News

POST TYPE

FEATURE

ပေါက်ဖော်တို့၀ယ်သော ငရဲခန်းအိမ်ထောင်ရေး
21-Jan-2020

ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသသည် ၁၉၈၀ တစ်ဝိုက်က နေဝင်မီးငြိမ်းလမ်းပေါ် လူသွားလူလာမရှိ။လူပင်မက ခွေးပင်မိုးချုပ်လျှင် အိမ်ပြင်ထွက်ရဲသည့်ဒေသမဟုတ်။

ဇရပ်ကြီးဒေသ ကျွဲလမ်းကူးကျေးရွာသည် ရွာငယ်ဟုလည်း မဆိုနိုင်။ရွာကြီးလည်းပြော၍မရ။သို့သော် တောင်ငူ-ထန်းပင်-မုပ္ပလင် မဟာဗျူဟာလမ်းပေါ် မေးတင်ထားသည့်အတွက် လမ်းပန်းသာသကဲ့သို့ ရောင်းပန်းဝယ်ပန်းသာသည်။အထူးသဖြင့်  ရိုးမနှင့်ကပ်နေသည့်အတွက် သစ်ကြီးဝါးကြီးပေါသည်။သစ်လုပ်ငန်းက ဒေသတစ်ဝိုက် ကျေးရွာတွေကို ဝမ်းလှခါးလှစေသည်။

သေနတ်သံ၊ အမြောက်သံ မီးခိုးမှိုင်းများကြား မွေးခဲ့သည့် မိထူးကို မိခင်နှင့်ဖခင်က ပညာတတ်ကြီးတစ်ဦး ဖြစ်စေလိုသည်။

၂၀ဝ၁ ခုနှစ် ရက်စွဲတစ်ခုတွင် မွေးဖွားခဲ့သည့်  မိထူးက ရွာထဲက သူလိုငှာလိုကလေးများကဲ့သို့ပင် အသက် ၅ နှစ်အရွယ်တွင် ကျွဲလမ်းကူးရွာကျောင်းတွင် သူငယ်တန်းတက်ခဲ့ရသည်။

တပ်မတော်အစိုးရလက်ထက်မှ ရွေးကောက်ခံ အစိုးရပြောင်းခါနီး ကရင်လက်နက်ကိုင်အဖွဲ့ ကြီးစိုးရာနယ်မြေ ကျွဲလမ်းကူးရွာအနေအထားသည် သေနတ်သံတိတ်ပြီဟု ဆိုနိုင်သည်။သို့သော် မိဘနှစ်ပါးက သာမန်တောသူတောင်သား။ရရစားစား ဝါးဝါး မျိုမျို။

ခေတ်အခြေအနေ ကောင်းလာသည်ဟုဆိုသော်လည်း ရွာ၏အနေအထားက သစ်လည်းခုတ်ခွင့် မသာတော့ လယ်ယာကိုင်းကျွန်းကလည်း အဆင်မပြေချေ။မိဘကအဆင်မပြေသည့်အခါ မိထူးကျောင်းတက်ရသည်မှာ ပျော်ရွှင်မှုကင်းလေသည်။

အဆုံးတွင် မိထူးနှင့်စာသင်ကျောင်း ကတ္တီပါလမ်းခွဲခန်း ရောက်သွားလေသည်။ကျောင်းထွက်ရ သည်ဟုဆိုရသော်လည်း မိထူးအဖို့ ထူးအားငယ်ရန်မရှိ။

မိထူးနှင့်အတန်းဖော်ကစားဖော် သူငယ်ချင်းများသည်လည်း မိထူးနှင့် မရှေးမနှောင်း စောသည်နှင့်နောက်ကျသည်သာကွာ၏။ အားလုံးနီးပါး ကျောင်းထွက်ပြီး ပျော်ပျော်ကြီးကောက်စိုက်လိုက်ကြ။ပျော်ပျော်ကြီး ပဲနုတ်လိုက်ကြလေသည်။

အသက် ၈ နှစ်ကျော် ၉ နှစ် ပြည့်ခါနီးကတည်းက ပျိုးနုတ်လိုက် ကောက်စိုက်လိုက်နှင့် အရွယ်ရောက်လာခဲ့ပြီဖြစ်သည့် မိထူးအတွက် မိဘကိုငွေစကြေးစ ပေးနိုင်ရန်ကိစ္စသည်သာ အရေးကြီးဆုံးဖြစ်သည်။ရွာကာလသမီးများထဲ မျက်လုံးမျက်ဖန်ကောင်း   အသားရေညိုစိမ့်စိမ့်နှင့် လုံးကြီးပေါက်လှ မိထူးအလှက ကျွဲလမ်းကူးသာမက အနီးတစ်ဝိုက်ကျေးရွာများအထိ သတင်းကြီးလှသည်။

