POST TYPE

FEATURE

တောင်ကြီးမှာ တစ်ခါကြုံသည်
27-Nov-2016 tagged as တောင်ကြီး


ဘေးဘီဝဲယာ ရှေ့နောက် ပတ်ပတ်လည်တို့တွင် ကားများ စီတန်းနေကြသည်။ ခရီးသည်များ ထိုင်ခုံ မရ၍ ဟိုင်းလတ်ကား တစ်စီး၏ နောက်ခြမ်းနှင့် ခေါင်းမိုးပေါ်တို့တွင် ကုပ်ကပ် တွယ်ခို၍ လိုက်ပါနေကြသည်။

ကားအိတ်ဇော မီးခိုးငွေ့ တထောင်း ထောင်းကြား ရပ်တန့်နေရသည့် ကားကြီး၊ ကားငယ်နှင့် ဆိုင်ကယ် ရောင်စုံတို့သည်  ဟွန်းသံ တတီတီ တပွမ်ပွမ် ပြုသော်လည်း နေရာမှ မရွေ့နိုင်။

ကား၊ ဆိုင်ကယ်ပေါ်မှ လူများနှင့် ခြားနားစွာ ရှိသူများကတော့ ခြေလျင် လမ်းလျှောက်သူများ ဖြစ်သည်။ လမ်းမပေါ်က  မရွေ့နိုင်သည့် ကားနှင့် ဆိုင်ကယ်တို့ကြား တိုးဝှေ့ လျှောက်သွားရုံပင်။ 

လူထောင်နှင့်ချီ၍ ထိုလမ်းလေးပေါ် တိုးဝှေ့နေသော်လည်း နိုဝင်ဘာည၏ အအေးဒဏ်ကတော့ မလျော့။ ခိုက်ခိုက်တုန်လျက် ရှိနေသည်။ 

အအေးဒဏ်အောက်တွင် ရွှေပွဲလာ ပရိသတ်တို့ ဦးတည်နေသည်မှာ တစ်နေရာတည်း။ တောင်ကြီးမြို့၏ အထင်ကရ  တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံကွင်းရှိသည့် အဝေရာ မီးပုံးပျံကွင်းသို့ပင်။ သို့သော် လိုရာခရီးက စိတ်သွားတိုင်း ကိုယ်မပါ။ 

“ဒီပုံစံနဲ့ဆို မိုးလင်းမယ်”ဟု ကားဆရာ ကိုမောင်ဦးက စိတ်ပျက်လက်ပျက် ညည်းလိုက်သည်။ 

ညောင်ရွှေမြို့ခံ ယာဉ်မောင်း ကိုမောင်ဦးသည် ခရီးသည် လေးဦးနှင့်အတူ တန်ဆောင်တိုင် ပွဲတော်ကာလ အဖိတ်နေ့ ညနေပိုင်းတွင် ညောင်ရွှေမှတစ်ဆင့် တောင်ကြီးမြို့သို့ ခရီး နှင်လာခဲ့ခြင်း ဖြစ်သည်။ ထိုခရီးက ကိုမောင်ဦးအတွက်  မဆန်းလှတော့။ ပုံမှန်ဆိုလျှင် သည်လမ်း၊ သည်ခရီးကို ကားဖြင့် သွားလျှင် ၄၅ မိနစ်ခန့်သာ မောင်းရသည်။ 

သို့သော် ယခု ထင်သလို မဖြစ်တော့။ စိတ်သွားတိုင်း ကိုယ်မပါ။ လိုရာ ခရီး ရောက်ဖို့ ခက်ခဲလေစွ။

ကိုမောင်ဦး၏ ကားလေးမှာ ညောင်ရွှေမှ ရွှေညောင်အထိ အလွယ်တကူ ဖြတ်လာနိုင်သေးသော်လည်း နယ်ပေါင်းစုံမှယာဉ်များ လာရောက် ဆုံကြသည့် ရွှေညောင်- တောင်ကြီး လမ်းမပေါ်မှ စတင်၍ အရှိန် လျှော့သထက် လျှော့၊ နှေးသထက် နှေးလာသည်က တောင်ကြီး မီးပုံးပျံ ကျင်းပသည့် ပွဲခင်း အနီး ရောက်သည်အထိ တရွေ့ရွေ့ တအိအိနှင့်ပင်။

