခုသဖွယ် စည်ပင်နေခဲ့ပြီး ပြည်သူ့ဆေးရုံ၊ အထက်တန်းကျောင်း၊ အားကစားကွင်းတို့ပင် ရှိသေည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် အစ္စလာမ် ဘုရားကျောင်းများကိုလည်း ထိုဒေသတွင် တွေ့ရကာ ဒေသတစ်ခုလုံးတွင် ကျေးရွာပေါင်း ၁၅ ရွာခန့် ရှိသည်။ ရှေးနှစ်ပေါင်းများစွာကပင် သတ္တုတူးဖော်ရေး လုပ်ငန်းကို သတ္တုတွင်း ဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့်ခွဲ လုပ်ကိုင်ခဲ့သည်။ သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ကြရင်း အခြေချ နေထိုင်ခဲ့ကြသည်ပင် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်သည်။

၁၉၉၉ ခုနှစ် နောက်ပိုင်းမှ ကံပေါက်သတ္တုတူးဖော်ရေး လုပ်ငန်းကို ပုဂ္ဂလိကကို တိုက်ရိုက်လွှဲပြောင်းလုပ်ကိုင်ခဲ့သည်။ ကံပေါက်ဒေသတွင် ဒယ်ကို ကုမ္ပဏီ အပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီပေါင်း ခြောက်ခုက သတ္တုတူးဖော်ရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ 

ဒေသခံများ၏ အဆိုအရ ၁၉၉၉  ခုနှစ် နှောင်းပိုင်း ကာလမှ စတင်ကာ ဒယ်ကိုကုမ္ပဏီသည်  ကံပေါက်သတ္တုတွင်း နယ်မြေအဖြစ် မြေဧက ၅၁၉၂ ဧကကို စတင်လုပ်ကိုင်လာခဲ့ပြီး ယခုလက်ရှိအချိန်အထိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဖက်စပ်အနေနှင့် မြေ ၂၀၈၇ ဧက ထုတ်လုပ်လျက် ရှိသည်။ 

ကံပေါက်ဒေသတွင် ရွာတွင်းရွာပြင်တွင် ရစ်ခွေစီးဆင်းသော ရေချိုချောင်း မြောင်းအင်းအိုင်များ ရှိနေသည်။ ဒေသခံများ၏ အဆိုအရမူ စွန့်ပစ်မြေစာများကို ဒယ်ကိုကုမ္ပဏီက ကျေးရွာလူထု အမှီသဟဲပြု၍ ရေချိုသုံးစွဲနေသည့် ချောင်းငယ်များအတွင်း စွန့်ပစ်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် မတိုင်မီအထိ ရဲရင့်ချောင်းအတွင်း စွန့်ပစ်ခဲ့သည့်အတွက် ယင်းရေချိုချောင်းငယ်မှာ ယခုအခါ မိုးခေါင်ခေါင်မှာပင် လုံးဝတိမ်ကောသွားခဲ့ပြီ ဖြစ်သည်။ ကံပေါက်ဒေသခံများသည် ဒေသတွင်း သဘာဝအရင်းအမြစ်များ ထိခိုက်မှု မရှိစေရေး မြစ်ချောင်းအင်းအိုင်များအတွင်း ရေဆိုးရေညစ်များ မစွန့်ပစ်ရေးအတွက် ဒေသခံ ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့သေးသည်။ ထို့ထက်ပို၍ ကံပေါက်သားများ မတတ်နိုင်ခဲ့။