ယင်းအလှက မိထူးကိုကျားခံတွင်းထဲ သက်ဆင်းဖို့ အကြောင်းဖန်လာခြင်းဟုလည်းဆိုရမည်ဖြစ်သည်။
မှတ်မှတ်ရရပြောမည်ဆိုပါက၂၀၁၈ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်မီ ရက်ပိုင်းခန့်ကဖြစ်သည်။  

တစ်ရွာထဲနေ အသိလင်မယားက ရွာထဲဘောက်လုပ်ပြီး (ကျပန်းအလုပ်) ပြန်လာသည့် မိထူးကို တိုးတိုးတိတ်တိတ်ခေါ်ပြီး သတင်းတစ်ခုပေးသည်။ပြောသည့် သတင်းစကားက မိထူးမျက်လုံးကို အရောင်တောက်ပသွားစေသည်။

ရွာထဲ တစ်ရက်ခါးကျိုးလှပါမှ ရသည့်လုပ်ခကြေးငွေက ကျပ် ၃၀ဝ၀ သာဖြစ်သည်။

ယခုကြားရသည့် သတင်းစကားအရဆိုပါက ရွှေလီမြို့ကြီးတွင် အလုပ်လုပ်ဖို့လူလိုနေသည်။လုပ်မည်ဆိုပါက တစ်လကျပ်သုံးသိန်းရမည်။ မိမိသာ သဘောတူမည်ဆိုပါက အိမ်ကိုလိုက်ပြောပေးမည်ဟုဆိုသည်။

မိထူး အတွေးတွေးများ အလုပ်များချေသည်။ချက်ချင်းပင် စိတ်ကူးအိပ်မက်ထဲ မိထူးတို့မိဘအိမ်ကို ပျဉ်ထောင်သွပ်မိုး အိမ်ကြီးရခိုင်ဆောက်လိုက်မိသည်။ရွှေလီအိပ်မက်မက်ရန် သိပ်မကြာခင် မိခင်နှင့် ဖခင်ကလည်း သဘောတူညီလိုက်သည့်အခါ မိထူး နှင့် အဖော်မိန်းကလေး ၅ ဦးသည် ဧပြီ ၂၅ ရက်နေ့ နံနက်တွင် ကားငယ်လေးတစ်စီးဖြင့် ရွာမှတောင်ငူကို လိုက်ပါခဲ့ကြသည်။

ကားပေါ်တွင်မိထူးနှင့်အသက်ရွယ်တူ အမျိုးသမီးလေးဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပါလာသော်လည်း အကုန်လုံး ကျွဲလမ်းကူးရွာကပင်ဖြစ်သည်။

"ကျွန်မတို့က အရွယ်ရောက်ချိန်ထိ တောင်ငူတောင် မရောက်ဖူးသူတွေဆိုတော့ ပျော်တာပေါ့။ပြီးမှ ငရဲခန်းဝင်ရတာ သိခဲ့ပေမယ့် နောက်ကျသွားတယ်" ဟု မိထူးက တိုးညင်းစွာငိုရှိုက်ရင်း ပြောဆိုသည်။

နောက်တစ်နေ့နံနက် မန္တလေးရောက်ပြီး  သိပ်မကြာခင်မှာပင် သူတို့ကို ဦးဆောင်ခေါ်လာသည့် ကျွဲလမ်းကူးရွာသား ကိုစိုင်း (အမည်လွဲ) က ဘင်ကားငယ်လေးတစ်စီးကို ထပ်မံငှားရမ်းလိုက်သည်။

မည်ရွေ့မည်မျှပေးရသည်ကို သူတို့မသိရ။ဘင်ကားငယ်လေးတွင် ကျပ်ကျပ်တည်းတည်းလိုက်ပါစီးနင်းရင်းဖြင့် မူဆယ်သို့နေ့ချင်းပင် ရောက်ရှိခဲ့ကြသည်။

ထူးခြားသည်က မူဆယ်တည်းခိုခန်းတစ်ခုတွင် တစ်ညတာတည်းခိုနေထိုင်ကြစဉ် မိထူးတို့ မိန်းကလေးများကို အလှပြင်ဆင်ပေးခြင်း၊ အဝတ်အစားသစ်များ ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။        

သို့သော် အသက် ၁၇ နှစ်ပြည့်ပြီးခါစ အတန်းပညာနည်းပါးသူ မိန်းကလေးများအတွက် အကြောင်းရင်းကို တွေးပင်တွေးမိခြင်းမရှိဟုဆိုသည်။

"နောက်တစ်နေ့ တရုတ်ပြည်ထဲသွားရမယ်ဆိုပြီး တစ်ပတ်ဝင်ခွင့်ကတ်ကလေး လုပ်ပေးတယ်။လူခွဲပြီးသွားရမယ်ဆိုပြီး ကျွန်မကို ကားတစ်စင်းနဲ့တရုတ်ပြည်ထဲခေါ်သွားတယ်" ဟု မိထူးက ပြောသည်။