ထိုလမ်းပိုင်းသည် နှစ်လမ်းသွား လမ်းပိုင်း ဖြစ်သော်လည်း ပွဲတော်ကာလတွင် လမ်းပိတ်ဆို့မှု မဖြစ်စေရန် တစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်သည်။ သို့သော် လမ်းကတော့ စိတ်ပျက်အောင်ကို ပိတ်ဆို့နေခဲ့ပြီ။

ကိုမောင်ဦး၏ ဆလွန်းကားလေးမှာ မလူးသာ မလွန့်သာ။ စက်နှိုးထားသည့်တိုင် ကားကို မောင်းခွင့်မရ။  

ပွဲတော်တွင် သီးသန့် စီစဉ်ပေးထားသည့် ကားပါကင်ကလည်း မဟန်လှ။ ယခုကဲ့သို့ ည ၈ နာရီခန့်မှ ကားပါကင်ကို ဝင်ရန် တန်းစီမည်ဆိုလျှင် အနည်းဆုံး တစ်နာရီကျော် ကြာမည်။ ထို့အပြင် ပြန်ထွက်ရာတွင်လည်း စောင့်ရပေဦးမည်။ 

“ကားပါကင်ကို ရပ်ဖို့ဆို စောစော သွားမှဖြစ်မှာ ခုချိန်ကတော့ မလွယ်ဘူး”ဟု ကိုမောင်ဦး ထပ်၍ ညည်းမိပြန်သည်။

ကားမောင်းသူများအတွက် ရွေးချယ်စရာလမ်း များများစားစား မရှိ။ ထို့ကြောင့်ပင် ပွဲခင်းကို ရောက်ရန် တစ်ခုတည်းသော လမ်းမတန်း ဖြစ်သည့် အရှေ့မြို့ပတ်လမ်း တစ်လျှောက်ကိုသာ ဖြတ်ဖို့ ကြိုးစားရသည်။

ကိုမောင်ဦး၏ ရွေးချယ်မှုက အကောင်းဆုံး အသင့်ဆုံး ရွေးချယ်မှုတော့ မဟုတ်ခဲ့။ ခရီးသည် လေးယောက် လိုက်ပါလာသည့် ကိုမောင်ဦး၏ ဆလွန်းကားလေးသည် ရှေ့လည်း မဆက်နိုင်။ နောက်လည်း မဆုတ်နိုင်။ ကားမရွေ့သည့် နောက်ဆုံး ပွဲခင်းနှင့်  အတန်ငယ်လှမ်းသည့် တက္ကသိုလ်ကျောင်း ရှေ့အရောက်တွင် ခရီးသည်ကို ဆင်း၍ လမ်းလျှောက်ခိုင်းခဲ့ရပြီ မဟုတ်ပါလား။ 

ကိုမောင်ဦးကတော့ လာလမ်းအတိုင်း တရွေ့ရွေ့နှင့်သာ။ 

တောင်ကြီး ပွဲတော်နှင့် အကျွမ်းတဝင် ရှိပြီးသူများသည် ထိုဒုက္ခကို ရှောင်လိုလျှင် နေ့လယ်ပိုင်းတွင် ပွဲခင်းသို့ အရောက် သွားတတ်ကြသည်။ သို့သော် အပြန်လမ်းတွင်တော့ ထိုသို့ ရှောင်လွှဲမရ။ ကားပိတ်ခြင်း ဒုက္ခကို မလွဲမသွေ ကြုံကို ကြုံရမည်သာ။

“ည ၉ နာရီလောက်ကတည်းက ပြန်တာ။ ညောင်ရွှေကို မနက် ၃ နာရီမှ ရောက်တယ်”ဟု စိတ်ပျက်လက်ပျက်ဖြင့်  ညည်းညူလာသူက မဆွေဇင် ဖြစ်သည်။

မဆွေဇင်သည် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ်တွင်မှ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ပထမဆုံး အကြိမ် လာရောက် လည်ပတ်ဖူးသူ ဖြစ်သည်။