ကံပေါက်ဒေသ၏ အရှေ့တောင်ဘက်တွင် ပေပေါင်း ၂၄၀၀ ကျော် မြင့်မားသည့် ရေကန်တောင်မှ ရေများသည် ကျေးရွာပေါင်း ၁၅ ရွာခန့်၏ အရေးကြီးသော ရေချိုအရင်းအမြစ် ဖြစ်သည်။ ထိုရေကန်မှ ရေများသည် သဘာဝအတိုင်း လှပနေသည့် ဆင်ကိုးရပ် ရေတံခွန်ကို စီးဝင်သည်။ ဒေသခံများ၏ အဆိုအရမူ ရေတံခွန်ကို စီးဝင်နေသည့် ရေထွက်ပေါက်ကို ဒယ်ကိုကုမ္ပဏီက တမံပိတ်ဆို့ကာ စက်ရုံသို့ တိုက်ရိုက်သွယ်တန်းထားသည်ဟု ဆိုသည်။ ဒေသခံတို့ ကန့်ကွက်ခဲ့သည်ကိုပင် ကုမ္ပဏီဘက်မှ တစ်စုံတစ်ခု အသိအမှတ်ပြု လိုက်နာပြုပြင်ပေးခဲ့ခြင်း မရှိပေ။

၂၀၁၅ ခုနှစ်တွင်း မြေစာပုံ ပြိုကျခဲ့သည့်အတွက် အိမ် ၁၂ လုံး နုန်းရေနှင့် မျောပါခဲ့ရပြီး အလုံး ၄၀ ကျော် ယိုင်လဲပျက်စီးခဲ့သည့်အပြင် ကလေးငယ်တစ်ဦး နုန်းရေနစ် သေဆုံးခဲ့သည့် အဖြစ်ဆိုးသည်လည်း အတိတ်ကာလ မရှေးမနှောင်းတွင်ပင် ရှိခဲ့သေးသည်။ ယခုအခါ ဇာဒီချောင်းမ မြစ်ဖျားခံရာ အရပ်ရှိ ဥယျာဉ်ခြံ မြေများသည်လည်း ထိုကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်နေရပြန်သည်။ 

ကံပေါက်ရွာတွင် နှစ်ပေါင်း ၅၈ နှစ်ကြာ နေထိုင်ခဲ့ပြီး ဥယျာဉ်ခြံ တစ်မျိုးတည်းကိုသာ အစဉ်တစ်စိုက် လုပ်ကိုင်စားသောက်ခဲ့သည့်  ဦးသောင်းဖေကမူ မိမိတို့သည် သူတစ်ပါးမြေကို ခိုးဝင်ကျူးကျော်ခဲ့ခြင်း မဟုတ်ဘဲ ဆွေစဉ်မျိုးဆက် စိုက်ပျိုးစားသောက်ခဲ့ရာ နေရာသာ ဖြစ်ကြောင်း ၎င်းတို့၏ အမှန်တရားကို စွဲကိုင်ပြောဆိုထားသည်။ ရာဘာ၊ သီဟိုဠ် စိုက်ခင်းမြေကို သူတို့ တစ်သက်လုံး အပိုင်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ 

သို့သော် ကုမ္ပဏီဘက်ကလည်း ၎င်းတို့တွင်လည်း နစ်နာမှုများစွာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တရားဝင် လုပ်ပိုင်ခွင့် ရထားသော သတ္တုမိုင်းနယ်မြေတွင် ကျူးကျော်ဝင်ရောက် စိုက်ပျိုးနေခြင်းကို ဂရုဏာကြေးပေး၍ ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အတွက် သတ္တုတွင်း ဥပဒေအတိုင်း တရားစွဲဆိုတော့မည် ဖြစ်ကြောင်း ဒယ်ကိုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးဆောင်က ဆိုသည်။ 
“ဒီပြဿနာတွေက ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ဖြစ်နေတာ။ မဖြစ်နိုင်တဲ့ လျော်ကြေးကို တောင်းနေပြီး ကျွန်တော်တို့ ပေးနိုင်တဲ့ ဂရုဏာကြေးကို လက်မခံရင်တော့ ဥပဒေအရ တရားစွဲမှာပါ။ သူတို့ ရှိနေတာက လုပ်ငန်းတိုးချဲ့တဲ့ နေရာမှာ အနှောင့်အယှက်ဖြစ်တယ်” ဟု သူက ဆိုသည်။ 

