News

POST TYPE

FEATURE

သူမရှိတဲ့နေ့
29-Nov-2016 tagged as ကွန်မြူနစ်

၁၉၅၃ ခုနှစ်ထုတ် ပန်းရောင် ချက်ဗလက်ကားတစ်စီးသည် ဟာဗားနားမြို့လယ် ဆန်လာဇာရို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ထိုတက္ကစီကားထဲတွင် ကားမောင်းသူနှင့် လူငါးဦး ထိုင်နေကြသည်။ ရှေ့ခန်းတွင် အသက် ၅၀ ကျော်အရွယ် လူကြီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူတို့တစ်ဦးကို တစ်ဦး ဖက်ထားကြသည်။ နောက်ခန်းတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူ့ခေါင်းကို အသက် ၆၅ နှစ်အရွယ် သူမိခင်ကြီး၏ ပခုံးပေါ်တွင် မှီထားသည်။

ကျူးဘား ဂီတပညာရှင် ဆာဗီရို ရိုဒရီဂုဇ်၏ သီချင်းသံက ရေဒီယိုမှ ပေါ်ထွက်လာသည်။ တစ်ကားလုံး ည်သူမျှ စကားမပြောကြ။ ထိုနေ့သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ဖြစ်သည်။ မှတ်မှတ်ရရ ထိုနေ့သည် ကျူးဘားနိုင်ငံ တော်လှန်ရေးတွင် ဖီဒယ် ကာ့စ်ထရို မရှိသည့် ပထမဆုံး အချိန်ကာလဟု ဆိုရမည်။

အသက် ၅၄ နှစ်အရွယ် တက္ကစီမောင်းသူ အန်တိုနီယိုတွင် သွေးတိုးရှိသည်။ အိပ်ရာမှနိုးစဉ် ဇနီးဖြစ်သူ ဖျော်ပေးသည့် ကော်ဖီတစ်ခွက်ကို သောက်နေစဉ် ကာ့စ်ထရို ကွယ်လွန်ကြောင်း သတင်းကို ကြားလိုက်ရသဖြင့် သူက -

“ပြည်သူတွေက သူနဲ့ သူ့အတွေးအခေါ်တွေကို ကြိုက်ချင်မှကြိုက်မယ်၊ နားလည်ချင်မှလည်း နားလည်လိမ့်မယ်။ ဒါပေမဲ့ ကျူးဘားဆိုတာ ဖီဒယ်ပါ။ ကျွန်တော်တို့ကို ကမ္ဘာ့မြေပုံပေါ်မှာ ရှိလာအောင် လုပ်ပေးခဲ့တာသူပါ” ဟု ပြောဆိုခဲ့သည်။

ညက အန်တိုနီယို တစ်ယောက် ၁၀ နာရီလောက်မှ  အိပ်ရာဝင်သည်။ ခေတ္တအကြာတွင် ကျူးဘားရုပ်သံမှ တစ်ဆင့် သမ္မတ ရောလ်ကာ့စ်ထရို (ဖီဒယ်၏ညီ) က သူ၏ အစ်ကိုဖြစ်သူ ဖီဒယ် ကွယ်လွန်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ဖီဒယ်သည် တစ်ချိန်က ကျူးဘားနိုင်ငံ၏ သမ္မတနှင့် ကျူးဘားတော်လှန်ရေး ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်သည်။ 

ပြည်သူအများစုမှာ ဖီဒယ် ကွယ်လွန်ကြောင်း မိုးလင်းခါနီးမှ သိကြရသည်။ နံနက်စောစောတွင် လမ်းတစ်လျှောက် လူသူကင်းမဲ့နေသည်။ အိမ်တိုင်းတွင် ရုပ်သံလိုင်းများကို ဖွင့်ထားကာ အထူးကြေညာချက်များကို နားစွင့်နေကြသည်။