အဆိုပါ ကားလေးနှင့် ငါးနာရီကျော် ခြောက်နာရီခန့် လိုက်ပါစီးနင်းခဲ့ရပြီး တရုတ်ပြည်အတွင်းပိုင်း ရွာတစ်ရွာရောက်ရှိခဲ့ကာ မိသားစုလိုက် ကြိုဆိုနှုတ်ဆက်ခံခဲ့ရသော်လည်း ညကြီးမိုးချုပ်ချိန်ရောက်သည့်အခါမှ တရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ကို သိရှိ ခဲ့ရသည်။

"ပွဲစားကလည်း ပြန်သွားပြီ။တရုတ်အမျိုးသား နဲ့လက်ထပ်ရမယ်ဆိုတာ သိလိုက်ချိန် ရောင်းစားခံရတာသိတယ်"  ဟု မိထူးက ခံစားချက်မရှိသည့် လေသံဖြင့်ပြောဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် သာကန်းရွာနေ လယ်သမားမိသားစုတစ်စု၏ အငယ်ဆုံးသား တရုတ်အမျိုးသားထံရောင်းစားခံလိုက်ရသည့် မြန်မာအမျိုးသမီးတစ်ဦးအတွက် သာမန်ချစ်ကြိုက်ကွဲညား  မြန်မာ့ဗီဒီယိုရုပ်ရှင်ဇာတ် လမ်းကဲ့သို့ပင်ဖြစ်သည်။

အိမ်ထောင်သည် အစ်မနှစ်ယောက်၊ မိခင် ဖခင်အိုနှင့်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် တရုတ်နိုင်ငံသား ချိန်ကျင်းအတွက် မိထူးသည် နတ်သမီးတစ်ပါး ဖြစ်ကောင်းဖြစ်လိမ့်မည်။

ခိုမွေးမြူသည့် တရုတ်နိုင်ငံသားနှင့်ပေါင်းသင်းရသည့် မိထူးအဖို့ ခိုချေးကျုံးလိုက်။ထမင်းဟင်းချက်လိုက်။လယ်ထဲလိုက်နှင့် သာကန်းရွာရောက်ပြီး ၃ လအကြာတွင် သမီးဦးကိုယ်ဝန်ဆောင်လိုက်ရသည်။

မိခင်လောင်းမို့လည်း အလုပ်နှင့်လက်ပြတ်ရသည်မရှိ။ကုန်းရုန်းလုပ်နေရင်းနှင့် ယောင်းမ နှစ်ယောက်သာမက လင်ဖြစ်သူကပါ ရိုက်မောင်းပုတ် မောင်းလုပ်လာသည်။သူ့အတွက် မိဝေးဖဝေး ဆွေမျိုးဝေးချိန် မြန်မာပြည်က ပါလာသည့် ဖုန်းကလေးတစ်လုံးက ညဘက်လူခြေတိတ်ချိန် တရုတ်အမျိုးသား အိပ်ပျော်နေချိန် အဖော်ဖြစ်လာသည်။

ဟောက်သံပေးအိပ်နေသည့် တရုတ်အမျိုးသားလစ်ချိန် တရုတ်လူမှုကွန်ရက်စာမျက်နှာ၌ မြန်မာအသိအကျွမ်းရှာသည်။

တရုတ်ဖုန်းကတ်သုံးပြီး မိဘထံ ဖုန်းဆက်သွယ်ရန် အတန်းပညာနိမ့်သူမိထူးအဖို့ အဆင်မပြေ။သည်လိုနှင့်ပင် အသက် ၁၈ နှစ်ပြည့်ပြီး သိပ်မကြာခင်အချိန်မှာ တရုတ်နိုင်ငံသား အမျိုးသား၏ကိုယ်ဝန်ကို ဟူနန်ပြည်နယ် သာကန်းရွာဆေးခန်းတွင် မွေးဖွားလိုက်ရသည်။

သမီးမိန်းကလေး ဖြူဖြူတုတ်တုတ်လေးဖြစ်သော်လည်း မိထူးအတွက် စိတ်နာဖွယ်အတိမို့ သိပ်မခင်တွယ်လှချင်။

တရုတ်လက်က လွတ်မြောက်ရာလမ်းကိုသာ  အခါမလပ်စောင့်စားနေရင်းနှင့် တစ်ရက်မှာ ကံအခွင့်သင့်ခဲ့သည်။

အညာတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ရင်း  အဆင်ပြေနေသည့်  အမျိုးသားတစ်ဦးနှင့် တရုတ်လူမှုကွန်ရက်တစ်ခုတွင် စကားပြောခွင့်ရခဲ့သည်မှာ လွတ်မြောက်ဖို့အကြောင်းဖန်လာခြင်းလည်းဖြစ်သည်။