ခေတ်အဆက်ဆက် သတ္တုမြေအဖြစ် သတ်မှတ်ထားသော်လည်း မည်သည့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမျှ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သည့် ဒေသခံများကို လာရောက်ရှင်းပြခြင်း မရှိခဲ့။ မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေအရ သတ္တုနယ်မြေအဖြစ် သတ်မှတ်ထားပါက မည်သူမှ ဝင်ရောက်နေထိုင် စိုက်ပျိုးလုပ်ကိုင်ခွင့် မရှိကြောင်းကိုမူ အစိုးရသစ်၏ တနင်္သာရီတိုင်းဒေသကြီး သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။ ဝန်ကြီးက သတ္တုတွင်း ဝန်ကြီးဌာန၏ ညွန်ကြားချက်ကို အောက်ခြေတာဝန်ရှိသူများက လိုက်နာခြင်း အားနည်းမှုကြောင့် ထိုပြဿနာများ ဖြစ်လာခဲ့ကြောင်းကိုမူ ဝန်ခံပြောကြားခဲ့ပြီး မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းပေးမည်ကိုကား တစ်လုံးတစ်ပါဒမျှ မပြောခဲ့။ 

ကံပေါက်ဒေသရှိ သတ္တုမိုင်းတွင် ကျူးကျော်ကိစ္စ ဖြစ်ခဲ့ပြီးနောက် မူလက အားနည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ သတ္တုနယ်မြေ သတ်မှတ်ထားသည့် ဧရိယာများကို ထင်သာမြင်သာ ရှိအောင် ဆိုင်းဘုတ်များ ပြန်လည်စိုက်ထူရန် ညွန်ကြားချက် ပေးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး  သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။  

ကံပေါက်ဒေသကြီး တစ်ခုလုံးသည် သတ္တုနယ်မြေအဖြစ် ရှိနေပြီး အချို့သော ဥယျာဉ်ခြံမြေများသည် ကုမ္ပဏီ မရောက်ခင် ကတည်းကပင် စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြရာမှ သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုသည့် အခါတွင် စီမံကိန်းနယ်မြေများ အတွင်း အလိုလို ရောက်ရှိသွားခြင်းကြောင့် ပဋိပက္ခများ ဖြစ်ကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။ 

အစိုးရ တာဝန်ရှိသူများ၏ တာဝန်ပျက်ကွက်မှုများ အတွက် တိကျသေချာသည့် ဖြေရှင်းချက်မျိုးကိုမူ လက်ရှိ တာဝန်ယူနေရသည့် ပြည်သူ့အစိုးရသည်ပင် မည်ကဲ့သို့ စတင် ကိုင်ကွယ်ဖြေရှင်းရမည်ကို အဖြေမရသေး။

“သတ္တုနယ်မြေအဖြစ် သတ်မှတ်ထားပြီ ဆိုရင် အရင်ရှိနေတဲ့ သူတွေကို ကြိုတင်အသိပေးရမယ်။ သတ္တုနယ်မြေအဖြစ် တရားဝင် ကြေညာထားရမယ်။ ဒါကို သွားစိစစ်ထားတဲ့အဖွဲ့ရဲ့ စာကလည်း တိုင်းအစိုးရကို ရောက်နေပါပြီ။ အစ်မတို့ အစိုးရဖွဲ့က သေချာပြန်စိစစ်နေပါတယ်” ဟု တိုင်းဒေသကြီး ၀ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောဆိုသည်။

အစိုးရအဖွဲ့ ကိုယ်တိုင်ကပင် ထိုသို့ဆိုလျှင် ကံပေါက်ဒေသအတွင်း မှီတင်းနေထိုင်သည့် ဒေသခံ အားလုံးသည်ပင် အချိန်မရွေး ကျူးကျော်ဖြစ်နိုင်သည့် အခြေအနေဟု မှတ်ယူရမည်လော။ ထိုအဖြေကိုမူ ဝန်ကြီးချုပ် ကိုယ်တိုင်မပေးခဲ့ပေ။