ဖီဒယ် ယာယီနေထိုင်သည့် အိမ်တော်၏ လသာဆောင်တွင် ကျူးဘားအလံများကို လွှင့်ထူထားသည်မှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ ယခင် ဟာဗားနားမြို့ဟောင်းတွင် လူတွေ ပျားပန်းခပ်လှုပ်ရှားနေကြသည်။ သူတို့ နေ့စဉ်အလုပ်များကို ပုံမှန်အတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ဖီဒယ်၏အိမ် လသာဆောင်မှ လှမ်းကြည့်လိုက်လျှင် အာမစ်တက်လမ်းကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုလမ်းပေါ်ရှိ ပါလာမိုဘားဆိုင် ခေါင်မိုးပေါ်တွင် အသက် ၇၈ နှစ်အရွယ် အဘိုးအိုတစ်ဦးသည် ဖီဒယ်၏ ပုံနှင့် ကျူးဘားအလံကို ကိုင်ပြီး ဂုဏ်ပြုနေသည်။ အငြိမ်းစား ဗိသုကာတစ်ဦး ဖြစ်သည့် ဟေဘာတို ဆော်ရက်ဇ်က
“ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မတွေးဖူးဘူး။ ကျွန်တော်တို့ ဒီလိုပဲ နေထိုင်ခဲ့ကြတာ။ လူတွေကလည်း တစ်ခုခု ပြောင်းလဲသွားလိမ့်မယ်လို့ပဲ ထင်နေကြတာ။ ဒါပေမဲ့ လူတွေမသိတဲ့ အချက်က ကျူးဘားဟာ ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ ဘာကြောင့်လဲဆိုတော့ ကျူးဘားကို အကောင်းဆုံး လှုပ်ရှားနိုင်အောင် ဖော်ဆောင်နေတာ ဖီဒယ် ဖြစ်နေလို့ပဲ” ဟု ဆိုသည်။

ဟေဘာတို၏အိမ်မှ တစ်ဘလောက် အကွာခန့် တွင် ရဲငါးဦး တန်းစီပြီး ရပ်စောင့်နေကြသည်။ သူတို့သည် မိုးမလင်းမီကတည်းက ဤနေရာတွင် ရပ်နေကြခြင်း ဖြစ်သည်။ လူတွေက ဖီဒယ် သေဆုံးကြကြောင်း သိရပြီး နောက် လမ်းပေါ်ထွက်လာကြပြီး တစ်ခုခု တုံ့ပြန်ကြမည်ကို စိုးရိမ်နေကြပုံရသည်။ 

ထိုနေ့တွင် ဗဟိုပန်းခြံရှေ့ရှိ ဆန်ရာဖဲလ် လမ်းမကြီးပေါ်တွင်လည်း လူတွေ သွားလာနေကြသည်။ သူတို့ ယနေ့ ဘေ့စ်ဘောအကြောင်း၊ ဘတ်စ်ကက်ဘော အကြောင်းတွေ ပြောမနေကြပေ။ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသူတစ်ဦးက အခြားတစ်ဦးကို -
“ငါကတော့ လမ်းပေါ်ပဲ ထွက်လာရတယ်။ ငါက အင်တီနာ (နိုင်ငံတကာ သတင်းများကို ဖမ်းယူနိုင်သည့်တိုင် ထောင်မှုသည် ကျူးဘားတွင် တရားမဝင် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်) ထောင်နိုင်တဲ့ကောင်လည်း မဟုတ်တော့ လမ်းပေါ်ထွက်ပြီး အကဲခတ်ရတာပေါ့။ မီယာမီက လူတွေလို ဘာကြောင့် လမ်းပေါ်ထွက်ပြီးတော့ အောင်ပွဲမခံကြသလဲ မသိဘူး” ဟု ပြောလိုက်သည်။ 

သူ့အမေးကို အမျိုးသမီးကြီးတစ်ဦးက ဖြေသွားသည်။
“သူသေတာကို ပွဲလုပ်ရင် ပွဲလုပ်သူလည်း ထောင်ထဲရောက်သွားမှာပေါ့” ဟုပြောကာ ထွက်သွားတော့သည်။