မဆွေဇင်တို့ မိသားစု ညောင်ရွှေမှ တောင်ကြီးသို့ နေ့လယ်ပိုင်းတွင် စတင် ထွက်လာခဲ့ခြင်းကြောင့် ညနေ ၃ နာရီတွင်  ရောက်ရှိခဲ့သည်။ ခပ်စောစော ရောက်နေသည်မို့ ကားပါကင်အတွက် စိတ်အေးခဲ့ရသည်။ 

သို့သော် အပြန် ခရီးအတွက်တော့ ကားပါကင်၏ တစ်ခုတည်းသော ထွက်လမ်းတွင် ကားများ လာရပ်ထားသည့်အတွက်  လမ်းပိတ်နေခဲ့ပြီ။

“ဒီတစ်စီးထဲကြောင့် တန်းစီပိတ်တယ်။ ကားကိုရွှေ့ပေးမယ့် ကားသမားက အနားမှာ မရှိဘူး။ ကားနံပါတ်ကို အသံချဲ့စက်နဲ့ ကြေညာပေးမယ့် ပြန်ကြားရေး ဌာနလည်း မရှိဘူး။ စီစဉ်တာတော့ တော်တော် ညံ့တယ်”

မဆွေဇင်၏ မကျေမနပ် ဝေဖန်သံက တရစပ် ထွက်ပေါ်လာသည်။

ရုံးပိတ်ရက် သုံးရက်နှင့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် တိုက်ဆိုင်နေခြင်းကလည်း ပွဲတော်ကို ပို၍စ ည်ကားစေခဲ့သည်။

ထို့ကြောင့်ပင် ဟိုတယ်၊ တည်းခိုခန်း ငှားရသည်ပင် အလုအယက်။ တောင်ကြီး မြို့ပေါ်တွင် တည်းခိုရန် မရ၍ ညောင်ရွှေ၊ အင်းလေးသို့တိုင် ငှားရမ်း တည်ခိုခဲ့သူများက ဒုနှင့်ဒေး။

ဧည့်သည် အဝင်များသည့် တောင်ကြီး မြို့၏ စည်ကားမှုက ကြက်ပျံမကျ။ အဝေရာ မီးပုံးပျံကွင်းသွားရာ ပွဲဈေးလမ်း တစ်လျှောက်တွင် ပရိသတ်တို့က ကျိတ်ကျိတ်တိုး။ ရာနှင့်ချီသော ဈေးဆိုင်ခန်းတိုင်းတွင် ဈေးဝယ်တို့က မဲမဲလှုပ်။ 

ဆယ်ပေပတ်လည် ဈေးဆိုင်ခန်း တစ်ခန်းလျှင် ကျပ်သုံးသိန်းနှုန်း သတ်မှတ်၍ ဈေးဆိုင်ခန်း လေလံအတွက် ကျပ်သိန်း ၂၅၀ဝ ဖြင့် ကန်ထရိုက် ပေးခဲ့သည်။

ပွဲခင်းထဲတွင်တော့ ဆယ့်နှစ်ရာသီ ပွဲဈေးသည်တို့၏ အဝတ်အထည်ဆိုင်များ၊ ရိုးရာမုန့်ဆိုင်များ၊ အရုပ်ဆိုင်များမှစ၍ ကလပ်နှင့် ဘီယာဆိုင်များအထိ စုံစုံလင်လင်။

မျက်နှာချေ၊ မိတ်ကပ်တို့ ရောင်စုံ ခြယ်သ ပြင်ဆင်ထားသည့် မိန်းမလျာတို့သည် ကလပ်အတွင်း ဝင်ရောက် ပျော်ပါးရန် ပွဲလာသူ အပေါင်းကို မှန်ခန်းများ အတွင်းမှ ဟန်ရေးပြ ညှို့ငင် နေကြပြန်သေးသည်။

ကလပ်များကို ဘီယာ ကုမ္ပဏီများက စပွန်ဆာ ပေးထားကြပြီး ဝင်ပေါက် မျက်နှာစာတွင် ရန်ကုန်မြို့မှ နာမည်ကြီး DJ တို့ဖြင့် ပွဲတော်ကို ဖြတ်သန်းရန် အပြိုင် ဆွဲဆောင် ကြော်ငြာထားကြသည်။