ကံပေါက်ဒေသကြီး တစ်ခုလုံးသည် သတ္တုနယ်မြေအဖြစ် သတ်မှတ်နိုင်သည့်အတွက် ယင်းဒေသတွင် နေထိုင်သည့် ဒေသခံများ၏ နစ်နာမှုကို ဖြေရှင်းရာတွင် အခက်အခဲပေါင်း များစွာ ရှိနေသည်။ ပြဿနာသည် သတ္တုနယ်မြေအဖြစ် တိတိကျကျ သတ်မှတ်ထားသည့် နယ်နိမိတ်ကို ဒေသခံများသို့  တရားဝင် အသိပေးမထားခြင်းပင် ဖြစ်သည်။ မည်သူက မည်သည့်အချိန်တွင် သတ်မှတ်ထားခဲ့မှန်းပင် လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့က မသိ။ 

သတ္တုမိုင်းနယ်မြေ ဖြစ်သော်လည်း သတ္တုလုပ်ကွက်ရသည့် နယ်မြေမှာ အကန့်အသတ်ရှိသည့် အတွက် လုပ်ကွက်ခွင့်ပြုချက် ရသည့်နေ့မှ စတင်ကာ နယ်မြေသတ်မှတ်သည့် အမှတ်အသားကို ထင်သာမြင်သာ ပြုလုပ်ရမည်မှာ သက်ဆိုင်ရာ ကုမ္ပဏီတွင်သာ တာဝန်ရှိနေသည်။ အလားတူ  ယင်းဒေသကို သတ္တုလုပ်ကွက် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာနသော် လည်းကောင်း ဒေသအာဏာပိုင် အစိုးရကသော် လည်းကောင်း ဒေသခံများကို လာရောက်ရှင်းလင်း ပြောပြရမည် ဖြစ်သည်။ သို့သော် ထိုလုပ်ဆောင်ချက်များသည် ကံပေါက်ဒေသခံများထံ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ရောက်မလာခဲ့ပေ။

“ဒါက အစိုးရ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ကုမ္ပဏီရဲ အားနည်းချက်တွေပဲ။ လုပ်ကွက်ချထား ပေးကတည်းက ဒေသခံကို ရှင်းပြရမယ်။ မြေခမပေးရင်တောင် သီးပင်တွေအတွက် ကာလပေါက်ဈေးနဲ့ နစ်နာကြေး ပေးရမယ်။ ဒေသခံတွေ နစ်နာမှုဟာ သတ္တုတွင်း ဝန်ကြီးဌာနရဲ့ တာဝန်ပျက်ကွက်မှုနဲ့ ဆိုင်တယ်” ဟု အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးစောမိုးမြင့်က မှတ်ချက်ပြုသည်။ 

မြန်မာပြည် အနှံ့အပြားတွင် သတ္တုတူးဖော်ရေး လုပ်ကွက်များတွင် ထိုကဲ့သို့  နယ်မြေ သတ်သတ်မှတ်မှတ် မပြုခဲ့သည့်အတွက် အလားတူ ပြဿနာများ ရှိခဲ့ဖူးကြောင်း အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးစောမိုးမြင့်က ဆိုသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ သုတေသနစစ်တမ်းများအရ မြန်မာနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် စုစုပေါင်းအကြီးစား၊ အလတ်စား၊ အသေးစား သတ္တုမိုင်းပေါင်း ၂၉၁၇ ခု ရှိနေပြီး တနင်္သာရီတိုင်းဒေသကြီးတွင် တရားဝင်ရော တရားမဝင်ပါ သတ္တုမိုင်းပေါင်း ၁၁၀ ခုအထိ ရှိနေကြောင်း ဖော်ပြထားသည်။ သယံဇာတကို ခုထိုင်ထားသည့် ဒေသသည် သောကကိုပါ ခုထိုင်ထား ရသည်လော...။

တနင်္သာရီတိုင်း အတွင်းရှိ သတ္တုမိုင်းနယ်မြေများ သတ်မှတ်တော့မည် ဆိုပါက ထိုဒေသတွင်း  နှစ်ပေါင်းများစွာ အခြေချ နေထိုင်လာသည့် ဒေသခံများ၏ အနာဂတ်ကို အစိုးရက မည်ကဲ့သို့ စီမံထားသည်ကိုမူ ယနေ့ချိန်ထိ မသိရသေးချေ။  