အသက် ၃၅ နှစ်အရွယ် ကက်ဦးထုပ် ဆောင်းထားသူ တစ်ဦးက -
“ကျွန်တော်ကတော့ ဖီဒယ်ကာ့စ်ထရိုရဲ့ မိတ်ဆွေတွေကို ဝမ်းနည်းစကား ပြောချင်ပါတယ်။ ကျွန်တော် ကွန်မြူနစ်စနစ်ကို မကြိုက်ပါဘူး။ သူ့ (ဖီဒယ်) ကိုလည်း သဘောမကျဘူး။ ဒါပေမဲ့ သူဟာ လေးစားစရာတော့ ကောင်းတယ်။ ကျွန်တော် ထောင်ထဲမှာ ၁၆ နှစ်လောက် နေခဲ့ရတယ်။ တကယ်ဆိုရင် သူ့ကို ဆန့်ကျင်ရမှာ။ သူဟာ တကယ့်ကို ကြီးကျယ်မြင့်မြတ်သူ တစ်ဦး ဆိုတာ မငြင်းနိုင်ပါဘူး” ဟု ဆိုသည်။

အဘိုးအိုတစ်ဦးကလည်း -
“ဟစ်တလာသေချိန်၊ စတာလင်သေချိန်၊ လီနင် သေချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်တွေက ပါတီပွဲတွေ ကျင်းပကြတယ်။ ဒါကြောင့် မီယာမီက ပြည်သူတွေဟာ ပျော်လွန်းလို့ ကျွမ်းထိုးနေကြတာ နေမှာပေါ့” ဟု ပြောသည်။

ကက်ဦးထုပ်ဆောင်းထားသူ လူငယ်က သူ့ကို
“အဲဒါ သူရဲဘောကြောင်တဲ့ သူတွေရဲ့ လုပ်ရပ်ပါ။ သူတို့ဟာ အသက်ရှင်နေစဉ်မှာ မဆန့်ကျင်ရဲကြဘူးလေ။ ကျွန်တော်လည်း ဖီဒယ်ကို မကြိုက်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေ၊ အောင်မြင်မှုတွေကိုတော့ ဘယ်သူမှ ပစ်ပယ်လို့ မရဘူး။ သူ (ဖီဒယ်) ဟာ ဘာတစ္စတာ အစိုးရကို သစ်သားသေနတ်တွေ၊ ကျောက်ခဲ သေနတ်တွေနဲ့ အာဏာရအောင် သိမ်းနိုင်ခဲ့သူ ဆိုတာ မေ့လို့မဖြစ်ဘူး” ဟု ဆိုသည်။

ဟာဗားနား တက္ကသိုလ်တွင် ကျောင်းသားများနှင့် ပါမောက္ခများသည် ဖီဒယ်ကို အလေးပြုကြသည်။ တက္ကသိုလ်ကျောင်းကြီး၏ လှေကားတွင် ကျောင်းသားများက -
“ဖီဒယ်ရှိနေတယ်။ ဖီဒယ်မသေဘူး” ဟု ကြွေးကြော်အော်ဟစ်နေကြသည်။ သူတို့ နိုင်ငံတော်သီချင်းတွေကိုလည်း သီကြွေးနေကြသည်။ ကျောင်းသားအများစုမှာ ငိုကြွေးနေကြသည်။ 

တစ်ချိန်က ဖီဒယ်ကိုယ်တိုင် ပညာသင်ခဲ့သော ဥပဒေဌာနရှေ့တွင် သူကျောင်းတက်စဉ်က ပုံများကို ခင်းကျင်းပြီး အထိန်းအမှတ် အနေနှင့် ပြသထားသည်။ 