ဗီနိုင်းစတို့ ကာရံထား၍ ကလပ်အတွင်းပိုင်းကို မမြင်သာသော်လည်း အသံချဲ့စက်တို့ဆီက အနောက်တိုင်း ဂီတသံစဉ်တို့က အုံးအုံးထ၊ မြူးမြူးကြွကြွ။

“ပွဲတော်က ရန်ကုန် သင်္ကြန်လိုများ ဖြစ်နေပြီလား ဆိုပြီး စိတ်ပူမိတယ်”ဟု မချိတင်ကဲ ရေရွတ်မိသူက ဒေသခံ  ဦးဇော်ဌေးအောင်။

ဒေသ၏ အထင်ကရ ပွဲတော်ကြီး ဖြစ်သည့် တန်ဆောင်တိုင် ပွဲတော်ကို တောင်ကြီးမြို့အပြင် အနီး ပတ်ဝန်းကျင်မြို့များ၊ ရွာများက လူငယ်၊ လူရွယ်တို့အရောက် လာရန် အားခဲထားကြသည်။ ထိုသူတို့အတွက် ပျော်ပွဲရွှင်ပွဲ ဆိုသည်မှာ ဒီတစ်ခုတည်းသာ။

မူးယစ် သောက်စားထားသည့် လူငယ်အုပ်တို့က ပွဲလာသူတို့ကြား ဖရိုဖရဲ။ ဒယိမ်းဒယိုင်။ တိုးတိုးဝှေ့ဝှေ့။ ထိုဒဏ်ကို ကလေးငယ်နှင့် သက်ကြီးရွယ်အိုတို့က မခံနိုင်။ ဈေးသည်တို့လည်း ဈေးဗန်းများ မှောက်မည်စိုး၍ ဝိုင်းလျက်ကာလျက်။ 

ဤသို့ဖြင့် ပွဲဈေးမြင်ကွင်းက  ကသောင်းကနင်း။ 

“ကျွန်တော့် အမေပခုံးကို ကိုင်မထားဘူးဆိုရင် သူလဲသွားမှာပဲ။ အသက် ကြီးတဲ့သူ အနားမှာ ရှိတာကို ပွဲခင်းထဲက လူငယ်တွေ ဂရု မစိုက်ကြဘူး။ ဘယ်သူ့ကိုမဆို တွန်းတာပဲ။ ကြောက်စရာ ကောင်းတယ်”

အသက် ၆၀ ကျော် မိခင်နှင့်အတူ ပွဲခင်းလည်ခဲ့သူ ဗြိတိန်နိုင်ငံသား အလက်ဇန်ဒါးတစ်ယောက် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ဆိုလျှင် လန့်နေမိသည်။

အလက်ဇန်ဒါးတို့ မိသားစုလဲကျ၍ လူနင်း ခံရမည် စိုးရိမ်သဖြင့် မီးပုံပျံကွင်းထဲသို့ပင် မရောက်ခဲ့။ ပွဲတော် မုခ်ဦးပေါက်တွင်ပင် လှည့်၍ ပြန်ခဲ့ရသည်။ 

အလက်ဇန်ဒါး နည်းတူ ပွဲတော်ကို စိုးရိမ်မိသူ တစ်ဦးက ရှိနေပြန်သည်။ ထိုသူက အခြားမဟုတ်။ တောင်ကြီးဇုန်၏ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးဇော်ဌေးအောင် ဖြစ်သည်။ ဦးဇော်ဌေးအောင် စိုးရိမ်မည်ဆိုက စိုးရိမ်စရာ။

တောင်ကြီး ပွဲတော်က ယခုနှစ်တွင် အထူးစည်ကား၍ နေသည်။ မီးပုံပျံကွင်းတွင်လည်း ပြီးခဲ့သည့် နှစ်များနှင့် မတူ။ လူအုပ်က များလှသည်။ 

“မီးပုံပျံ လွှတ်တဲ့နေရာထိ ဝင်ကြတာ။ ဒီနေရာမှာ ယမ်းတွေနဲ့လေ။ မီးခြစ် လှမ်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ” 