လတ်တလောတွင်မူ တရားစွဲဆိုခံရတော့မည် ဖြစ်သော ဒေသခံ ဥယျာဉ်ခြံပိုင်ရှင် ဦးဆန်းအောင်က သူရင်ဆိုင်ရမည့် အခြေအနေကို ယခုလို ဆိုသည်။
“တရားစွဲလည်းခံမယ် တန်ရာတန်ကြေးအတွက် ဘယ်သူ့ကိုတိုင်ပြီး ပြန်ယူရမလဲ ကျွန်တော်တို့ မသိဘူး ခင်ဗျား၊ ကျွန်တော်တို့ ကျူးကျော်တာ မဟုတ်ဘူး ဆိုတာပဲ ပြောတတ်တယ်။ ကျန်တာကို  မပြောတတ်ဘူး၊ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲ မသိဘူး”
 
အဆိုပါဒေသ ဝန်းကျင်တွင် အထက်တန်းရှေ့နေအဖြစ် ဆောင်ရွက်နေသူတစ်ဦး ဖြစ်သူ ဒေါ်အေးမွန်သူကမူ ကျူးကျော်သူအဖြစ် တရားစွဲဆိုလာပါက ဥပဒေအရ ခုခံပိုင်ခွင့်ကို စကားမပြောသည့် သက်သေများဖြင့် ခုခံချေဖျက်နိုင်ကြောင်း ဆိုပြိး ကုမ္ပဏီ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုမီကပင် အစောကာလက စိုက်ပျိုးထားသည့် အပင်များသည် ကျူးကျော်သူများ မဟုတ်ကြောင်း ဖော်ပြနိုင်သည့် အကောင်းဆုံးသက်သေ ဖြစ်ကြောင်း ရှင်းပြသည်။ 

“နို့တစ်ပို့ထားခံရတဲ့သူတွေ လာအကူညီတောင်းတာ ရှိတယ်။ ကျွန်မတို့ဘက်က နို့တစ်စာ ပြန်ပို့ဖို့ ပြင်ဆင်နေတယ်။ ဥပဒေအရ ကျွန်မတို့မှ ခုခံချေဖျက်ခွင့် အပြည့် ရှိပါတယ်” ဟု ဒေသခံများ၏ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးမည့် အထက်တန်းရှေ့နေသူက ရှင်းပြသည်။ 

ကုမ္ပဏီမှ ပို့ထားသည့် နို့တစ်စာကမူ သတ္တုတွင်းဦးစီးဌာန၏ တရားစွဲဆို ခွင့်ပြုချက် မပါသည့်အတွက် မည်သည့်ဥပဒေနှင့် တရားစွဲဆိုမည်ကိုမူ ယနေ့အချိန်အထိ မသိရသေး။

သတ္တုမြေဖြစ်သော ယင်းဒေသတစ်ခုလုံး၏ မည်သည့်နေရာသည် မည်သည့်အချိန်၌ စီမံကိန်းသစ်များ ဖြစ်လာမည်ကို ကြိုမသိနိုင်သဖြင့် သယံဇာတနှင့် သောကကို ပူးတွဲခုထိုင်ထားရသည်မှာ ကံပေါက်ဒေသခံများ၏ ကံကြမ္မာပင် ဖြစ်သည်။ 

သို့သော် ကံပေါက်ဒေသခံအချို့ကမူ သူတို့မြေအဖြစ် ယနေ့တိုင် ယုံကြည်နေဆဲ။ 

သယံဇာတကို ခုထိုင်ထားရသော သူတို့၏ မြေသည် သောကကို ခုထိုင်ထားရသည့် မြေလည်းဖြစ်နေဆဲ...။ ယင်းကို ဦးဆန်းအောင်၏ စကားက ပြဆိုနေသည်မှာ ယခုကဲ့သို့ ...။ 
“တရားစွဲမယ့် အချိန်ကို စောင့်နေရတယ်” 

ခိုင်ခိုင်