လမ်းများပေါ်တွင် နေ့လယ်ခင်းတိုင်အောင် တိတ်ဆိတ်နေသည်။ ၁၁ လမ်းပေါ်တွင် ဒရမ်ခေါက်သံ တစ်သံ ကြားလိုက်ရသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အစိမ်းနှင့် အဝါရောင် ဦးထုပ်ကို ဆောင်းထားသည့် လူတစ်ယောက် ဒရမ်ခေါက်ပြီး အိမ်က ထွက်လာခြင်း ဖြစ်သည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း “ဖီဒယ် ကောင်းကင်ဘုံကို ငြိမ်းချမ်းစွာ ရောက်ရှိသွားပါစေ” ဟု ဆုတောင်းလိုက်သည်။ 

ညီဖြစ်သူ ရောလ်ကာ့စ်ထရိုက ၂၀၀၈ ခုနှစ်တွင် အစ်ကိုဖြစ်သူထံမှ အာဏာကို လွှဲယူလိုက်ချိန်က ကွန်မြူနစ် ကျူးဘားနိုင်ငံ၏ စီးပွားရေး အနေအထားမှာ ဆိုးရွားစွာ ရှိနေခဲ့သည်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို ခွင့်ပြုထားခြင်းမရှိ။ ကျူးဘားပြည်သူများ လုပ်ဆောင်ခွင့် ရသည်မှာ စားသောက်ဆိုင်ဖွင့်၊ သာမန်ဈေးရောင်း အလုပ်လောက်ကိုသာ လုပ်ကိုင်ခွင့် ရှိကြသည်။ ကွန်မြူနစ်စနစ်ကို ကျင့်သုံးသည်နှင့်အညီ အစိုးရ ကြိုက်အောင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်နိုင်သူများသာ အခွင့်အရေးရသည်။ တစ်နည်းဆိုရလျှင် အစိုးရအလုပ်ကို ဝင်လုပ်သူများလောက်သာ အခွင့်အရေး ရကြသည် ဆိုသော်လည်း ဝန်ထမ်းများစွာ အလုပ်ဖြုတ်ခြင်း ခံခဲ့ကြရသည်။

နိုင်ငံသားများတွင် ကားဝယ်စီးနိုင်သူများ၊ ပစ္စည်းကောင်းကောင်း ဝယ်နိုင်သူများသည် အခွင့်ထူးခံ လူတန်းစားများသာ ဖြစ်သည်။ နိုင်ငံအတွင်း ငွေကြေးပြဿနာတွေကလည်း ကြီးမားနေသည်။ 

၂၀၁၄ ခုနှစ်လောက်မှ အမေရိကန်ပြည်ထောင်စုက အခေါ်အပြောတွေ လုပ်လာသည်။ အိုဘားမားကလည်း ကျူးဘားသွားလည်၊ ကွန်ဂရက်ကလည်း ကုန်သွယ်မှု ပိတ်ပင်ထားမှုများ ပြန်ပြီး ဖွင့်ပေးလိုက်သည်။ နှစ်နိုင်ငံ ရွှေလမ်းငွေလမ်း ဖောက်နိုင်ခဲ့သောကြောင့် စီးပွားရေး အခွင့်အလမ်းတွေလည်း ပွင့်သွားပြီဟု ဆိုနိုင်သည်။ 

ဖီဒယ် မကွယ်လွန်မီ ကတည်းက ကွန်မြူနစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကို ဦးတည်နေသည်။ ယခု နိုင်ငံ၏ နောက်ကွယ်က ကြိုးကိုင်ထားသူကြီး ကွယ်လွန်သွားပြီ ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်မှု တွေ ဖော်ဆောင်နိုင်တော့မည်ဟု ယူဆလာကြသည်။ ကျူးဘားနိုင်ငံတွင် လူဦးရေ ၁၁ သန်းခန့် ရှိသည်။ လူတစ်ယောက်၏ တစ်လဝင်ငွေမှာ ဒေါ်လာ ၂၀ ခန့်နှင့် ရပ်တည်နေရသည်။ 