ဦးဇော်ဌေးအောင် စိုးရိမ်သလိုပင် ပြည်နယ် တာဝန်ရှိသူတို့သည်လည်း စိုးရိမ်ကြမည်ပင်။ ထို့ကြောင့် မီးပုံပျံ လွှတ်သည့် နေရာသို့ ပြိုင်ပွဲ အဖွဲ့ဝင်များ၊ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးရန် ခွင့်ပြုချက် ရယူထားသူများမှအပ မည်သူ့ကိုမျှ ဝင်ခွင့် မပြုခဲ့။ သို့သော် သိန်းနှင့်ချီသော ပွဲတော်လာသူတို့ကို ထိန်းရန်က မလွယ်။

“ကျွန်တော်တို့ကတော့ လွှတ်ကွင်းမှာ တစ်ဖွဲ့ဝင် တစ်ဖွဲ့ထွက် သီးသန့် လုပ်ချင်တာပေါ့။ ခုက ဘယ်လိုမှ မထိန်းနိုင်ဘူး”ဟု မီးပုံပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးတင့်ဝေ တစ်ယောက် ထုတ်ဖော် ညည်းမိသည်အထိ။ 

အစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ပွဲတော် လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင် အယောက် တစ်ထောင်က တာဝန်ယူခဲ့သည်။ သို့သော်  ရဲတပ်ဖွဲ့ကို တွေ့ရသည်က ပွဲခင်း အဝင်နှင့် မီးပုံးပျံကွင်းတွင်သာ။ ကျန်နေရာတို့တွင် ရဲတို့ ကိုယ်ယောင်ဖျောက်လျက်။ ထိုမျှသော လုံခြုံရေး အင်အားသည် ပွဲတော်လာသူတို့နှင့် ချိန်ထိုးသော် လုံခြုံ၊ မျှတပါ၏လော။

ဟန့်တားသူ တစ်စုံတစ်ဦးမျှ မရှိသည့် ပွဲခင်းလယ်တွင် အပျော်ကျူး လူငယ်တို့၏ အပျော်ရေချိန်က ညဥ့်နက်လေလေ  ပိုတိုးလေလေ။ ပိုဆိုးလေလေ။

“ဒီနှစ်မှာတော့ လုံခြုံရေး များပေမယ့် လူများတာကို မကာမိဘူး။ ဒီထက် လူများလာရင်တော့ မနိုင်မနင်းတွေ ဖြစ်လာလိမ့်မယ်”ဟု ခပ်ညည်းညည်း ဆိုရင်း ဦးဇော်ဌေးအောင် တစ်ယောက် သက်မတို့  ချနေပြန်သည်။

ပွဲခင်းကတော့ သန်းခေါင်ယံတိုင် လူအုပ် မလျော့။ ပွဲလာသူနှင့် ပြန်သူတို့က  ကျိတ်ကျိတ်တိုး။ ပွဲသွား ကျော့ကျော့  ပွဲပြန် မော့မော့။ သီချင်း သံပြိုင်မဆိုနိုင်။ စကားစမြည် မပြောနိုင်။ ခပ်ငေးငေး ခပ်ငိုင်ငိုင်။ နွမ်းလျ အိမ်အပြန်။

ကားဆရာ ကိုမောင်ဦးကတော့ ညောင်ရွှေမြို့အဝင် ဆိုင်းဘုတ်ကိုမြင်မှ သက်ပြင်း ဟင်းခနဲ ချသည်။ တစ်နာရီခွဲသာ ကြာသည့် ထိုခရီးကို ရှစ်နာရီကျော်ကြာ မောင်းခဲ့ရသည်။ ပင်ပန်းလှပါပြီ။ နားချင်ပြီ မဟုတ်ပါလား။ 

အခကြေးငွေ မြိုးမြိုးမြက်မြက်ရသော်ငြားလည်း ကိုမောင်ဦးကတော့ ပွဲတော် နောက်ဆုံးရက် ခရီးစဉ်ကို စိတ်ကူးထဲမှပင် အပြီး ထုတ်ပစ်လိုက်ပြီ။

ထို့အတူ မဆွေဇင် အပါအဝင် အလက်ဇန်ဒါးတို့ မိသားစုသည်လည်း အပျော်ထက် မောပန်းနွမ်းလျမှုကိုသာ ပိုရခဲ့ ကြုံခဲ့သည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကိုဖြင့် ပျော်မောကြီးမို့ လန့်ကြသည်က အမှန်။

မြတ်နိုးခင်

ABOUT AUTHOR

(မြတ်နိုးခင်)