ဖြစ်ကြောင်းကုန်စဉ် ပြောဆိုအကူအညီတောင်းလိုက်သည့်အခါ အဆိုပါ အမျိုးသားက ကူညီပေးမည်ဖြစ်သည်ဟု ကတိရလိုက်သည့်အခါ လေထဲတွင် လွတ်မြောက်သွားသည့်စိတ်မျိုးဖြစ်မိသည်ဟု မိထူးကဆိုသည်။

တရုတ်နိုင်ငံကို ရောက်နေခဲ့သည်မှာ ရက်ပေါင်း ၁၅çဝ၀ဝ ခန့်ရှိလာချိန် အိမ်ပြန်ရန်လမ်းစပေါ်ခဲ့ခြင်းလည်းဖြစ်သည်။တရုတ်လူမှု ကွန်ရက်တွင်  စကားပြောရင်းနှင့် အကူအညီပေးသူ အညာသားအစ်ကို၏ ကျေးဇူးကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ ညနေတွင် ရွာထိပ်က ကားနှင့်စောင့်မည်ဖြစ်ကြောင်း ကတိရလိုက်သည်။ကူညီပေးသူကလည်း မြန်မာနိုင်ငံလူ ကုန်တားရဲတပ်ဖွဲ့နှင့် အချိတ်အဆက် ပြုလုပ်ထားပြီဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွာထိပ်သို့ အမှန်တကယ်ထွက်ပြေးလွတ်မြောက်လာခဲ့ချိန်တွင် မိထူးအတွက် ငွေကြေးဗလာနတ္တိ သာမက ခြေထောက်နှစ်ဖက်တွင် ဖိနပ်ပင်ပါမလာခဲ့ချေ။

ရွာထိပ် စောင့်နေသည့်ကားနှင့် ကူညီပေးသူတို့က မိထူးရောက်လာသည်နှင့်တစ်ပြိုင်နက် ကားကို တစ်ဟုန်ထိုးမောင်းထွက်လာလိုက်သည်မှာ ၇ နာရီခန့်အကြာတွင် လူကုန်တားရဲတပ်ဖွဲ့က ချိတ်ဆက်ထားသည့် လုံခြုံရာနေရာသို့ ရောက်လာခဲ့ပြီဖြစ်သည်။

လူကုန်တားရဲတပ်ဖွဲ့နှင့် မြန်မာကောင်စစ်ဝန် ရုံးအကူအညီဖြင့် ဟူနန်ပြည်နယ် သာကန်းရွာမှ ထွက်ပြေးလာပြီး တစ်ပတ်ခန့်အကြာတွင် မိထူးတစ်ယောက် နေထိုင်ရာကျေးရွာကို ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မြန်မာမိန်းကလေး မိထူးအဖို့ ဒဏ်ရာအနာတရ ကြီးလှသည်။ပျိုမျစ်နုနယ်လှသည့် အပျိုစင်ဘဝ ဆုံးရှုံးခဲ့ပြီဖြစ်သည်။

တရုတ်ပြည်တွင်ကျန်ခဲ့သည့် ချိန်ချီးယန် (သမီးငယ်) ကိုလည်း သတိမရတော့။စိတ်ထဲက မေ့ဖျောက်လိုက်ပြီဖြစ်သည်။

သို့သော် လက်ရှိတရုတ်အမျိုးသားထံ ရောင်းစားလိုက်သည့် ဇနီးမောင်နှံက တောင်ငူထောင်ထဲတွင် တရားရင်ဆိုင်နေရပြီဟုဆိုကြသည်။

မိထူး မကျေနပ်နိုင်အားချေ။

ကျွန်မအတွက် တစ်လသုံးသိန်းနဲ့လပေါင်း ၂၀ စာ နစ်နာကြေး ကျပ်သိန်းခြောက်ဆယ်လိုချင်တယ်။နောင်အမျိုးကောင်းသမီးတွေကို ခုလိုလုပ်ရပ်မျိုး မလုပ်နိုင်ဖို့ထိရောက်တဲ့ပြစ်ဒဏ်လည်း ချမှတ်စေချင်တယ်ဟု မိထူးကဆိုသည်။

မိထူးတစ်ယောက်  လွတ်မြောက်လာခဲ့သည်တိုင်သော်လည်း တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒအကျိုးဆက်ကြောင့် သတို့သမီးရှားပါးမှု အလွန် မြင့်တက်နေသော တရုတ်အမျိုးသားများအတွက် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ  မိန်းကလေးငယ်များမှာ တစ္ဆေခြောက်နေဦးမည်ဖြစ်သည်။  

ဇေယျာကို