“ဖီဒယ်တစ်ယောက် အစိုးရအဖွဲ့အပေါ် သြဇာ မသက်ရောက်တာ နှစ်အတော်ကြာပါပြီ။ သူ့ညီလက်ထဲကို အာဏာလွှဲလိုက်တာဟာ အားလုံး မျှော်လင့်တဲ့အတိုင်း ပိုပြီးတော့ ချောမွေ့စေဖို့ ဖြစ်လာတာပါ” ဟု ဝါရှင်တန် အခြေစိုက် ကျူးဘားနှင့် ပေါင်းစည်းဆက်သွယ်ရေးအဖွဲ့ အကြံပေးဌာနမှ သောမတ်စ် ဘီလ်ဘိုက ပြောကြားသည်။ 

“သူကွယ်လွန်သွားပြီ ဆိုတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အထောက်အကူ ဖြစ်သွားနိုင်တယ်။ ကျူးဘားမှာက ဗြူရိုကရေစီစနစ် လွှမ်းမိုးနေတာ။ ထိပ်ပိုင်းက လူတွေကလည်း နိုင်ငံရေး အထိန်းအချုပ် အကန့်အသတ်တွေကို ကြောက်နေကြရတာ” ဟု သူက ဆိုသည်။ 

လက်ရှိအနေအထားတွင် ကျူးဘားနိုင်ငံ ခေါင်းဆောင်များ အနေနှင့် စိန်ခေါ်မှုပေါင်း များစွာကို ရင်ဆိုင်နေကြရသည်။ နှစ်ပေါင်းများစွာ ဆိုရှယ်လစ်စနစ်ကို မအောင်မြင်မချင်း အကောင်အထည် ဖော်နေရသောကြောင့် စီးပွားရေးကလည်း ခြေကုန်လက်ပန်း ကျနေပြီ။ ၂၀၁၀ ပြည့်နှစ်တွင် သမ္မတသစ် ရောလ်ကာ့စ်ထရိုသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လာကြောင်း တွေ့ရသည်။ ပုဂ္ဂလိကလုပ်ငန်း ၁၇၈ ခုကို ဖွင့်ပေးပြီး လုပ်ပိုင်ခွင့် ပေးလိုက်သည်။ ရောလ်ကိုယ်တိုင်က ဆိုရှယ်လစ်စနစ်ထက် အရင်းရှင်စနစ်ကို ကူးပြောင်းမှ ဖြစ်တော့မည်ဟု ထုတ်ဖော်ဝန်ခံခဲ့သည်။ 

ကျူးဘားနိုင်ငံတွင် ၁၉၅၉ ခုနှစ်ကတည်းက တော်လှန်ရေးခေတ်ကို စတင်ခဲ့ပြီး အမေရိကအနီးတွင် နေကာ အမေရိကကို ဆန့်ကျင်နေသည့် အကျိုးတရားမှာ မည်သည့် တိုးတက်ထူးခြားသော ပြောင်းလဲမှုများ ရခဲ့သနည်းဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါ သည်။ ပြည်သူတစ်ဦးကတော့ သူ့အိပ်မက်တွေကို ထုတ်ပြောသည်။

“နိုင်ငံတစ်နိုင်ငံ တိုးတက်မှုဆိုတာ နောက်ကွယ်က ဘယ်သူတွေ ရှိနေသလဲ ဆိုတာ အရေးကြီးတယ်။ ခုဆိုရင် ကာ့စ်ထရို ကွယ်လွန်သွားပြီ။ သူအာဏာကို စွန့်လိုက်စဉ် ကတည်းက အပြောင်းအလဲလေးတွေ တာစူနေတာ တွေ့ရတယ်။ ခု သူကွယ်လွန်ပြီ ဆိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘား ဆက်ဆံရေးလည်း ဖွံ့ဖြိုးတိုးတက်သွားမယ်။ ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ ကောင်းလာမယ် ထင်ပါတယ်”

(Ref : A day without Fidel Castro, Abraham Jimenez Enoa; Cuba after Castro, Megan O'Toole)

ကျော်ဗလ